ကျပ်နဲ့ဘတ် တရားဝင် မလဲလှယ်နိုင်တော့ ဘာဖြစ်သလဲ

Monday, October 29, 2012

-  





ပြည်တော်မြင့် ~


မြ၀တီမြို့ ကမ္ဘောဇဘဏ်ခွဲ (ဓာတ်ပုံများ - ပြည်တော်မြင့်/ဧရာဝတီ)
ဘဏ်များတွင် ထိုင်းဘတ် နှင့် မြန်မာကျပ်ငွေကို တရားဝင် လဲလှယ်နိုင်ခြင်း မရှိသည့်အတွက် ကုန်သွယ်မှုတွင် မြန်မာကုန်သည်တို့ နစ်နာကြသည်ဟု မြန်မာနိုင်ငံ၏ဒုတိယအကြီးဆုံး နယ်စပ်ကုန်သွယ်ရေးဇုန်ဖြစ်သည့် မြ၀တီဇုန်ရှိ ကုန်သည်တို့က ပြောသည်။

ထိုသို့ နစ်နာကြသည်မှာ ဆယ်စုနှစ် ၂ ခု ကျော်လာပြီဟု ဆိုသည်။

ထိုင်းစားသောက်ကုန် တင်သွင်းသည့် မြန်မာကုန်သည် ဦးအေးမောင်က “ရန်ကုန်က လာရင် ငွေတွေကို ပီနံအိတ်နဲ့ ထည့်ပြီး ယူလာရတယ်” ဟု ဧရာဝတီကို ပြောသည်။

မြ၀တီမြို့တွင် ဘဏ် ၅ ခု ရှိသော်လည်း ငွေပမဏအများအပြား ထုတ်ယူနိုင်ခြင်းမရှိဟု သူက ဆိုသည်။

“မြ၀တီက ဘဏ်တွေကို ငွေလွဲဘို့၊ ငွေထုတ်ဘို့ကလည်း အခက်အခဲတွေ အများကြီး ရှိတယ်” ဟု  ဦးအေးမောင်က ပြောသည်။

“ထိုင်းဘက်ကတော့ သူ့ငွေတန်ဘိုးကို ထိန်းချုပ်နိုင်တဲ့အတွက် မြန်မာနဲ့ ကုန်သွယ်ရာမှာ သူတို့ဘက်က အမြဲကို အသာရနေတာဖြစ်တယ်” ဟု သူက ဆက်ပြောသည်။

မြန်မာကုန်သည်တယောက်ဖြစ်သည့် ဦးဟာမစ်ကလည်း ယင်းကဲ့သို့ သုံးသပ်သည်။

 “မဲဆောက်-မြ၀တီလမ်းကြောကနေ ထိုင်းနဲ့မြန်မာ နယ်စပ်ကုန်သွယ်ရေးမှာ မြန်မာနဲ့ထိုင်းငွေလဲလှယ်ရာမှာ မြန်မာဘဏ်တွေဘက်က မြန်မာငွေတန်ဘိုးကိုတရားဝင် သတ်မှတ်ပေးထား တာမရှိတဲ့အတွက် မြန်မာကုန်သည်တွေ ဆုံးရှုံးနစ်နာနေကြရတာဖြစ်တယ်” ဟု ဧရာဝတီသတင်းဌာနကို ပြောသည်။

ပြောင်းပြန်ဖြစ်သွားတဲ့ ဘတ် နဲ့ ကျပ်


၁၉၇၅ ခုနှစ် ကာလများက နယ်စပ် ကုန်သွယ်ရေးတွင် မြန်မာငွေတန်ဘိုးမှာ ကျပ် ၁၀၀ လျှင် ထိုင်းငွေ ဘတ် ၃၀၀ ထိ ဈေးပေါက်ခဲ့သော်လည်း လက်ရှိတွင် ကျပ် ၁၀၀ လျှင်  ဘတ် ၃.၇၀ သာ ရှိသည်ဟု ထိုင်းကုန်သည်ကြီးများအသင်းဝင် နိုင်ဆူချိုင်းက ပြောသည်။

၁၉၈၈ မတိုင်ခင်တွင် ထိုင်းဘတ်ငွေနှင့်  မြန်မာငွေကြေးသည် ဆတူနီးပါးခန့် တန်ဘိုးရှိခဲ့သည်။

၁၉၈၈ ခုနှစ် နောက်ပိုင်းမှ စတင်ကာ မြန်မာငွေတန်ဘိုး သိသိသာသာ ကျဆင်းလာရာ လက်ရှိတွင် နိုင်ဆူချိုင်း ပြောသကဲ့သို့ ကျပ် ၁,၀၀၀ ကို  ၃၇ ဘတ် ၀န်းကျင်သာ ရှိတော့သည်။

ကုန်သွယ်ဘက်ကို ယှဉ်နိုင်ရန် မြန်မာဘဏ်များဘက်က မြန်မာငွေကြေးကို တရားဝင်တန်ဘိုး သတ်မှတ်ပေးသင့်ကြောင်း  ဦးဟာမစ်က ပြောကြားသည်။

မြ၀တီမြို့ရှိ ဘဏ်များ

မြန်မာ့စီးပွားရေးဘဏ်
မွေးမြူရေးနှင့်ရေလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးဘဏ်
ကမ္ဘောဇဘဏ်
ဧရာဝတီဘဏ်
စက်မှုလက်မှုဖွံ့ဖြိုးရေးဘဏ်

ငွေလဲစင်တာ ပေါ်ပေါက်ရေး ဈေးကွက်က တောင်းဆို

ယခုလ ၁၈ ရက်နေ့က မြ၀တီမြို့တွင် ဖွင့်လှစ်ခဲ့သည့် ပုဂ္ဂလိကဘဏ်ခွဲတခု ဖြစ်သည့် စက်မှုလက်မှုဖွံ့ဖြိုးရေးဘဏ်သည် မြန်မာကျပ်ငွေနှင့် ထိုင်းဘတ်ငွေ လဲလှယ်ပေးမည့် ငွေလဲစင်တာ ထားရှိကာ ၀န်ဆောင်မှုပေးမည်ဟု  သတင်းထွက်ပေါ်ခဲ့သော်လည်း ယနေ့တိုင် ငွေလဲလုပ်ငန်း စတင်ခြင်း မရှိသေးကြောင်း၊ ထို့ကြောင့် ပြင်ပ တရားမ၀င်ငွေလွဲ လုပ်ငန်းများကိုသာ ဆက်လက် အားထားနေရသည်ဟု မြန်မာကုန်သည်များက ပြောသည်။

မြ၀တီချစ်ကြည်ရေးတံတားအနီးရှိ တရားမ၀င် ငွေလဲခုံများအပါအ၀င်တမြို့လုံးတွင် ငွေလဲဆိုင် ၁၀၀ နီးပါးခန့် ရှိပြီး တရက်တာ လည်ပတ်ငွေမှာ ကျပ်သိန်း ထောင်ချီ ရှိသည်ဟု ငွေလဲလုပ်ငန်း လုပ်ကိုင်နေသည့် ကိုမွန်ကြီးက ပြောသည်။

၎င်းက “မြ၀တီကမြန်မာဘဏ်တွေမှာ ငွေလဲစင်တာ အိတ်ချိန်းတွေ ဖွင့်မယ်လို့တော့ ခဏခဏပြောနေတာဘဲ တခါမှတော့ မဖြစ်သေးဘူး။ လက်ရှိမှာတော့ မြန်မာကုန်သည်တွေ မြ၀တီကိုလာရင် အရပ်သား ငွေလွဲလုပ်ငန်းနဲ့ဘဲ လွဲနေကြတယ်။ တချို့လည်း ကိုယ့်ဘာသာ သယ်လာကြတယ်။ အခု မြ၀တီမှာဖွင့်မဲ့ အိတ်ချိန်းက ငွေပမာဏကို အကန့်အသတ်နဲ့ဘဲ လုပ်မယ် ဆိုရင်တော့ ကုန်သည်တွေ စိတ်ဝင်စားမှာ မဟုတ်ဘူးလို့ ကျွန်တော် ထင်တယ်” ဟု သုံးသပ်ပြောဆိုသည်။

ထိုင်းနိုင်ငံဘက်သို့ သွားရောက်မည့် ကားများ နှစ်နိုင်ငံချစ်ကြည်ရေးတံတားထိပ်တွင် တန်းစီနေပုံ
ထိုင်းနိုင်ငံတွင် သန်းနှင့်ချီရှိသည့် ရွှေ့ပြောင်းအလုပ်သမားများသည် မိဘဆွေမျိုးသားချင်းများထံ ငွေပေးပို့ရာတွင် မြန်မာပြည်သား ငွေလွဲသူများကိုသာ အားထား ကြရသည်။

ထိုသို့ ငွေလွဲစဉ် ငွေဈေး အနှိမ်ခံရခြင်း၊  အလိမ်ခံရခြင်း တို့နှင့် တခါတရံ ကြုံရတတ်သည်ဟု မြ၀တီမြို့မှ မီဒီယာသမားတဦးက ပြောသည်။

၎င်းက “ထိုင်းဘက်ကပြန်လာတဲ့ မြန်မာအလုပ်သမားတွေ ဆိုရင် မြ၀တီက ငွေလဲခုံတွေမှာ  မကြာခဏ ပြဿနာတက်တယ်။ တရားဝင် ငွေကြေးလဲလှယ်တာမဟုတ်တဲ့ အကျိုးဆက်လို့ဘဲပြောရမယ်” ဟု ဆိုသည်။

မြန်မာကုန်သည်အများစုက ထိုင်းနိုင်ငံဘဏ်များကဲ့သို့ နယ်စပ်တွင် ငွေကြေး လဲလှယ်နိုင်မည့်စင်တာများကို မြန်မာဘဏ်များတွင် ၂၄ နာရီ ၀န်ဆောင်မှုပေးနိုင်ပါက နယ်စပ် ကုန်သွယ်ရေးတွင် မြန်မာကုန်သည်များ၏ နစ်နာဆုံးရှုံးမှု လျှော့နည်းသွားမည်ဟု ပြောသည်။

 









-

2 comments :

  1. maymon said... :

    ရွေ့ပြောင်းလုပ်သားတွေပင်ပင်ပန်းပန်းနဲ့ရှာ
    ထားတဲ့ငွေတွေကိုမြ၀တီမှာ ဂွင်ဖန်တဲ့ငွေလဲဘတ်ခုံတွေ
    အများကြီးရှိပါတယ်။ တရာဝင်းငွေလဲ လို့ရရင်တော့
    အကောင်းဆုံးပါပဲ။ ယိုသူမရုက်မြင်သူရုက်ဆိုသလိုအချို့သောဘတ်ခုံ
    တွေရဲ့ဘတ်လဲတဲ့သူဆီက လိမ်နည်းကတော့
    ပေါင်းစုံပါပဲ။ အမြန်ဆုံးပြောင်းနိုင်လေ၊ မြန်မာလုပ်သား
    ထုနဲ့မြန်မာကုန်သည်တွေအကျိုးလေပါပဲ၊ကြန့်ကြာ
    မူများတဲ့လမ်းဟောင်းစနစ်တွေကိုပြုပြင်မှာမြန်မာနိုင်ငံ
    တိုးတက်မှာပါ။

  1. Anonymous said... :

    ဒါတွေက နေသားကျနေပါဘီ။ မြန်မာဆိုတဲ့လူမျိုးက နိုင်ငံတကာမှာ အနှိမ်ခံ၊ နှာခေါင်းရှုံ့ချင်စရာ ပုံစံနဲ့နေခဲ့ရတာ ကြာလှပေါ့။ ငွေလဲနှူန်းကွာဟတာလောက်ကတော့ အပျော့ပါ။

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved