စစ်ဗိုလ်များ အရေခွံထူဖို့ လိုသေးသည်

Wednesday, October 17, 2012

~





လွှတ်တော်တွေမှာ ကိုယ်စားလှယ်နေရာ ၂၅ ရာခိုင်နှုန်း အပိုင်ယူထားတဲ့အပြင်  မြန်မာ့နိုင်ငံရေး ဦးဆောင်မှုအခန်းကဏ္ဍမှာ တပ်မတော်က ပါဝင်ဆောင်ရွက်နေတဲ့အတွက် စစ်ဗိုလ်တွေလည်း နိုင်ငံရေးသမား ဖြစ်လာပါပြီ။

နိုင်ငံရေးသမား ဖြစ်လာရင်  အရေထူဖို့လိုအပ်တာ အသေအချာပါပဲ။

မကြာသေးခင်က မြန်မာတိုင်းမ်ဂျာနယ်ကာတွန်းတကွက်ကြည့်ပြီး  စစ်အရာရှိနိုင်ငံရေးသမားတို့က မကျေမနပ်ဖြစ်နေကြတယ်လို့ ဆိုတယ်။
စစ်တပ်အာဘော်သတင်းစာကနေလည်း ဂျာနယ်ကို ခြိမ်းခြောက်တဲ့ ဆောင်းပါးတစောင် ဖော်ပြတဲ့နည်းနဲ့ တုန့်ပြန်ပါတယ်။
အရေခွံပါးရင်တော့ ဒီမိုကရေစီခေတ်ကို ဘယ်လိုအရောက်သွားကြမလဲ။ အရပ်သားအရေခြုံထားတဲ့အစိုးရလို့ ပြောဆိုတာ မခံချင်ရင်တော့ ဒီမိုကရေစီနိုင်ငံတခုမှာ ဘယ်လိုပြုမူနေထိုင်ရမယ်ဆိုတာ ဆင်ခြင်ဖို့လိုနေပါပြီ။

မြန်မာနိုင်ငံဟာ ၁၉၆၂ စစ်တပ်အာဏာသိမ်းပြီး ဒီနေ့အချိန်အထိ  ဘယ်လိုနိုင်ငံအမျိုးအစားကို ရောက်နေပြီလဲ။ နိုင်ငံ မွဲပြာကျသွားတာဟာ စစ်တပ်က အာဏာသိမ်းအုပ်ချုပ်ပြီး တလွဲ စီမံမှုတွေကြောင့်မဟုတ်ဘူးလား။

စစ်ဗိုလ်တွေအုပ်ချုပ်တဲ့ကာလတလျှောက်လုံး မြို့ပေါ်မှာ ဖမ်းဆီးနှိပ်စက် သတ်ဖြတ်မှုတွေ ထင်ထင်ရှားရှား ပေါ်ပေါက်ခဲ့တာနဲ့ ပတ်သက်ပြီး တာဝန်ရှိပါတယ်လို့ အခုချိန်ထိ ၀န်ခံတာ၊ ထုတ်ဖော်ပြောဆိုတာ မရှိသေးဘူး။

တိုင်းရင်းသားဒေသများမှာ နှစ်ပေါင်းများစွာ အနိုင်ကျင့်မှုမျိုးစုံ ဖြစ်ပွားခဲ့တာတွေကလည်း လက်နက်အားကိုးပြီး ဗိုလ်ကျစိုးမိုးခဲ့တာပါပဲ။
တပ်မတော်အတွင်းမှာလည်း ဘာလူမျိုးဖြစ်နေလို့ ရာထူးကြီးကြီး မပေးဘူး၊ ဘယ်ဘာသာကိုးကွယ်လို့ ရာထူး မတက်ပေးဘူး ဆိုတဲ့ ခွဲခြားဆက်ဆံမှုတွေကလည်း ရုပ်ဆိုးပါတယ်။ ဒီလို အမြင်မတော်တာတွေ ဖြစ်နေရင်တော့ ပြောဆို ရေးသား ဝေဖန်ခံရမှာပါ။

အခုနောက်ဆုံး -  အရပ်သားအစိုးရအုပ်ချုပ်တာ တနှစ်ကျော်လာပေမယ့် နိုင်ငံရေးအကျဉ်းသားတွေအကုန်လွတ်မလာသေးတာ၊ ဓားစာခံတွေအဖြစ် ဆက်ဖမ်းထားတာဟာ အင်မတန်မှ ရုပ်ဆိုးပါတယ်။ 
ဒီလူတွေဟာ ရာဇ၀တ်သားတွေဖြစ်တယ် စသဖြင့် အရှက်မရှိ ပြောရဲ ဆိုရဲတာကို နိုင်ငံရေးသမားတယောက်ရဲ့အရည်အချင်းလို့ ထင်ရင် မှားပါလိမ့်မယ်။
ဟိုတလောကတော့ ဗိုလ်ချုပ်ကြီးဟောင်းဦးသိန်းစိန်က အင်တာဗျူးတခုမှာ ပြောပါတယ် - ရာဇ၀တ်မှုကျူးလွန်သူ၊ ဖောက်ခွဲရေးနဲ့ဆက်နွယ်သူတို့ကို မလွှတ်ပေးဘူး တဲ့။
ဒါဆို ရာဇ၀တ်မှုကျူးလွန်သူ ထောင်ပေါင်းများစွာကို လွှတ်ပေးခဲ့တာ ဘာသဘောလဲ။ နာမည်ပျက် ထောက်လှမ်းရေးအဖွဲ့က နိုင်ငံရေးသမားတချို့ကို ဖောက်ခွဲမှုနဲ့ဆက်နွယ်သူလို့ စွပ်စွဲထောင်ချတာနဲ့ပဲ ဒီလူတွေဟာ အကြမ်းဖက်သမားတွေလို့
ဗိုလ်ချုပ်ကြီးဟောင်းသမ္မတက တကယ် ယုံနေသလား။

မြန်မာ့တပ်မတော်ဟာ KMT တရုတ်ဖြူကျူးကျော်မှုကို တိုက်ထုတ်ဖယ်ရှားပေးခဲ့တာမျိုးလို ရွပ်ရွပ်ချွံချွံ ဆောင်ရွက်မှုများအတွက် မြန်မာ့သမိုင်းမှာ အင်မတန် နာမည်ကောင်း ရခဲ့ပါတယ်။
ကျေးဇူးတင်စရာ အင်မတန်ကောင်းပါတယ်။ သို့သော်လည်း နာမည်ကောင်း ဆိုတာ ကိုယ်အနေအထိုင်ဆင်ခြင်ပါမှ ဆက်ပြီး တည်တံ့မှာပါ။

မြန်မာ့နိုင်ငံရေး ဦးဆောင်မှုအခန်းကဏ္ဍမှာ တပ်မတော်က ၀င်ရောက်ဆောင်ရွက်တာ၊ တည့်တည့်ပြောရရင် စစ်တပ်က နိုင်ငံရေးမှာ ပါဝင်ဆောင်ရွက်တာဟာ သင့်တော်ရဲ့လား၊  သဘာဝကျရဲ့လား၊ အနာဂတ်အတွက် ဘယ်လို သက်ရောက်မှုရှိမလဲ ဆိုတာ တခြားသူကိုလည်းမေး၊ ကိုယ့်ကိုယ်ကိုယ်လည်း ပြန်ဆင်ခြင်သင့်ပါတယ်။

လောလောဆယ် အခြေခံဥပဒေပြဋ္ဌာန်းချက်များကြောင့် ဥပဒေပြုရေး၊ အုပ်ချုပ်ရေးကဏ္ဍများသာမက ဌာနဆိုင်ရာများမှာလည်း စစ်အရာရှိတွေ ရောက်နေပါတယ်၊  စစ်အရာရှိနိုင်ငံရေးသမား အများအပြား ပေါ်ထွန်းနေပါတယ်။
အဝေဖန်မခံနိုင်ရင်၊ အရေ မထူရင် နိုင်ငံရေးလုပ်ဖို့ မစဉ်းစားသင့်ပါဘူး။

ဒီမိုကရေစီနိုင်ငံ ဆိုတာ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုကြတဲ့ဒေသကို ခေါ်ဆိုတာဖြစ်ကြောင်းသတိထားမိကြမယ်လို့ ယူဆပါတယ်။










-

3 comments :

  1. Anonymous said... :

    ဟုတ်တယ်ဗျ။ နိုင်ငံရေးလဲ လုပ်တယ်၊ ဝေဖန်တာလဲ မခံချင်ဘူးဆိုရင်တော့ နိုင်ငံကာကွယ်ရေးအတွက် စစ်တန်းလျားပြန်တာဘဲ ကောင်းပါတယ်။
    အဲဒီ ကာတွန်းကလဲ စစ်တပ်ရဲ့သရုပ်ကို ထိမိအောင်ဖော်ပြနိုင်လို့ အရှိုက်ထိသွားတာပါ။
    သမတကြီးက စစ်ပွဲတွေ ရပ်ပါလို့ လူသိနတ်ကြား အမိန့်ပေးထားလျက်နဲ့ စစ်တပ်က တိုက်ပွဲကြီးတွေ ဆင်နွှဲ အရပ်သားတွေကို ထင်သလိုဝင်ဖမ်း၊ ကျော်မကောင်း ကြားမကောင်း လူ့သိက္ခာကျစေမဲ့ ယုတ်ညံ့တဲ့လုပ်ရပ်တွေ လုပ်။
    သမတကြီး လက်နဲ့ ရေးတာကို၊ ခြေနဲ့လိုက် ဖျက်။ ဒါတွေက မငြင်းနိုင်တဲ့ သာဓကတွေပါ။
    ကာတွန်းက မှန်လွန်းတော့ ဗိုလ်ချုပ်ကြီးတွေ ထိတာပေါ့။ တပ်က နိုင်ငံရေး၊ အုပ်ချုပ်ရေး၊ နောက်ဆုံး ဘုရားဂေါပက၊ ဓမ္မာရုံလူကြီးက အစ စားပေါက်ရှိသမျှ အကုန်ဝင်လုပ်နေတော့ နာမည်ပျက်ပြီပေါ့။ အလှူခံပုံးတောင် ဖောက်ပြီဆိုမှတော့ ဒီတပ် ဘယ်လိုလုပ်ပြီး နာမည်ကောင်း ရတော့မလဲဗျာ။ တပ်ခေါင်းဆောင်တွေ တပ်ကို ပြည်သူချစ်တဲ့ တပ်ဖြစ်အောင် အချိန်မီ ပြုပြင်စေချင်ပါတယ်ဗျာ။

  1. Anonymous said... :

    We endorsed a to z this article.
    We are very proud of you.

  1. "၁၉၄၇ ခုနှစ် မေလတွင် ကျင်းပခဲ့သော ဖဆပလ ၏ ပဏာမ ပြင်ဆင် ညီလာခံ ၌ မြန်မာနိုင်ငံ ၏ ဖွဲ့စည်းအုပ်ချုပ်ပုံ ဥပဒေ ရေးဆွဲရန် ပြုလုပ်နေသည့် အချိန်တွင် ဗုဒ္ဓဘာသာကို နိုင်ငံတော် ဘာသာ အဖြစ် အသိအမှတ်ပြုရေး ပြသာနာသည် ထိုညီလာခံ မှ စတင်ခဲ့သည်။ ဆရာတော် သံဃာတော် များက ယခုအခါ ဗုဒ္ဓဘာသာ လူမျိုးများ လွတ်လွတ်လပ်လပ် အုပ်ချုပ်ရတော့မည် ဖြစ်သည့် အတွက် ဗုဒ္ဓဘာသာကို နိုင်ငံတော် ဘာသာ အဖြစ် ကြေညာရန် စာရွက်စာတမ်း နှင့် ကိုးကားချက်များကို ရိုက်နှိပ်၍ ဂျူဗလီ ဟောတွင်ကျင်းပသည့် ပဏာမညီလာခံတွင် ဝေဌ ကြသည်။

    "ထိုညီလာခံတွင် ဗိုလ်ချုပ်အောင်ဆန်း ပြောခဲ့သော မိန့်ခွန်များ နှင့် ချေပချက်များ မှာ ရိုင်းသည် ကြမ်းသည် ဟု ပြေသံ များ ရှိခဲ့သော်လည်း သူ၏ သတ္တိကို တော့ ချီးကျူးခဲ့ကြသည်။ ဗိုလ်ချုပ် က

    "ခုနကပဲ နိုင်ငံတော် ရဲ့ ဘာသာဟာ ဗုဒ္ဓဘာသာ ဖြစ်သင့်တယ် ၊ ဖြစ်စေရမယ် လို့ စာရွက်တွေလာကမ်းကြတယ်။ ဒါဟာ ခြေထိုးတာ ၊ အဲဒီမှာ ဝန်ကြီးမလုပ်ရတဲ့ လူတွေ ၊ နိုင်ငံရေးအာဏာ မရတဲ့ လူတွေက ဘုန်းကြီး တွေကို ဗန်းပြပြီး လုပ်တဲ့ အလုပ်။ သမ္မတ ဟာ ဗုဒ္ဓဘာသာ ဖြစ်ရမယ်လို့ဆိုရင် မှားတယ် ။ ဒီလိုလုပ်လို့မရဘူး ။ ကျုပ်အတိအလင်း ဗေဒင်ဟော ချင်တယ် ။ အဲဒီ လူတွေ တခုခု ဖန်တီးကြလိမ့်မယ်။ အဲဒါ မှားတယ်။ မကောင်းဘူး ။ တသီးပုဂ္ဂလ ယုံကြည်ယူဆထားတာတွေကိုတော့ အလျှော့ မပေးနိုင်ဘူး။ အသက် နဲ့ လဲပြီးတိုက်မယ်" ဟု ပြောသည့် အပြင် ညီလာခံ တွင် ဘာသာရေး ကိုင်းရှိုင်းသည့် ဒီးဒုတ် ဦးဘချို က လွတ်လပ်ရေးရသည့် အခါ၌ ဗုဒ္ဓဘာသာကို နိုင်ငံတော် ဘာသာအဖြစ် ပြဋ္ဌာန်းရန်သင့်ကြောင်း အဆိုတင်သွင်းသည့် အခါ ဗိုလ်ချုပ်အောင်ဆန်း က ဒေါကြီး မောကြီး နှင့်....

    "သည်မှာဆရာ ၊ ကျနော်တို့က လူကြိုက်အောင် လုပ်နေတာ မဟုတ်ဘူး ။ သည်လို မဟုတ်မဟတ် ကိုယ်ထင်ရာတွေ လျှောက်လုပ် နေကြမယ် ဆိုရင်တော့ ကျနော် တို့ တိုင်းပြည်ဟာ မကြာခင် ပြိုကွဲ ပျက်စီးသွား မှာ ပဲ ၊ ကျနော်တို့ တိုင်းပြည် မှာ အလောင်းဘုရား လက်ထက် ကထဲက အစ္စလာမ် ဘာသာဝင် မူဆလင် တွေရှိတယ်။ ဘုရင်ဂျီတွေ ရှိတယ်။ အစတုန်း က ရှိလာ တဲ့ နတ်ကိုးကွယ်တဲ့ တောင်တန်းသားတွေရှိတယ်။ အချို့ အင်္ဂလိပ် လက်အောက်မှာနေပြီး ခရစ်ယာန် တွေ ဖြစ်လာလို့ အရိုးစွဲလာ ကြတဲ့ လူတွေရှိတယ်။ သူတို့တတွေ အားလုံးဟာ နိုင်ငံသားတွေ ဖြစ်တယ် ။ တိုင်းပြည်ကို ကျွန်တွင်းက လွတ်အောင် တိုက်ထုတ်ကြတုန်း က ကျနော်တို့ချည်း မဟုတ်ဘူး။ သူတို့တွေလည်းပါကြတယ်။ အခု ကျွန်တွင်းကလွတ်မယ် မကြံသေးဘူး ။ သူတို့တတွေ အပေါ်မှာ အနိုင် ကျင့်ပြီး ငါတို့လူများစု ရဲ့ ဘာသာ ကို နိုင်ငံတော် ဘာသာ လုပ်ရမယ်လို့ လုပ်လိုက်ရင် ကျနော်တို့ဟာ ခွေးလောက် တောင် သောက်သုံးမကျ တဲ့ အကောင်တွေဖြစ်သွားမှာပေါ့ ဆရာ။ တိုင်းပြည်ကို တိုင်းပြည်ရေးလို့ တွေးစမ်းပါ ။ ဘာသာရေးတွေ ဘာတွေ လုပ်မနေစမ်းပါ နဲ့ ။ ကျနော်တို့ဟာ တိုင်းပြည် တပြည်လုံး စည်းလုံးကြဖို့လိုတယ် ။ အခုအချိန်မှာ လိုချင်တာက ပြည်ထောင်စုထဲမှာ ရှိနေကြတဲ့ လူမျိုးအားလုံး ၊ ဘာသာ အားလုံး ၊ ဘယ်တော့မှ မပြိုကွဲ ဘဲ၊ ခွဲထွက်သွားမဲ့ လူတွေ ပေါ်မလာဘဲ နိုင်ငံရေး စိတ်ဓတ် တခု ထဲရှိအောင် သိမ်းသွင်းပြီး စည်းရုံးဖို့လိုတယ် " ဟု ပြတ်ပြတ်သားသား ပြောဆိုခဲ့ ကြောင်း သိရပါသည်။

    **( မြန်မာ့နိုင်ငံရေး တတိယတွဲ စာမျက်နှာ ( ၇၈ - ၇၉ ) မှ ကိုးကားပါသည် )။***
    မှတ်ချက်။။( ဒီကိစ္စရပ်များက ဗိုလ်ချုပ်အစောကြီး သေဆုံးခဲ့ရခြင်း၏ အကြောင်းအရင်း အစိတ်အပိုင်း တခုလဲဖြစ်ခဲ့တာပါ။ မြန်မာနိုင်ငံသားထဲတွင် ရိုဟင်ဂျာမူဆလင်တော့ လုံးဝမပါပါ။)

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved