ဦးသိန်းစိန် ငြိမ်းချမ်းရေးဆုနှင့်လွဲချော်

Friday, October 12, 2012

~

လင်းသန့် ~

သမ္မတ ဦးသိန်းစိန်သည် ယခုနှစ် ၂၀၁၂ ခုနှစ်အတွက် နော်ဝေ နိုင်ငံ အခြေစိုက် အော်စလို ငြိမ်းချမ်းရေး စင်တာမှ ချီးမြှင့်သော ငြိမ်းချမ်းရေး နိုဗဲလ်ဆုနှင့်  လွဲချော်သွားခဲ့သည်။

ယခုနှစ်အတွက် ကမ္ဘာ့ငြိမ်းချမ်းရေး နိုဗဲလ်ဆုကို ဥရောပသမဂ္ဂက ရရှိသွားကြောင်း ယနေ့ မြန်မာစံတော်ချိန် ၃ နာရီခွဲခန့်တွင် နော်ဝေ ငြိမ်းချမ်းရေး စင်တာ ဆုရွေးချယ်ရေး အဖွဲ့က ကြေညာသွားသည်။

သမ္မတ ဦးသိန်းစိန်သည် ယခုနှစ် ၂၀၁၂ ခုနှစ်အတွက် ကမ္ဘာ့ငြိမ်းချမ်းရေးဆု ရနိုင်မည့် ခန့်မှန်းစာရင်းတွင်ပါဝင်ကြောင်း သတင်းများတွင် ဖော်ပြပါရှိခဲ့သည်။

CNN သတင်းဌာနက နိုဗဲလ်ငြိမ်းချမ်းရေး ဆုများနဲ့ ပတ်သက်လို့ လေ့လာသုံးသပ်သူ တဦးဖြစ်သည့် Harpviken က ယခုနှစ် အတွက် အာရှ တိုက်ကသာ ရမယ်ဆိုလျှင် သမ္မတ ဦးသိန်းစိန်သည် နိုဗဲလ် ငြိမ်းချမ်းရေး ဆုရှင်ဖြစ်လာနိုင် မည်လားဟု မှတ်ချက်ပေးခဲ့သည်။

ဖိနှိပ်ညှင်းပန်းမှုများနှင့် နှစ်ပေါင်းများစွာအမည်ဆိုးဖြင့် ကျော်ကြားသည့် မြန်မာစစ်အစိုးရနောက်ခံ သမိုင်းကြောင်း ရှိသည့် ဦးသိန်းစိန်သည် စစ်အာဏာရှင်စနစ်မှ ရုန်းထွက်လာသူဖြစ်ပြီး သမ္မတ အဖြစ်တာဝန်ယူလာပြီးနောက်ပိုင်း နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုများကို အဓိက ဦးဆောင်လုပ်လာ သူဖြစ်သည်ဟု သူက ဆိုသည်။

ယခင် နအဖ စစ်အစိုးရ ၀န်ကြီးချုပ်၊ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီ အကြီးအကဲ တာဝန်များ ယူထားရာက ၂၀၁၀ ခုနှစ်ရွေးကောက်ပွဲ အပြီး ၂၀၁၁ ခုနှစ် မတ်လ ၃၁ ရက်နေ့မှာ စတင်ကာ သမ္မတ တာဝန်ယူခဲ့သူဖြစ်သည်။

ဦးသိန်းစိန်သည် သမ္မတ တာဝန် ယူခဲ့ပြီးနောက် အကျဉ်းထောင် အသီးသီးရှိ ထင်ရှားသည့် နိုင်ငံရေး အကျဉ်းသားများ အပါအ၀င် အကျဉ်းသားများကို လွတ်ငြိမ်းချမ်းသာခွင့် အကြိမ်ကြိမ်ပေးခဲ့ဖူးသည်။

ထို့နောက် ဒေါ်အောင်ဆန်းစုကြည်နှင့်လည်း သမ္မတ အိမ်တော်တွင် တွေ့ဆုံခဲ့ပြီး အမျိုးသား ဒီမို ကရေစီ အဖွဲ့ချုပ် NLD ပါတီအား ပြန်လည် မှတ်ပုံတင်နိုင်ခွင့်၊ ဒေါ်အောင်ဆန်းစုကြည်နှင့် NLD ပါတီဝင် နိုင်ငံရေး အကျဉ်းသားဟောင်းများ ကြားဖြတ်ရွေးကောက်ပွဲတွင် ပါဝင်နိုင်ခွင့် ရစေရေးတို့အတွက် အခြေခံ ဥပဒေပါ ပြ ဌာန်းချက်များကို ပြင်ဆင်ရေး တို့ကို ဦးဆောင် လုပ်ခဲ့သည်။

အဓိကအားဖြင့် မြန်မာ့နိုင်ငံရေး ပြုပြင်ပြောင်းလဲမှု ဖြစ်စဉ်တွင် အင်အားစု အားလုံး ပါဝင်နိုင်ရေးအတွက် တချိန်က စစ် အစိုးရ၏ အတိုက်အခံ ဖြစ်ခဲ့သော ဒီမိုကရေစီ အင်အားစုများနှင့် ထိတွေ့ ဆက်ဆံမှု များ ပြုလုပ်ခဲ့သည်။

သမ္မတ ဦးသိန်းစိန်သည် မြန်မာနိုင်ငံ မြောက်ပိုင်း ကချင်ပြည်နယ်တွင် တရုတ် ကုမ္ပဏီနှင့် ပူးတွဲ လုပ်ဆောင်ခဲ့သည့် မြစ်ဆုံ ရေကာတာ ဆည်များစီမံကိန်းကို မြန်မာနိုင်ငံသားများက ဆန့်ကျင် ကန့်ကွက်ခဲ့ သည့်အတွက် ရပ်ဆိုင်းလိုက်မှု ကြောင့် မြန်မာပြည်သူအများက ၀ိုင်းဝန်းထောက်ခံမှု အလွန် အားကောင်းခဲ့ သည်။

ထို့နောက် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များနှင့် ယခင်စစ်အစိုးရက ဖော်ဆောင်ခဲ့သော အပစ်အခတ် ရပ်စဲရေး၊ ပြည်တွင်း ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များကို ၀န်ကြီး ဦးအောင်မင်းအား ငြိမ်းချမ်းရေး တာဝန်ခံ  ခန့်အပ်ကာ အရှိန်မြှင့် ဆောင်ရွက်နေသည်။

နှစ်ပေါင်း ၁၇ နှစ်ကြာ အပစ်အခတ် ရပ်စဲရေးပျက်ပြယ်ခဲ့ပြီး လွန်ခဲ့သည့် တနှစ်က စတင် ကာ မြန်မာနိုင်ငံ မြောက်ပိုင်း ကချင်တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ KIA နှင့်လည်း အမြန်ဆုံး ငြိမ်းချမ်းရေး စကားပြောဆိုမှုများ အောင်မြင်ရန် အတွက် ၂ ဖက် ၂ လမ်း ကြိုးစားမှုများ လုပ်ဆောင်နေ သည်။

ထို့အပြင် သမ္မတ ဦးသိန်းစိန် အစိုးရသည် ကရင်အမျိုးသား အစည်းအရုံး KNU နှင့်လည်း ဆက်ဆံရေးရုံး များ ဖွင့်လှစ်နိုင်သည်အထိ ငြိမ်းချမ်းရေးခရီးရောက်ခဲ့ပြီး  အပစ် အခတ်ရပ်စဲနိုင်ခဲ့သည်။

သို့သော် ယခုအချိန်ထိ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှု လုပ်ငန်းစဉ် များ လုံးဝ အောင်မြင်ပြီး ပြည်တွင်း ငြိမ်းချမ်းရေး လုပ်ငန်းစဉ်လည်း အောင်မြင်စွာ အဆုံး မသတ်နိုင်သေး 

ပေ။

မကြာသေးမီက ဖြစ်ပွားခဲ့သော ရခိုင်ပြည်နယ်က ပဋိပက္ခတွင်လည်း မြန်မာ ပြည်သူအများ၏ လိုလားမှုကို ထင်ဟပ်သည့် သဘောထားကို နိုင်ငံတကာသို့ ပြောဆိုခဲ့သည်။ ထို့နောက် သမ္မတ တဦးအနေဖြင့် ပဋိပက္ခဖြစ် ပွားနေမှုကို ထိန်းထိန်းသိမ်းသိမ်း ကိုင်တွယ်ဖြေရှင်းနေသည်။ 


လွတ်လပ်သည့် စုံစမ်းစစ်ဆေးရေး ကော်မရှင်ဖွဲ့စည်းပြီး လုပ်ဆောင်နေပြီး တည်ငြိမ်မှု တိုးတက် လာသော် လည်း လုံးဝ မအေးချမ်းသေးပေ။

သမ္မတ ဦးသိန်းစိန်၏ လုပ်ဆောင်မှုများကို လူထု ထောက်ခံမှုများတိုးမြင့်လာခဲ့ပြီး ထောက်ခံ ဆန္ဒပြပွဲများ လည်း မြန်မာနိုင်ငံမြို့ကြီး တချို့တွင် ပေါ်ပေါက်လာသည်။

ဦးသိန်းစိန် အစိုးရသည် စီးပွားရေး ပြုပြင်ပြောင်းလဲမှုများလည်း ပြုလုပ်နေပြီး အဂတိလိုက်စားမှု တိုက်ဖျက်

ရေး၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ မြန်မာပြည်သို့ ၀င်ရောက်နိုင်ရေးတို့အတွက် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဥပဒေ ကိုရေးဆွဲရေးကိုလည်း လွှတ်တော်များနှင့် လက်တွဲ ဆောင်ရွက်နေသည်။













-

5 comments :

  1. kyaw said... :

    ဦးသိန်းစိန်အနေ နဲ့ ဒီ လောက်ပြောင်းလဲ မှု့ လေးလုပ်ရုံနဲ့ နိုဘယ် မရနိုင်ဘူး...နော်ဝေ ကဦးသိန်းစိန်ကို လွယ်လွယ်နဲ့ပေးလိုက်မယ်ဆိုရင် .. နှစ်ပိုင်းလေး သာ လုပ်ရသေးတဲ့ပြောင်းလဲမှု့ ဦးသိန်းစိန်အစိုးရ ဖင်သွေးနားထင်ရောက်သွားလိမ့်မယ်။

  1. Anonymous said... :

    Englishလိုဖြင့်မပြောတတ်ပဲ
    ရာရာစစ နိုဘယ်ဆုကိုများမှန်းချင်သေးတယ်

  1. mya said... :

    အင်္ဂလိပ်လိုပြောတတ်စရာမလိုပါဘူး၊ မြန်မာနိုင်ငံသားလိုပြောတတ်ဖို့ပဲလိုပါတယ်။

  1. Unknown said... :

    သမ္မတကြီးအနေဖြင့် အစိုးရအတွင်းနှင့် ပြည်ထောင်စုကြီး တစ်ခုလုံးတွင် ဒီမိုကရေစီထွန်းကားရေးနှင့် ပြည်တွင်း ငြိမ်းချမ်းမှုတည်ဆောက်ရေးတို့အတွက် နိုင်ငံတော်အဆင့် ဖြင့် ဆောင်ရွက်နေစဉ်တွင် ပြည်သူများအနေဖြင့် အတိတ် က ခါးသီးမှုများကို ခေတ္တမေ့ထားပြီး အစိုးရ၏လုပ်ဆောင်ချက်များကို မှန်ကန်စွာစောင့်ကြည့်ကြရန် လိုပေသည်။ သမ္မတကြီး၏ သမ္မတသက်တမ်းစတင်ထမ်းဆောင်ခဲ့စဉ်မှ ယနေ့အထိ အမျိုး ဘာသာ သာသနာနှင့် နိုင်ငံတော်အတွက် အကျိုးကျေးဇူးယုတ်လျော့ပျက်စီးစေသော လုပ်ဆောင်ချက်များကို မတွေ့ရှိသေးဟု ထင်မိပါသည်။

  1. Unknown said... :

    သမ္မတကြီးအနေဖြင့် သမ္မတသက်တမ်းစတင်ခဲ့ချိန်မှ ယနေ့အထိ အမျိုး ဘာသာ သာသနာနှင့် နိုင်ငံတော်၏ အကျိုးကျေးဇူးယုတ်လျော့ပျက်စီးစေရာ လုပ်ဆောင်ချက် မတွေ့ရှိသေးဟု ထင်မိပါသည်။ သမ္မတကြီးအနေဖြင့် ဒီမိုကရေစီထွန်းကားရေး ပြည်တွင်းငြိမ်းချမ်းမှုတည်ဆောက်ရေးတို့အတွက် နိုင်ငံတော်အဆင့်ဖြင့် ကြိုးပမ်းဆောင်ရွက်နေချိန်တွင် ပြည်သူများမှလည်း မှန်ကန်စွာကြည့်မြင်တတ်ရန် လိုပေသည်။ နိုင်ငံတစ်ဝှမ်းလုံးတွင် သမ္မတကြီး၏ ပြောဆို လုပ်ဆောင်ချက်များကို ပြည်သူများမှ အင်တိုက်အားတိုက် အားပေးထောက်ခံကြောင်း ဆန္ဒဖော်ထုတ်ပွဲများ ကျင်းပနေကြမှုတို့ကိုကြည့်ခြင်းဖြင့် သမ္မတကြီးသည် အနောက်နိုင်ငံများ၏ သတ်မှတ်ချက်ဖြင့်ပေးသည့် နိုဗယ်လ်ဆု လွဲချော်သည့်တိုင်အောင် မြန်မာပြည်သူများ၏ ရင်တွင်းမှပေးသည့် ချစ်ခင်အားကိုးခြင်း မေတ္တာဆုကြီးကိုမူ ရရှိခဲ့ပြီဖြစ်ပါသည်။

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved