သားကောင်ဘ၀နဲ့ ငြိမ်းချမ်းရေး

Friday, November 16, 2012

ဓာတ်ပုံ- secretstopeace.com

~ ကိုကျော်ဇံ  ~


ခေတ်ရဲ့သားကောင်ဆိုတဲ့ အတွေးအခေါ် အယူအဆဟာ စာပေနယ်ကတဆင့် နိုင်ငံရေးအဝိုင်းအဝန်း ထဲကို ဝင်ရောက်လာနေတဲ့ အသုံးအနှုန်းမို့ အလေးအနက်ဝေဖန် စဉ်းစားစရာဖြစ်နေပါတယ်။

တကယ်ဆိုတော့ ကျွန်ုပ်တို့တွေဟာ ခေတ်ရဲ့သားကောင်အဖြစ် ယုံကြည်လက်ခံဖို့ရာ မသင့်တော်တာ အမှန်ပါဘဲ။ 


စင်စစ် ခေတ်စနစ်ဆိုတာ ပြုပြင်ဖန်တီးမှုကို ခံယူနေကြတဲ့ လူသားတွေရဲ့ သားကောင်သာဖြစ်ပါတယ်။ 

ခေတ်ဆိုတဲ့ ဝေါဟာရဟာ နိုင်ငံရေးနယ်ပယ်တွင်း သက်ဆိုင်ရာလူသား တွေရဲ့ပြုမူဆောင်ရွက်မှုအပေါ် မူတည်ပြီး ဖြစ်ပေါ်လာရတဲ့ အကျိုးဆက် တခုသာဖြစ်ပါတယ်။ 

တဖက်မှာလည်း ကျွန်ုပ်တို့ကိုယ်တိုင် အပါအဝင်ဖြစ်တဲ့ လူ့ပတ်ဝန်းကျင်တွေရဲ့ဖန်တီးမှုကြောင့် ပေါ်ထွန်း လာရတဲ့ ခေတ်ရေစီးကြောင်းထဲမှာ အတက်အကျစီးမျောရင်း မိမိတို့ကံကြမ္မာကို ယိုးမယ်ဖွဲ့ကာ လည်စင်း ခံနေတတ်ကြပါတယ်။ 

စနစ်ကိုပြုပြင်ဖန်တီးကြတဲ့နေရာမှာ သက်ဆိုင်ရာပြည်သူတွေရဲ့အဆုံးအဖြတ်ကို မျက်ကွယ်ပြုလို့ ရနိုင်တဲ့ အခွင့်အလမ်းမျိုးက ဒီနေ့ကမ္ဘာမှာ လက်ကျန်ကလေးမျှတောင် ချန်ထားလို့မဖြစ်နိုင်တော့တဲ့ အခြေနေ ကိုရောက်နေပါပြီ။ 

အတ္တလိုအင်တွေ အတောမသတ်နိုင်ကြတဲ့ အာဏာရှင်တွေရဲ့ ရွှေအိုရောင်အိပ်မက်တွေကလည်း တဖြုတ်ဖြုတ်နဲ့ နိဂုံးကမ္ပဋ် အဆုံးသတ်နေကြရတဲ့ အချိန်အခါလို့ဆိုကြရမှာပါ။ 

သို့ပေမယ့်လည်း ကမ္ဘာ့ကုလသမဂ္ဂရဲ့ ကိုလိုနီနိုင်ငံဖျက်သိမ်းပေးရေး ဥပဒေပါ ပဋိဉာဏ် စာတမ်းကြီး
အောက်မှာ အကြွင်းကျန်ကလေးမျှသာ ရှိတော့တဲ့ ကျွန်ပြုခံလူမျိုး တချို့နဲ့ လွတ်လပ်ရေး လောင် ရိပ်အောက်က အကြောက်တရားလွှမ်းခြုံနေကြဆဲ ပြည်သူတချို့ဟာ အဏာရှင်တွေရဲ့ ရပ်တည် နေနိုင်မှု အခွင့်လမ်းတချို့ကို အာမခံပေးရာရောက်နေသေးတယ်လို့ ဆိုရအုံ့မယ်ထင်ပါတယ်။

တကယ်ဆိုတော့လည်း လွတ်လပ်မှု၊ တရားမျှတမှုနဲ့၊ လူ့အခွင့်အရေးတွေထွန်းကားနေတဲ့ အခြေအနေ 
အောက်မှာ ကျွန်ုပ်တို့တွေဟာ ဘာကြောင့် ခေတ်ဆိုးစနစ်ဆိုး တွေရဲ့ သားကောင်ဘဝမျိုးနဲ့ လည်စင်းခံနေကြရတာလဲ။ 

မဟုတ်တာမမှန်တာကို သိမြင်ပါလျှက်နဲ့ အကြောက်တရားလွှမ်းမိုးနေမှုကို တွန်းလှန်ဖယ်ရှားဖို့ ဘာကြောင့် စိုးရွံ့နေကြရတာလဲ။ မတော်မတရားဖိနှိပ်အုပ်ချုပ်မှုကို ဘာကြောင့် ငြိမ်ခံနေကြရတာလဲ။

ဒါတွေဟာ ဖိနှိပ်အုပ်ချုပ်ခံနေရသူတွေရဲ့လိုအပ်ချက်တွေကို မီးမောင်းထိုးပြနေပြီး၊ ခေတ်အဆက်ဆက် အကဲစမ်းနေကြမယ့် မေးခွန်းတွေဘဲဖြစ်ပါတယ်။ 

“ဘာကြောင့်ဘဲနာခံနာခံ၊ နာခံတာနဲ့ ထောက်ခံတာ ရလဒ်ကတော့ အတူတူပါဘဲ” လူဖြူလူမဲ ခွဲခြားမှုစနစ် ကိုဆန့်ကျင်ပြီး လူသားတွေရဲ့အမှန်တကယ် ရပိုင်ခွင့်တွေအတွက် ရဲရဲတောက်တိုက်ပွဲဝင်ခဲ့သူ၊ ကျွန်-သခင် ဆက်ဆံရေး စနစ်ဆိုးကြီးကို ရိုက်ချိုးဖျက်ဆီးခဲ့သူ ဒေါက်တာ မာတင်လူသာကင်းရဲ့အဆိုအမိန့်ဟာ လက်ရှိ ကျွန်ုပ်တို့ကြုံတွေ့နေကြရဆဲ အခြေနေတွေကို တွန်းအားပေးလျှက် ရှိနေပါတယ်။ 

ဒီတော့ မတော်မတရား ဖိနှိပ် သိမ်းပိုက်အုပ်ချုပ်သူ အာဏာရှင်တွေရဲ့ ညှင်းပမ်းနှိပ်စက်မှု အောက်က ကင်း လွတ်အောင် ဘယ်လိုရုန်းထွက်နိုင်ကြမလဲ။ 

လွတ်လပ်မှုနဲ့ တရားမျှတမှုတွေပေါ်ထွန်းလာရေး အတွက် ဘယ်လိုဖန်တီးယူကြမလဲ။ ရိုးရှင်းပါတယ်။ မဟုတ်တာမမှန်တာကို ကျွန်ုပ်တို့ကိုယ်တိုင်က လက်မခံဘူးဆိုရင် အဲဒီမဟုတ်မမှန်တဲ့ အမိန့် အာဏာစက်
တွေဟာ ကျွန်ုပ်တို့ဝန်းကျင်နယ်ပယ်မှာ ဂုဏ်ယူဝင့်ကြွားစွာ ရပ်တည်ဖို့ဆိုတာ မဖြစ်နိုင်ပါ။ 

ဗဟိဒ္ဓသဏ္ဍာန်အားဖြင့် အားပေးထောက်ခံမှုကို မပြတဲ့ လူထုတွေရဲ့အလယ်မှာ အကျဉ်းတန်လွန်းတဲ့ အမိန့်အာဏာမျိုးဟာ ဘယ်လိုမှ ရေရှည်စခန်းသွားလို့ ဖြစ်နိုင်မှာမဟုတ်တာက သေချာပါတယ်။

ဒါကြောင့်မို့ မကောင်းမှုအနိဌာရုံတွေကို ဥပက္ခာပြုပြီး၊ ကိုယ်နဲ့မဆိုင်သလိုငေးကြည့်နေမယ့်အစား မိမိနဲ့ အမှန်တကယ် သက်ဆိုင်နေတဲ့ လူမှုဝန်းကျင် အပေါ်တာဝန်ရှိသူပီပီ တခုခုလုပ်ဆောင်ရမယ်ဆိုတဲ့ အသိမျိုးနဲ့ ပါဝင်သင့်ပါတယ်။ 

လူတိုင်းလူတိုင်းဟာ လူမှုဝန်းကျင့်နဲ့ကင်းကွာလို့မဖြစ်နိုင်တဲ့အလျောက် ကောင်းသောပတ်ဝန်းကျင်ရဲ့ အကျိုး သက်ရောက်မှုကို ခံစားနိုင်ဖို‹အတွက် ကိုယ်တိုင်ပါဝင်ဖန်တီးမှုပြုရတာဟာ ရှောင်လွှဲလို့ မဖြစ်ကောင်းတဲ့ တာဝန်ပါ။ 

ဒီလိုအသိမျိုးနဲ့လုပ်သင့် လုပ်ထိုက်တဲ့ အမျိုးသားရေးဆိုင်ရာလူမှုတာဝန်တွေကို ခိုင်မာစွာယုံကြည် ထားကြမယ်ဆိုရင် တရားမျှတပြီး ငြိမ်းချမ်းတဲ့ ပတ်ဝန်ကျင်ကောင်းတခုကို ဖန်တီးယူနိုင်ကြမှာ မလွဲဧကန်ပါဘဲ။ 

ကမ္ဘာ့ငြိမ်းချမ်းရေးဆိုတဲ့ ကြွေးကြော်သံဟာ လူသားအားလုံးတို့ရဲ့လိုအင်ကိုရှေးရှုနေတာမို့ သက်ဆိုင်ရာ နယ်ပယ်ဒေသ အသီး သီးမှာ တဦးချင်းတဖွဲ့ချင်းစီရဲ့ပျော်ရွှင်ချမ်းမြေ့စွာ အတူတကွနေထိုင်ရေးဆန္ဒဟာ အင်မတန်အရေးကြီးပါတယ်။ 

လူသားတွေရဲ့ ငြိမ်းချမ်းရေးဟာ လွတ်လပ်ပြီး တရားမျှတမှုတွေ လွှမ်းမိုးတဲ့ လူ့ပတ်ဝန်းကျင်တွေကို အခြေခံထား၍သာ ဖန်တီးယူနိုင်ကြမှာဖြစ်ပါတယ်။ 

ဒီလိုပတ်ဝန်းကျင်မျိုးဖြစ်လာဖို့ဆိုရာမှာ လူသားမျိုးနွယ်ကိုယ်စီတို့ရဲ့နောက်ခံသမိုင်း၊ သက်ဆိုင်ရာ ပထဝီ အနေအထား၊ ပစ္စုပ္ပန် ဘဝရပ်တည်မှုအခြေအနေနဲ့ ၄င်းတို့ရဲ့အနာဂတ်မျှော်မှန်းချက်စတဲ့အရာတွေကို ယျထာဘူတကျကျ ရှာဖွေရှုမြင်ပြီး၊ မှန်မှန် ကန်ကန် အားထုတ်မှုပြုကြဖို့လိုပါတယ်။ 

အနာဂတ်ငြိမ်းချမ်းရေး ခရီးရှည်ကြီးကို မျှော်မှန်းချက်ကြီကြီးမားမားနဲ့ ရည်ရွယ်ထား ကြတယ်ဆိုရင် သက်ဆိုင်ရာ လူ့ဘောင်အသိုက်အမြုံကိုယ်စီအတွက် ၄င်းတို့ရဲ့အတိတ်ဖြစ်စဉ်နဲ့ လက်ရှိဖြစ်တည်နေရမှု ဘဝ အခြေအနေအပေါ် ကျိုးကြောင်းဆက်စပ်မှုရှိတဲ့ အမှန်တရားရှုထောင့်ကနေ အသိအမှတ်
ပြုတတ်ဖို့ဟာ အဓိကဖြည့်တင်းကြရ မယ့်အချက်တွေဖြစ်ပါတယ်။ 

လူသားမျိုးနွယ်တိုင်းမှာ ဘာသာရေးအရဖြစ်စေ၊ လူမျိုးရေးအရဖြစ်စေ၊ ယဉ်ကျေးမှုအရဖြစ်စေ၊ ပထဝီဒေသ ပိုင်းခြားနေမှု အရဖြစ်စေ၊ ပုဂ္ဂလိကခံစားပိုင်ခွင့်အရပင်ဖြစ်စေ မိမိတို့ယုံကြည်ချက်အတွက် အမှန်တရား ကိုယ်စီ ရှိတတ်ကြစမြဲပါဘဲ။ 

ဒါတွေဟာ ကိုယ်စီခံစားပိုင်ခွင့်ရှိတဲ့အမှန်တရားမို့ သဘာဝကျတယ်လို့ဆိုကြရမယ်ထင်ပါတယ်။ ယေဘုယ အားဖြင့်ကြည့်မယ်ဆိုရင် ဘိုးဘွားအစဉ်အလာအရ ယဉ်ကျေးမှုကိုအခြေခံပြီး စီးဆင်းလာတဲ့ ယုံကြည်ချက်
တွေဟာ အင်မတန်ခိုင်မြဲ တတ်တဲ့ သဘောရှိပါတယ်။ 

ဒီလို ဘိုးဘွားအစဉ်အလာအရ သေတမ်းစာဖြင့် နှင်းအပ်ခြင်းခံလိုက်ရတာမျိုးပေါ့၊ အမျိုးသား ယဉ်ကျေးမှု အရ အမြုတေလက်ဆင်းကမ်းလာတဲ့ အယူအဆ (ဝါ) ယုံကြည်ချက်တွေကို အသာစီးရနေတဲ့ အာဏာရှင် ရှုထောင့်ကနေ အတင်းအဓမ္မဖြေရှင်း (ဖြိုခွင်း)ဖို့ အားထုတ်နေခြင်းမျိုးဟာ ဒေသဆိုင်ရာ ငြိမ်းချမ်းရေးကို ခြိမ်းခြောက်ရာရောက်ပါတယ်။ 

တကယ်တော့ ကမ္ဘာကြီးငြိမ်းချမ်းရေးကိုလည်း တရားဝင် ဆန့်ကျင်ရာရောက်နေတာ အမှန်ပါဘဲ။ နိုင်ငံရေး အရဖြစ်စေ၊ လူမျိုးရေး အရဖြစ်စေ၊ အဖိနှိပ်ခံနေရသူတွေရဲ့ အမြင်မှာ သမိုင်းကိုအခြေခံတဲ့ အမှန်တရား ရှုထောင့်ဟာ တရားမျှတတဲ့ယုံကြည်မှုအဖြစ်ခံယူပြီး၊ မူလရပိုင်ခွင့်တွေကိုရယူဖို့ စဉ်ဆက်မပြတ်ရုန်းကန် အားထုတ်နေကြမှာပါ။ 

အမျိုးသားရပိုင်ခွင့်တွေ ဆုံးရှုံးနေသူတွေအဖို့ ၄င်းတို့အတွက် သမိုင်းပုံရိပ်ဟာ အမှန်တရားရဲ့သောချက်
ဖြစ်နေတာကြောင့် မူလအခွင့်အရေးတွေနဲ့ကင်းလွတ်နေသ၍ ဆန့်ကျင်လှုပ်ရှားမှု (တော်လှန်ရေး) ကို ဆက်လက်ဆောင်ရွက်နေကြမှာ သေချာပါတယ်။ ဒီတော့ အမျိုးသားရေး လိုအပ်ချက်ကြောင့် ဖြစ်ပေါ်နေ တဲ့နိုင်ငံရေးပြဿနာတခုကို အသင့်တော်ဆုံးနဲ့ အကောင်းဆုံး ဖြေရှင်းဖို့ ကြိုးစားကြတဲ့နေရာမှာ ကိုယ်စီ အကျိုးစီးပွားကို အခြေခံတဲ့ ချိန်ခွင်လျှာနဲ့ ထိုက်ထိုက်တန်တန်ညှိယူကြဖို့ မရှိမဖြစ် လိုအပ်ပါတယ်။ 

ရှည်လျားစွာသော အနာဂတ်လူ့ဘောင်ခရီးအတွက် စစ်မှန်တဲ့ငြိမ်းချမ်းရေးလမ်းကို စေတနာပါပါလျှောက် လှမ်း လိုကြတယ်ဆိုရင် တဖက်သတ်အမြင်နဲ့ စဉ်းစားတွေးခေါ်တဲ့လုပ်ရပ်တွေကို ကန့်လန့်ကာချပြီး၊ သက်ဆိုင်သူတွေ အားလုံး လွတ်လပ်စွာပါဝင်နိုင်တဲ့ ပတ်ဝန်းကျင်ကောင်းတခုကို မလုပ်မဖြစ် ဖန်တီးယူကြ ရမှာ အမှန်ပါဘဲ။ 

အရိုးရှင်းဆုံး တွေးစတမ်းဆိုရင် ငြိမ်းချမ်းတဲ့ လူ့ဘောင်သစ်တခု တည်ဆောက်နိုင်ဖို့ ဆိုတာ လွတ်လပ်
သော နိုင်ငံ၊ လူ့ခွင့်အရေးတွေ ကို အပြည့်ဝပေးစွမ်းနိုင်တဲ့ အုပ်ချုပ်မှုစနစ်၊ တရားမျှတမှု ရှိတဲ့ လူ့ အဖွဲ့အစည်း စတဲ့ ဘောင်နယ်နိမိတ် အတွင်းမှာသာ ဖြစ်ပေါ်နိုင်တာမို့ ၄င်းနယ်နိမိတ်အတွင်း သက်ဆိုင်သူတိုင်း အလေးအနက် ဆင်ခြင်သင့်ပါတယ်။ 

တိုင်းပြည် တပြည်ရဲ့ ဖွံ့ဖြိုး တိုးတက်မှုနဲ့ ငြိမ်းချမ်းသာယာမှု အနေအထားကို ဖန်တီးကြတဲ့နေရာမှာ လူထုက ရွေးချယ်တင်မြှောက်ခြင်းခံရတဲ့ အဖွဲ့အစည်း တရပ်အနေဖြင့်သာ ပြည်သူကိုကိုယ်စားပြုခြင်းဖြင့် အမျိုးသားရေး ကံကြမ္မာအတွက် အသင့်တော်ဆုံးသောအခွင့်အလမ်းကို ဖော်ဆောင်ပေးနိုင်မှာပါ။ 

လွတ်လပ်သော လူထုလူတန်းစားတွေကို အခြေခံပြီး ဖြစ်ပေါ်လာတဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေရဲ့ အကျိုးဆက်ဟာ သက်ဆိုင်ရာ ပြည်သူလူထုရဲ့ လူနေမှုဘဝကို ခြိမ်းခြောက်နိုင်ဖို့ အခွင့်အလမ်းက အင်မတန်နည်းပါးပါတယ်။ 

ဒါကြောင့်မို့ ခေတ်မီဖွံ့ဖြိုးတိုးတက်ပြီး ငြိမ်းချမ်းသာယာတဲ့လူ့ဘောင်သစ်တခုကို မျှော်မှန်း တည်ဆောက်ကြ မယ်ဆိုရင် လူထုရဲ့ အခန်းကဏ္ဍကိုမျက်ကွယ်ပြုလို့ မဖြစ်နိုင်သလို၊ လူထုလူတန်းစားတွေအနေနဲ့လည်း မိမိတို့ရဲ့ အရေးပါမှုကို အလေးအနက် ယုံကြည်ပြီး တာဝန်သိသိပြုမူဆောင်ရွက်ကြရမှာဖြစ်ပါတယ်။ 

အကယ်၍ ပြည်သူလူထုတွေရဲ အခန်းကဏ္ဍဟာ မှေးမှိန်နေမယ် ဆိုရင်---၊ 

တနည်းအားဖြင့်ပြော ရရင် ပြည်သူ လူထုဟာ အုပ်ချုပ်သူ(အာဏာရှင်) လူတန်းစားတို့ရဲ့ ထားရာနေ၊ စေ ရာ သွား၊ ခိုင်းတာ လုပ်နေကြရတဲ့ သားကောင်ဘဝကို ရောက်နေတယ်ဆိုရင်--၊

သားကောင်တွေရဲ့ ဘဝငြိမ်းချမ်းရေး အိပ်မက်ဟာလည်း သာယာနာပျော်ဖွယ် အခွင့်အလမ်းနဲ့ အဝေး ဆုံး ဝေးနေကြမှာ သေချာပါတယ်။ 


ငြိမ်းချမ်းရေး အိမ္မက်ဖြင့်

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved