မှောင်ခိုနှိမ်နင်းမှုအစပြုနေသည့် မြ၀တီကုန်သွယ်ရေးဇုန် အနေအထား

Thursday, November 22, 2012



~



ပြည်တော်မြင့် ~

အင်္ဂါနေ့ကစတင်သည့် တရားမ၀င်သွင်းကုန် ဖမ်းဆီးမည့် အထူးစီမံချက်ကြောင့် မြ၀တီနယ်စပ်တွင် ကုန်သွယ်မှုထက်ဝက်ကျော် ရပ်ဆိုင်းသွားသည်ဟု မြန်မာကုန်သည်များက ပြောသည်။

ယမန်နေ့ညနေပိုင်းကတွေ့ရသည့် မြ၀တီကုန်သွယ်ရေးဇုန် (ဓာတ်ပုံများ- ပြည်တော်မြင့်/ဧရာဝတီ)
”ကုန်သည်အများစုက ပစ္စည်းတွေအောက်မပို့တော့ဘူး။  အခုဆိုရင် မြ၀တီမှာက ကုန်တွေ အောက်ကကို မဆင်းကြတော့ဘူး။ တမြို့လုံး ခြောက်ကပ်နေပြီး ခရီးသည်တင်ကားတွေပဲ အောက်ကိုဆင်းကြတယ်” ဟု မြန်မာကုန်သည်ဦးမာမက်က ပြောသည်။

မြ၀တီကုန်သွယ်ရေးဇုန်မှ ၀န်ထမ်းတဦးကထိုင်းဘက်သွားမည့် မြန်မာကုန်များသာ ပုံမှန်ဝင်ရောက်မှုရှိပြီး မြန်မာနိုင်ငံအတွင်းပိုင်းသို့ ပို့မည့် ထိုင်းကုန်များ ယမန်နေ့က စတင်ကာ အနည်းအကျဉ်းသာ ၀င်ရောက်မှုရှိသည်ဟု ပြောသည်။

၎င်းက”မှောင်ခိုပစ္စည်းလိုက်ဖမ်းမဲ့ အထူးအဖွဲ့ကိုဖွဲ့စည်းထားပေမဲ့ ဒီနေ့အထိလုပ်ငန်းမစရသေးဘူး။ ကုန်သည်တွေကတော့ အခုထဲကစပြီး ကုန်သွယ်မှု ရပ်နားထားတယ်၊   အများစု ကုန်သွယ်နေတာတွေက တရားမ၀င်ကုန်သွယ်မှုတွေ ဖြစ်တော့ ရပ်နားထားကြတယ်လို့ ထင်တယ်” ဟု ဆိုသည်။


 စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန တာဝန်ရှိသူများက တရားမ၀င်သွင်းကုန်  ဖမ်းဆီးအရေးယူမည့် အကြောင်း ယခုလ ၁၆ ရက်နေ့တွင် က မြန်မာကုန်သည် ၁၀၀ ကျော်ကို ဖိတ်ခေါ်ပြီး အသိပေးပြောဆိုခဲ့သည်။

ထိုင်းပစ္စည်း ၀င်ရောက်မှု နည်းပါးသွားသော်လည်း မြန်မာပြည်မှ ရေထွက်ကုန်၊ လယ်ယာ ထွက်ကုန်၊ သစ်တောထွက်ကုန်များ၊ မြ၀တီနယ်စပ် ကုန်သွယ်ရေးဇုန်မှ ထိုင်းဘက်ခြမ်း မဲဆောက်ဘက်သို့ ပုံမှန် တင်ပို့လျက်ရှိသည်ဟု ဂဏန်းကုန်သည် ကိုနိုင်က ပြောသည်။

မဲဆောက်-မြ၀တီနယ်စပ် ကုန်သွယ်ရေး လမ်းကြောမှတဆင့် ထိုင်းကုန်ပစ္စည်းများ မြန်မာဘက် တင်ပို့မှုမှာ လစဉ် ဘတ် သန်း ၃,၀၀၀ ဘိုး ရှိသည်ဟု တာ့ခ်ခရိုင်ကုန်သည်ကြီးများအသင်းက ဆိုသည်။

သို့သော် ထိုင်းကုန်သည်ကြီးတဦး၏အဆိုအရ လစဉ် မြန်မာဘက်ပို့သည့် ထိုင်းကုန်ပစ္စည်းပမာဏမှာ  ဘတ်ငွေ သန်း ၅၀၀၀ ဘိုးခန့် ရှိသည်ဟု ပြောသည်။

ထိုင်း-မြန်မာနယ်စပ်ကုန်သွယ်ရေးတွင် မြန်မာဘက်မှကုန်သွယ်မှု အသာရနေခြင်းသည် ထိုင်းသို့တင်ပို့နေသည့်  သဘာဝဓါတ်ငွေ့ကြောင့်ဖြစ်သည်ဟုလည်း အဆိုပါထိုင်းကုန်သည်က ဖြည့်စွက် ပြောကြားသည်။




















-

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved