ထုတ်ပယ်ခံရသည့် KNU စစ်ဦးစီးချုပ်ကို ရာထူးပြန်အပ်
Friday, October 26, 2012
~
ပြည်တော်မြင့် ~
ဗိုလ်ချုပ်ကြီးမူတူးစေးဖိုး၊ ပဒိုရောဂျာခင်တို့နှင့် ပြည်တွင်းကရင်အဖွဲ့အစည်းများမှခေါင်းဆောင်တချို့ (ဓာတ်ပုံ- ပြည်တော်မြင့်/ဧရာဝတီ)
ထုတ်ပယ်ခံထားရသည့် စစ်ဦးစီးချုပ် နှင့် ထိပ်တန်းခေါင်းဆောင် တဦးတို့ကို ကရင်အမျိုးသားအစည်းအရုံး KNU က ကရင်တမျိုးသားလုံးအကျိုး၊ အဖွဲ့၏ဂုဏ်သိက္ခာနှင့် စည်းလုံးညီညွတ်မှုအတွက် မူလတာဝန်များ ပြန်လည် အပ်နှင်းလိုက်သည်။
ယမန်နေ့က ဘားအံခရိုင် လေးဝါးတပ်စခန်းတွင် ပြုလုပ်သည့် အစည်းအဝေးသို့ ထုတ်ပယ်ခံများအပါအ၀င် ဗဟိုအမြဲတမ်းကော်မတီဝင် ၃၀ ဦး၊  အရံဗဟိုကော်မတီဝင် ၁၀ ဦး တက်ရောက်ခဲ့ကြပြီး အဖွဲ့တွင်းပြဿနာများကို ပြည်ဖုံးကားချ၊ ခွင့်လွှတ်ကြရန် သဘောတူခဲ့ကြခြင်းဖြစ်သည် ဟု ခရိုင်ဥက္ကဋ္ဌအဆင့် ခေါင်းဆောင်တဦးက ပြောသည်။
၎င်းက ”အားလုံးပဲ ရင်းရင်းနှီးနှီးနဲ့ ဆွေးနွေးတာ အဆင်ပြေသွားပြီ။ ထုတ်ပယ်ခံရသူတွေလည်း သူတို့နေရာတွေ ပြန်ရကြတယ်လေ။ အထူးအရေးပေါ်အစည်းအဝေးက မပြီးသေးဘူး၊ ဒီနေ့ တရက်ရှိသေးတယ်” ဟုပြောသည်။
ယမန်နေ့ကစည်းဝေးဆုံးဖြတ်ချက်တွင် KNU ၏လမ်းစဉ်အတိုင်း စည်းလုံးညီညွတ်စွာဖြင့် ဆက်လက်ချီတက် သွားကြမည်ဟု တက်ရောက်လာသူများသဘောထားပေးခဲ့ကြသည်။
ဗဟို၏ခွင့်ပြုချက်မပါဘဲ ကရင်ပြည်နယ်ဘားအံမြို့တွင် KNU ဆက်ဆံရေးရုံး သွားရောက်ဖွင့်လှစ်ခံရာတွင် ဦးဆောင်သူများဖြစ်သည့် ဗိုလ်ချုပ်ကြီးမူတူးစေးဖိုး၊ ဗဟိုတရားရေးဌာန တာဝန်ခံပဒိုဒေးဗစ်ထောနှင့် ဗဟိုလူမှုဝန်ထမ်းနှင့် ကယ်ဆယ်ရေးဌာနတာဝန်ခံ ပဒိုရောဂျာခင်တို့ကို အဖွဲ့၏ စည်းမျဉ်းစည်းကမ်းများ အကြိမ်ကြိမ်ဖောက် ဖျက်မှုဖြင့် KNU ဗဟိုက ယခုလ ၂ ရက်နေ့ရက်စွဲဖြင့် တာဝန်များမှ ရပ်စဲလိုက်သည့်အပြင် အဖွဲ့ဝင်အဖြစ်မှလည်း ထုတ်ပယ်ခဲ့သည်။
အဆိုပါထုတ်ပယ်မှုကို အဖွဲ့အတွင်း ထောက်ခံသူများနှင့် မထောက်ခံသူများအကြား သဘောထားတင်းမာမှုများ ဖြစ်ပေါ်ခဲ့သဖြင့်  ယခုလ ၈ ရက်နေ့မှ စတင် ကျင်းပရန် စီစဉ်ထားသည့် KNU ဗဟိုကော်မတီ အစည်းအဝေး နှင့် ၁၅ ကြိမ်မြောက်ညီလာခံကို ရက်ရွှေ့ခဲ့ရခြင်းဖြစ်သည်။
ထုတ်ပယ်ခံရသူများအနက် ပဒိုဒေးဗစ်ထောမှာ ယခုလ ၁၄ ရက်နေ့က အဆုတ်ရောဂါဖြင့် ရန်ကုန်မြို့ရှိ မင်္ဂလာဒုံ စစ်ဆေးရုံကြီးတွင် ကွယ်လွန်ခဲ့သည်။
-
1 comments :
  1. tayzaraung said... :
    ခုလိုကြားရတာဝမ်းသာပါတယ်၊ကျနော်တို့ရဲ့ဘယ.်
    တိုင်းရင်းသားအဖွဲ့အစည်း၊ဘယ်ပါတီကိုမဆိုစိတ်
    စည်းရုံးကြရမဲ့အချိန်မို့ပါ။
Post a Comment
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved