~
မစပ်စု ~
မြန်မာနိုင်ငံကြီးရဲ့ ပညာရေးအဆင့်အတန်း မြှင့်လာသလား မမြှင့်လာသလားတော့မသိဘူး၊ လက်ရှိ အထက်တန်းပညာရေးကိုတော့ နိုင်ငံတကာ အဆင့်အတန်းမီဖို့
လာမယ့် ၂၀၁၄-၂၀၁၅ ခုနှစ်မှာ စတင်ပြီး ၁၂ တန်း အထိ တိုးချဲ့တော့မယ်လို့ ပညာရေး ဒုဝန်ကြီး ဦးအေးကြူကတော့ ပြောလိုက်ပါပြီ။
ဒီသတင်း ဖေ့ဘုတ်မှာ ပါလာလေတော့ ထုံးစံအတိုင်း ဖေ့ဘုတ် ပရိသတ်များရဲ့ အတွေး အမြင်တွေ ထင်မြင်သုံးသပ်ချက်တွေက ပလူတွေ ပျံနေတော့တာပါ။
နည်းလမ်းမကျတဲ့ အောက်ခြေပညာရေးစနစ်ကို မပြောင်းလဲခင် ဒီလို နိုင်ငံတကာတန်းဝင်အောင် လုပ်တာတော့ ဟုတ်ပါရဲ့၊ မြို့ကြီး ပြကြီးမှာတောင် ကျောင်းနေကလေးအရွယ် တနှစ်တတန်း ကျောင်းမှန်မှန်တက်နိုင်ဖို့ ရုန်းကန်နေရတဲ့ မိသားစုတွေအတွက် ပညာသင်နှစ် တနှစ် ထပ်တိုးပြီး ကျောင်းလခအတွက် တနှစ်ပိုရှာရတောမယ့် ကိန်းဆိုက်လာပြီပေါ့။
ပညာရေး စနစ် ပြောင်းလဲရေးနဲ့ ပတ်သက်ပြီး ပညာရေးဆိုင်ရာပါရဂူဘွဲ့ရ ဒေါက်တာသိန်းလွင်က ဘယ်လို ယူဆပါသလဲ။
“ပညာရေး ပြုပြင်ပြောင်းလဲတယ် ဆိုရင် အခြေခံက စပြောင်းဖို့ လိုတယ်။ အချက်အလက်ကလေး ပြောင်းရုံနဲ့ ပညာရေး ပြောင်းတယ်လို့ မပြောနိုင်ဘူး။ ၁၁ တန်းကနေ ၁၂ တန်းပြောင်းတယ် ဆိုတာ ကျောင်းရဲ့ ဖွဲ့စည်းပုံ စနစ်ပြောင်းတာလေ။ ဒါ မတိုင်ခင်မှာကို ပညာရေးစနစ် ပြောင်းဖို့လိုတယ်” လို့ ထိုင်းနိုင်ငံ ချင်းမိုင်မြို့ Thinking Classroom Foundation ရဲ့ တာဝန်ခံ ဒေါက်တာသိန်းလွင်က ဧရာဝတီကို ပြောပါတယ်။
“အခု ကျနော်တို့နိုင်ငံရဲ့ ပညာရေးစနစ်က နဂို စစ်အစိုးရ အုပ်ချုပ်ရေး အောက်မှာလုပ်ထားတဲ့ ဗဟိုချုပ်ကိုင်တဲ့ ပညာရေးဖြစ်နေတယ်။ ဒီလို ဗဟိုချုပ်ကိုင်ထားတဲ့ ပညာရေးအောက်မှာ ပြင်တာတော့ မသင့်တော်ဘူး။ အဲ့တော့ ဗဟိုချုပ်ကိုင်မှုကို လျှော့ချလိုက်ပြီးတော့ ကျောင်းတွေ တက္ကသိုလ်တွေက စီမံခန့်ခွဲခွင့်ရှိတဲ့ ပညာရေးမျိုးဖြစ်ဖို့ လိုတယ်” လို့ သူက ဆိုပါတယ်။
အခြေခံစနစ်လို့ ဆိုရာမှာလည်း လူတယောက်ဟာ ကျောင်းစနေတဲ့အရွယ် ၅ နှစ်ကနေ အသက် ၁၈ နှစ်အထိ သင်ရမယ့် အခြေခံပညာရေးဟာ အစိုးရတရပ်တည်းက ပြဋ္ဌာန်းထားတဲ့ ပညာရေးမျိုး မဖြစ်သင့်ဘဲ အားလုံးပါဝင်တဲ့ ပညာရေးမျိုးဖြစ်သင့်တယ်လို့ ဆက်ပြောပါတယ်။
“ပညာရေးက သက်ဆိုင်ရာ ယဉ်ကျေးမှုတွေ ဒေသဆိုင်ရာ တန်ဖိုးတွေ၊ ကိုးကွယ်ယုံကြည်မှုတွေပါတယ်။ အဲ့ဒီအတွက် အားလုံးနဲ့သက်ဆိုင်တဲ့ ပညာရေးဖြစ်ဖို့ လိုတယ်။ အုပ်ချုပ်တဲ့ အစိုးရကပဲ သူ့သဘောနဲ့သူ လုပ်ထားတဲ့ ပညာရေးကို ဟိုနားပြောင်း ဒီနားပြောင်းဆိုရင် ကျနော်တို့ ပညာရေးက မအောင်မြင်ဘူး။ အဲ့ဒီတော့ အားလုံးပါဝင်တဲ့ ပညာရေးကို ပြောင်းဖို့ လိုတယ်။ အားလုံးနဲ့သက်ဆိုင်တဲ့ ပညာရေး ဖြစ်ဖို့လိုတယ်။ တိုင်းရင်းသားတွေကော ယဉ်ကျေးမှုအဖွဲ့တွေကော ပညာရေး တန်ဖိုးထားမှု အမျိုးမျိုး ရှိတဲ့သူတွေကော စီးပွားရေး ပညာရှင်တွေကော အားလုံးပါဝင်တဲ့ ပြုပြင်ပြောင်းလဲမှုလုပ်ဖို့ လိုတယ်” လို့ ဆိုပါတယ်။
ဒီလို ပြောင်းလဲသင့်တဲ့ အရာတွေထဲမှာ အခြေခံပညာရေးစနစ်တွေလည်း ပါဝင်သလို ကျောင်းဆရာ၊ ဆရာမများရဲ့ သင်ကြားပြသပေးမှု၊ ကိုယ်ပိုင်အရည်အချင်း စသည်တို့လည်း အများကြီး ပြုပြင်ပြောင်းလဲဖို့ လိုတယ်လို့ မစပ်စုမြင်မိပါတယ်။
စစ်အစိုးရလက်ထက် အစစအရာ ချွတ်ခြုံကျ ပျက်ယွင်းလာခဲ့တဲ့ ပညာရေးရေစီးကြောင်းနဲ့အတူ မျောပါလာခဲ့ပြီး လက်ရှိမှာ ဆရာ၊ ဆရာမတွေအဖြစ် တာဝန် ထမ်းဆောင်လာတဲ့အခါမှာ မပြည့်ဝတဲ့ ၀မ်းစာတွေနဲ့ မျိုးဆက်သစ် လူငယ်တွေအပေါ် ပြန်လည် လက်ဆင့်ကမ်းတဲ့နေရာမှာ လိုအပ်ချက်တွေနဲ့အတူ ရတဲ့လစာနဲ့ မလောက်ငတဲ့ ၀မ်းရေးအတွက် အရင်ကလို တပည့်တွေအပေါ် ဆရာတွေ ထားအပ်တဲ့ ၀ါသနာ၊ စေတနာ၊ အနစ်နာဆိုတဲ့အရာတွေလည်း ကြက်ပျောက်ငှက်ပျောက် ပျောက်ကုန်တာပါ။
ဝန်ထမ်းလစာနဲ့ မလောက်ငတော့ အပြင်ဝင်ငွေရဖို့အတွက် ကျုရှင်သင်ကြရတယ်။ ကိုယ့်ကျုရှင်မှာ မတက်တဲ့ ကျောင်းသားတွေအပေါ် ပညာရှိနည်းနဲ့ ပညာပြလေတော့ က၊ ခ သင်ရတဲ့ သူငယ်တန်းကျောင်းသားက အစ ဆယ်တန်းကျောင်းသားအထိ ကျုရှင်နဲ့ မလွတ်ရတော့ပါဘူး။ ဒါက တတ်နိုင်တဲ့ ကျောင်းသားအတွက်အဆင်ပြေပေမယ့် ကျောင်းတောင် အနိုင်နိုင် ထားနေရတဲ့ မိသားစုက ပေါက်ဖွားလာတဲ့ ကျောင်းသားကလေးတွေအတွက်တော့ ပညာရေးကို ဆုံးခန်းတိုင်အောင် သင်နိုင်ဖို့ မလွယ်ကူတဲ့ အခြေအနေပါ။
“မြန်မာစာနဲ့ကျောင်းပြီးတဲ့သူက ကျုရှင်သင်ချင်တော့ ကျောင်းအုပ်တွေ ပညာရေးဌာနမှူးတွေကိုကပ်ပြီး အင်္ဂလိပ်ဘာသာကို ယူထားတယ်။ ကလေးတွေကို ပြန်သင်တဲ့အခါ အသံထွက်တွေမှား စာလုံးပေါင်းတွေမှားတာတောင် မသိတော့ အိမ်က မိဘတွေက ပြန်သင်ပေးရပါတယ်” လို့ ရန်ကင်းမြို့နယ်က နှစ်တန်းကျောင်းသားတယောက်ရဲ့ မိခင်ဒေါ်သူဇာက ဧရာဝတီကို ပြောပါတယ်။
ဒါဟာလည်း ၀န်ထမ်းပိုင်းတွေရဲ့ အခြေခံလစာကြောင့် ဖြစ်လာတဲ့ ပြဿနာလို့ ဆိုရမှာပါ။
“ဖြစ်ချင်သလိုဖြစ်နေတဲ့ ပညာရေးမှာ ဟိုနားနည်းနည်း ဒီနားနည်းနည်း လျှောက်ပြင်လို့ မရဘူး၊ တစုံလုံးပြင်မှ ရမယ်။ ဒီမိုကရေစီ နည်းကျတဲ့ ပညာရေးကို အရင်ပြောင်း၊ နောက်တဆင့်အနေနဲ့ ဆရာတွေကို လုံလောက်တဲ့ သင်တန်းတွေ ပေးရမယ်။ လုံလောက်တဲ့ လစာပေးဖို့ လိုမယ်။ အခုက လုံလောက်တဲ့ လစာလည်းမပေးဘူး။ စနစ်က စာမေးပွဲစနစ်ဖြစ်နေတယ်။ ဒါကြောင့် ဆရာတွေက ကျူရှင်ပြနေရတယ်၊ ဒါကို ကျနော်တို့ အပြစ်တင်လို့မရဘူး။ အပြစ်တင်ရမှာက စနစ်ပဲ။ စနစ်ကို စပြောင်းပြီးတော့မှ ကျန်တဲ့အသေးစိတ်ကို နောက်မှ လိုက်ပြောင်းဖို့ လိုတယ်” လို့ ဒေါက်တာသိန်းလွင်က သုံးသပ်ပါတယ်။
ကဲ ... မစပ်စုတို့ တိုင်းပြည်ကြီးလည်း အစစအရာရာ ပြောင်းလဲဖို့ အားသွန်ခွန်စိုက် လုပ်ဆောင်နေပြီဆိုတော့ တိုင်းပြည်ရဲ့ အဓိက အနာဂတ်ဖြစ်တဲ့ ပညာရေးစနစ်ကြီးဟာလည်း ဒီအပြောင်းအလဲထဲ နည်းလမ်း မှန်ကန်စွာ ပါကောင်းပါနိုင်ပါရဲ့ ဆိုတာ သမ္မတနဲ့တကွ သက်ဆိုင်ရာ လူကြီးမင်းများ သိအောင် ပြောလိုက်ချင်ပါတော့တယ်..။
(ဓာတ်ပုံ - လောအယ်စိုး)
-
တစ်လတစ်ခါဖြေပြီးသောသင်ခန်းစာများအား နောက်လဖြေသောစာမေးပွဲတွင်ထပ်မံမမေးတော့သောကြောင့် ကလေးများမှာ တစ်နှစ်လုံးမှတ်ယူတတ်သောအကျင့် မရှိတော့ပါ။ ဆရာဆရာမများမှာ မေးခွန်းအတိအကျ မဟုတ်သော်လည်း ဘယ်အခန်းကဘယ်အခန်းထိ ကျက်ထားဆိုတဲ့ ကြိုတင် Hint များကြောင့် ကလေးများငယ်စဉ်ကတည်းက မေးခွန်းမျှော်တတ်သောအကျင့်စွဲနေကြသည်။ နှစ်စဉ် ဆုရကျောင်းသားများ တကယ်တော် မတော် တတ် မတတ်ကို ၁၀တန်းဖြေသောအခါမှ သိနိုင်ကြတော့သည်။