ထိုင်း-မြန်မာနယ်စပ်မှာ သစ်ခိုးမှု ဖမ်းဆီး

Wednesday, November 21, 2012

~


 
 သန်းထိုက်ဦး ~

သစ်ခိုးခုတ်သူဟု ယူဆရသော မြန်မာနိုင်ငံသား ၂ ဦးကို သစ်တုံးများနှင့် အတူ ထိုင်း-မြန်မာနယ်စပ်တွင် ယမန်နေ့က ဖမ်းဆီးလိုက်သည်။ 
 ဓာတ်ပုံများ- dailynews.com

ထိုင်းနိုင်ငံ ကန်ချနဘူရီ ခရိုင်၊ စံခလဘူရီမြို့နယ် အတွင်းရှိ သစ်တောထဲတွင် သစ်ခုတ်နေစဉ် ထိုင်း အာဏာပိုင်များက အင်အား ၃၀ ခန့် သုံး၍ ၀င်ရောက် ဖမ်းဆီးခဲ့ကြောင်း သိရသည်။ 

ထိုင်း အာဏာပိုင်များက သစ်ခိုး ခုတ်နေသည့် မြန်မာနိုင်ငံသား ၂ ဦးနှင့် (ထိုင်းနိုင်ငံသား) ကရင် တိုင်းရင်းသား ၂ ဦးကို ဖမ်းဆီးထားပြီး သက်သေခံ ပစ္စည်းများအဖြစ် သစ်နှင့် သစ်ခုတ်ရာတွင်သုံးသည့် စက်ပစ္စည်း တချို့တို့ကို သိမ်းဆည်း ရမိကြောင်း ထိုင်းဘာဖြင့် ရေးသားထားသည့် ဒေလီနယူး အင်တာနက် စာမျက်နှာတွင် ယနေ့ ဖော်ပြထားသည်။ 

သတင်းများ အဆိုအရ အဖမ်းခံရသူများသည် အသက် ၄၀ မှ ၅၂ နှစ် အရွယ်များ ဖြစ်ပြီး မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံ နယ်စပ် စံခလ ဘူရီမြို့နယ်တို့တွင် နေထိုင်သူများ ဖြစ်ကြောင်း သိရသည်။ 

အဖမ်းခံရသူများက မြန်မာနိုင်ငံမှ သူဌေး တယောက်၏ တပည့် အဖြစ် သစ်တပင်ကို ဘတ်ငွေ ၁၅၀၀ ဖြင့် လာရောက်လုပ်ကိုင်ခြင်း ဖြစ်ကြောင်း ထွက်ဆိုသည်ဟု ထိုင်းသတင်းများတွင် ဖော်ပြပါရှိသည်။

ခိုးခုတ်သည့် သစ်များကို မြန်မာနိုင်ငံဘက်သို့ ပို့ဆောင်၍ သစ်အချောထည် ပစ္စည်းများ ပြုလုပ်ပြီး ထိုင်းနိုင်ငံကို ပြန်လည်ရောက်ချကြောင်း သိရသည်။ ထိုင်း ဥပဒေအရ အရေးယူဆောင်ရွက်နိုင်ရန် အဖမ်းခံရသူများကို စံခလဘူရီမြို့နယ် ရဲစခန်းသို့ လွဲပြောင်းပေးထားကြောင်း သိရသည်။ 

သို့သော် မည်သည့် ပုဒ်မများဖြင့် အရေးယူဆောင်ရွက်မည်ကို ထိုင်းသတင်းများ၌ ရေးသား ဖော်ပြထားခြင်း မရှိပေ။ စံခလဘူရီမြို့နယ် သည် ကရင်ပြည်နယ် ဘုရားသုံးဆူမြို့နယ်စပ် တဖက်ကမ်းတွင် တည်ရှိ၍ မွန်နှင့် ကရင်တိုင်းရင်းသား အများစု နေထိုင်သည့် မြို့လည်း ဖြစ်သည်။ 



ပြီးခဲ့သည့် ဇူလိုင်လဆန်းပိုင်းကလည်း ထိုင်း-မြန်မာနယ်စပ်တွင် သစ်ခိုးခုတ်သည့် မြန်မာ နိုင်ငံသားများနှင့် ထိုင်းသစ်တော အာဏာပိုင်များ ပစ်ခတ်မှု ဖြစ်ပွားခဲ့သေးသည်။ တာ့ခ်ခရိုင် မယ်လမမြို့နယ် အတွင်း ရှိ ဟွေပါကလောင်း ကျေးရွာနှင့် ၈ ကီလိုမီတာခန့် အကွာတွင် သစ်ခိုးခုတ်နေသူများကို သွား ရောက် ဖမ်းဆီးရာမှ အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။ 

ယင်း ပစ်ခတ်မှုကြောင့် ထိုင်းသစ်တောအရာရှိ တဦးနှင့် မြန်မာနိုင်ငံသား တဦး ဒဏ်ရာများ ရရှိ ၍ မြန်မာနိုင်ငံသား တချို့ ဖမ်းဆီး ခံရကြောင်း သိရသည်။ 

ထိုအချိန်က အဖမ်းခံရသူများသည် အသက် ၁၈ နှစ်မှ ၃၅ နှစ် အရွယ်များ ဖြစ်ပြီး မယ်လဒုက္ခသည် စခန်း အတွင်း နေထိုင်သူများ ဖြစ်ကြသည်။ ထိုင်း-မြန်မာနယ်စပ်တွင် ဒုက္ခသည် စခန်း ၉ ခုရှိသည်အနက် မယ်လ ဒုက္ခသည် စခန်းသည် လူဦးရေ ၅ သောင်းခန့် နေထိုင်သော စခန်း တခု ဖြစ်သည်။ 

ယင်း ဒုက္ခသည်များသည် ၁၉၈၃ ခုနှစ်မှ စတင်၍ မြန်မာ အစိုးရတပ်များ၏ ထိုးစစ်ဆင်မှုကြောင့် ထွက်ပြေး လာကြသူများ ဖြစ်ကြောင်း သိရသည်။

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved