နတ်ကော်ဖီ မြန်မာပြည်ထဲ ပြန်လှုပ်ရှားမည်

Monday, October 8, 2012



  ~



 
(ဓာတ်ပုံ - လောအယ်စိုး)
 နတ်ကော်ဖီ လို့ တချို့က ခေါ်ကြတဲ့ နက်စ်ကော်ဖီရဲ့ ကုမ္ပဏီက မြန်မာပြည်ဈေးကွက်ထဲ အကြီးအကျယ်လှုပ်ရှားဖို့ တိတ်တဆိတ်ပြင်ဆင်နေပါတယ် တဲ့။
အဲဒီအကြောင်း Financial Times သတင်းစာရဲ့ ဘလော့မှာ သောကြာနေ့ရက်စွဲနဲ့ ရေးထားပါတယ်။

ကုမ္ပဏီအမည်က  Nestlé ပါ။

Nestlé က မြန်မာ့ဈေးကွက်မှာ ဟိုးရှေးရှေးတုန်းကတည်းက ရောက်ခဲ့ပြီးသားပါ။  ၁၉၈၈ အာဏာသိမ်းမှုနောက်ပိုင်း စီးပွားရေးပိတ်ဆို့မှုတွေဖြစ်လာတော့ Nestlé ရဲ့ လှုပ်ရှားမှု မြန်မာပြည်မှာ ငြိမ်သွားတာပါ။

ဘာကြောင့်ငြိမ်သွားရတယ် ဆိုတာကို Nestlé  က မပြောပါဘူး၊ Nestlé ရဲ့ မြန်မာပြည်တွင်း လှုပ်ရှားမှုကို ကန့်ကွက်ကြမယ့် အမေရိကန်နဲ့ဥရောပက စားသုံးသူတွေ၊ ပြီးတော့ အမေရိကန်အစိုးရတို့ရဲ့ အာရုံစိုက်တာကို မခံရအောင် ငြိမ်နေခဲ့တာ ဖြစ်မယ်လို့
Financial Times ဘလော့က ဆိုပါတယ်။

နက်စ်ကော်ဖီက မြန်မာပြည်မှာ သိပ်ပြီး မတက်ကြွတော့ ဈေးကွက်ကို အပိုင်စီးသွားကြတာက စူပါကော်ဖီမစ် နဲ့ ဂိုးရို့စ်တို့လို ပြိုင်ဘက်တွေ ဖြစ်ပါတယ် တဲ့။

သို့သော်လည်း အခု ခတ်ကွင်းပြင်နေတဲ့ နက်စ်ကော်ဖီအတွက် ရေရှည်မှာ တခြား အခွင့်အလမ်းများလည်း မြန်မာပြည်မှာ ရှိနေပါတယ်။ အဲဒါကတော့  မြန်မာပြည်ရာသီဥတုက ကော်ဖီစိုက်ဖို့ အင်မတန်ကောင်းတာကြောင့်ပါ လို့ ဆိုတယ်။ လုပ်အားခလည်း ပေါပါတယ် တဲ့။

စာရေးဆရာနေ၀င်းမြင့်ရဲ့ ၀တ္ထုတိုတပုဒ်ရဲ့ ခေါင်းစဉ်ကလည်း နက်စ်ကော်ဖီပါပဲ။

စာပေစိစစ်ရေး ရမ်းကားတဲ့ခေတ်မှာ ထွက်ပေါ်လာတဲ့ အဲဒီဝတ္ထုထဲမှာ   ဒီမိုကရေစီ ခဏလေးရလိုက်တာကို နက်စ်ကော်ဖီ သောက်လိုက်ရသလိုမျိုး ရေးသားထား(တယ်လို့ ယူဆရ)ပါတယ်။

ဝတ္ထုထဲမှာ ဇီးချဉ်ကုန်းရွာသား  ချန်ထွန်းအောင်က နက်စ်ကော်ဖီ ဘယ်လောက်ကြိုက်သွားသလဲ ဆိုရင် သူသေတာတောင် နက်စ်ကော်ဖီ ပုလင်းကို မလွတ်တမ်း ဆုပ်ကိုင်သွားတယ်လို့ ဆိုတယ်။ ဒါက စာရေးဆရာရဲ့ ဖန်တီးချက်ပါ။ ချန်ထွန်းအောင်က ခပ်ညံ့ညံ့ကော်ဖီနဲ့ နှစ်ပေါင်းများစွာ နှစ်ပါးသွားခဲ့သူပါ တဲ့။


အခု မြန်မာပြည်ဒီမိုကရေစီအသွင်ကူးပြောင်းကာလ ရောက်လာချိန်မှာ နတ်ကော်ဖီ ခေါ် နက်စ်ကော်ဖီလည်း အလုံးအရင်းနဲ့ ပြန်ရောက်လာတော့မှာပါ။ သူ အကြီးအကျယ်လှုပ်ရှားဖို့ ရောက်လာမယ် ဆိုတဲ့အချိန်မှာ ဇီးချဉ်ကုန်းမှာရော တခြားဒေသတွေမှာပါ ကော်ဖီတို့ ဘာတို့က တံဆိပ်မျိုးစုံနဲ့ ရှိနေပါပြီ။

နှစ်အတန်ကြာ အချိန်ယူပြီး အောင်မြင်အလုပ်ဖြစ်နေကြတဲ့ ကုမ္ပဏီများ ရှိသလို နာမည်ကြီးပြီးသားတံဆိပ်နဲ့ ခင်ဆင်ဆင်တူအောင် လုပ်နေတဲ့ ကုမ္ပဏီတချို့လည်း ရှိပါတယ်။

ဆွစ်ဇာလန်အခြေစိုက် Nestlé အတွက်တော့ မြန်မာဈေးကွက် ပြန်ထိုးဖောက်ဖို့ ဆိုရင် လူငယ်များအတွက် ပိုပြီး စဉ်းစားရဖွယ် ရှိပါတယ်။ လူကြီးများအတွက်တော့ ဒီတံဆိပ်က သိပ်မစိမ်းဘူးမဟုတ်လား။


 Nestlé ရဲ့ ထိုင်းဌာနခွဲအွန်လိုင်းမှာတော့ သူတို့ ထုတ်ကုန်တွေ တရာဝန်းကျင်တောင် ရှိနိုင်တာ တွေ့ရပါတယ်။

ကော်ဖီ၊ လက်ဘက်ရည်၊ ချောကလက်၊ ရေခဲမုန့်တို့ကအစ   ကလေးစာ၊ ခွေးစာ၊ ကြောင်စာအဆုံးပေါ့။ အဲဒီထဲမှာ ရေခဲမုန့် ရေခဲချောင်းကို ၄ မျိုး  ပြထားပါတယ်။


ဆက်စပ် - နေ၀င်းမြင့်ရဲ့ နက်စ်ကော်ဖီ




 











-  

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved