အင်းတကော် က ဗိုလ်ချုပ်အောင်ဆန်း ပညာဒါန စာဖတ်ခန်း

Thursday, October 25, 2012

အင်းတကော် က ဗိုလ်ချုပ်အောင်ဆန်း ပညာဒါန စာဖတ်ခန်း က ကျောင်းသူ၊ ကျောင်းသားတွေနဲ့ ဆရာ၊ ဆရာမတွေ တွေ့ရစဉ် -  ဓါတ်ပုံ - ကျော်ခ / ဧရာဝတီ

~ ကျော်ခ ~

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ၏ ယခုလက်ရှိ ဥက္ကဋ္ဌ ဖြစ်သူ ဒေါ်အောင်ဆန်းစုကြည် နောက်ဆုံး အကြိမ် နေအိမ် အကျယ်ချုပ်က လွတ်မြောက်လာပြီးတဲ့နောက် အဖွဲ့ချုပ်လူငယ်တွေက သူတို့ရဲ့ နေရပ် 
ဒေသတွေ မှာ တတ်နိုင်သလောက် ပညာရေး၊ လူမှုရေး၊ စီးပွားရေး ကဏ္ဍတွေနဲ့ လူထုအခြေပြု လုပ်ငန်း 
လေးတွေ အစပျိုးနေကြတာတွေ့ရမှာပါ။

ဒီလိုလုပ်ဆောင်ကြတဲ့အခါမှာ ပညာဒါနကျောင်းတွေ၊ စာကြည့်တိုက်တွေ အခမဲ့ အနေနဲ့ အဓိက အများဆုံး လုပ်ဆောင် လာကြတာကို တွေ့ရှိရပါတယ်။ ဒီလိုလုပ်ဆောင်မှုတွေကို အစိုးရအာဏာပိုင်အချို့နဲ့ ပြိုင်ဘက် ပါတီကြီးအချို့ရဲ့ နှောက်ယှက် မှုတွေနဲ့ ကြုံနေရတဲ့ကြားကနေ ထိုးထွက်နိုင်အောင် ကျိုးစားနေကြတာ ကိုလည်း တွေ့ရပါတယ်။ 

ဒီအထဲမှာ ရန်ကုန်ကနေ ပဲခူးအသွား အင်းတကော် ကားလမ်းကြီးဘေးမှာ ဖွင့်ထားတဲ့ “ဗိုလ်ချုပ်အောင်ဆန်း ပညာဒါန စာဖတ်ခန်း” ဆိုတဲ့ အခမဲ့ကျောင်းလေးလည်းပါဝင်ပါတယ်။ 

 ဒီကျောင်းလေးမှာလာတက်နေတဲ့ မြို့ခံကျောင်းသူတွေ ကျောင်းအဆင်း ဓါတ်ပုံ - ကျော်ခ/ ဧရာဝတီ

NLD နာယကကြီး ဦးတင်ဦး ကိုယ်တိုင် သွားရောက်ဖွင့်လှစ်ပေးခဲ့တဲ့ အဲဒီကျောင်းလေးမှာ အင်္ဂလိပ်စာ အပါအဝင် အခြား အတွေးအခေါ် ပိုင်းဆိုင်ရာမြင့်မားရေးအတွက် သင်ကြားပေးမှုတွေရှိပြီး စုစုပေါင်း ကျောင်းသူ၊ ကျောင်းသား ၇၀ ကျော် တက်ရောက်သင်ယူနေပါတယ်။ 

ဒီကျောင်းကလေးကို အခြေခံနဲ့ အလယ်အလတ်တန်း မိသားစုဝင်တွေက ကလေးတွေ လာတက်နေကြ ပြီးတော့ သူတို့ကျောင်း ဆင်းချိန်၊ အလုပ်နားချိန်တွေမှာလည်း အခမဲ့ အလွယ်တကူ ဖတ်နိုင်ရေး အတွက် ကျောင်းနဲ့ တဆက်တည်းရှိတဲ့ စာဖတ်ခန်း ထဲမှာ ကြိုက်နှစ်သက်ရာ စာအုပ်တွေ ကို လေ့လာ ဖတ်ရှုနိုင်ပါတယ်။ 

စာအုပ်တွေထဲမှာတော့ နိုင်ငံရေး၊ စီးပွားရေး အပါအဝင် ရသစုံ စာအုပ်မျိုးစုံကိုတွေ့ ထားရှိထားပြီး ဒီစာဖတ်ခန်းလေးရဲ့ အဓိက စာဖတ်ပရိတ်သတ်တွေဟာလည်း ဒီကျောင်းလေးက ကျောင်းသားတွေ ဖြစ် လာပြီး အနီးအနားက ဒီမြို့သူ/မြို့သားတွေလည်း လာရောက်ဖတ်ရှုကြတာတွေလည်းရှိပါတယ်။

ဒီကျောင်းလေးကို တည်ထောင်ခဲ့သူ ကိုဝင်းမော် က “အဓိကကတော့ လူငယ်တွေအတွက် အသိပညာ၊ အတတ်ပညာနဲ့ အတွေးအခေါ်ပိုင်း ဆိုင်ရာတွေကို မြှင့်တင်ဖို့ပဲ” လို့ သူ့မျှော်လင့်ချက်ကို ပြောပါတယ်။

တဖြည်းဖြည်း တိုးတက်လာတဲ့ ဒီကျောင်းလေးကို နောက်ပိုင်းမှာ ကွန်ပြူတာ သင်တန်းတွေပေးဖို့ အတွက်ထိ ရည်ရွယ်ထား တယ်လို့ သူကဆိုပါတယ်။ ပညာသင်ချင်ပေမယ့် အခြေအနေ မပေးနိုင်သေး တဲ့ ကျောင်းသား၊ ကျောင်းသူတွေအတွက်တော့ “ဗိုလ်ချုပ်အောင်ဆန်း ပညာဒါန စာဖတ်ခန်း” လေးက အထောက်အကူ ဖြစ်လို့နေပါတယ်။ 

အခုအချိန်မှာ ဒီလိုကျောင်းမျိုး၊ စာဖတ်ခန်းမျိုးတွေဟာ နိုင်ငံအဝှန်းမှာ NLD လူငယ်တွေက ကျိုးစား အားယူပြီး ဖွင့်နေကြတာကို တွေ့မြင်နေကြရပါတယ်။ 

ဒီလိုကျောင်းတွေဖွင့်လှစ်လာနိုင်တာကြောင့် ငွေကြေးကြပ်တည်းမှုနဲ့ရင်ဆိုင်နေရတဲ့ ကျောင်းသူ၊ ကျောင်းသားအချို့အတွက်တော့ အဆင်ပြေလာနိုင်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်က လွတ်တော်တွင်း၊ လွှတ်တော်ပြင်ပနဲ့ နိုင်ငံတကာ ခရီးစဉ်တွေမှာလည်း အနာဂတ် မြန်မာနိုင်ငံရေး အတွက် လူငယ်တွေကို အားကိုးကြောင်း၊ ပညာရေး စနစ်မြှင့်တင်ဖို့လိုအပ်ကြောင်း၊ လူငယ်တွေအနေနဲ့လည်း ကြိုးစားဖို့ လိုအပ်တဲ့ အကြောင်း ထပ်တလဲလဲ သတိပေးပြောဆိုတာတွေကို တွေ့မြင်ရမှာပါ။ 

ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်ကလည်း သူလွတ်လာပြီး တစ်လ အကြာမှာပဲ နယ်ပယ် အသီးသီးမှာ ရှိတဲ့ လူငယ် ၃၀၀ ကျော်ကို ခေါ်ယူတွေ့ဆုံခဲ့ပြီး အဲဒီအထဲက လူငယ် ၅၂ ဦးက သူတို့ တွေ့ကြုံနေရတဲ့ ပညာရေး၊ စီးပွားရေး၊ နိုင်ငံရေး၊ လူမှုရေးနဲ့ ဘာသာရေး အခက်အခဲတွေကို တင်ပြဆွေးနွေးခဲ့ကြပြီးတဲ့ 
နောက်ပိုင်းမှာ ဒီလိုကျောင်းလေးတွေပေါ်ပေါက်လာခဲ့တာဖြစ်ပါတယ်။ 

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved