ကလေးမြို့မှာ လက်ပံတောင်းတောင်အရေး ဆွေးနွေး

Friday, November 2, 2012

စစ်ကိုင်းတိုင်း ကလေးမြို့ ၊ ရှန်းဟုန်ခန်းမမှာ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းနဲ့ပတ်သက်တဲ့ ဆွေးနွေးပွဲ တခုကို ဒီနေ့မနက်ပိုင်းက ကျင်းပခဲ့ပါတယ်။ 

ချင်းတွင်းလူငယ်ကွန်ယက်က ဦးဆောင်လုပ်တဲ့ ဒီဆွေးနွေးပွဲမှာ လက်ပံတောင်းဒေသက ဘုန်းတော်ကြီးတွေ၊ ကျောင်းသားသမဂ္ဂအဖွဲ့ဝင်တွေ၊ လက်ပံတောင်းဒေသခံတချို့နဲ့ ကလေးဒေသခံတွေ တက်ရောက်ဆွေးနွေးခဲ့ပါတယ်။ 

လက်ပံတောင်းတောင် ကြေးနီစီမံကိန်း အဆုံးတိုင်ရပ်တန့်ဖို့အရေးမှာ လက်ပံတောင်းဒေသက ပြည်သူတွေနဲ့အတူ ဆက်လက်ပူးပေါင်းလုပ်ဆောင်သွားဖို့ ဆွေးနွေး ဆုံးဖြတ်ခဲ့ပြီး လက်ပံတောင်းကြေးနီစီမံကိန်းအပါအ၀င် မြန်မာပြည်သူတွေအတွက် အကျိုးအမြတ်မရှိတဲ့ ဘယ်စီမံကိန်းကိုမဆို လက်မခံနိုင်တဲ့အကြောင်း သဘောထားထုတ်ပြန်ခဲ့တယ် လို့ သိရပါတယ်။ 

 
ဒါ့အပြင် လက်ပံတောင်းကြေးနီစီမံကိန်းဖြစ်ရပ်ကို နမူနာယူပြီးတော့ မြန်မာပြည်တ၀ှမ်းမှာရှိတဲ့ စီမံကိန်းတွေမှာ ဒေသခံတွေရဲ့ ရပိုင်ခွင့်၊ ဒေသခံတွေရဲ့ လုပ်ပိုင်ခွင့်တွေကို သိနားလည်အောင် ပညာပေးတာတွေလုပ်ဖို့၊ စီမံကိန်းလုပ်ငန်းတွေမှာ ပွင့်လင်းမြင်သာမှုတွေရှိအောင် တိုက်တွန်းနှိုးဆော်ဖို့တွေလည်း ရှိတယ်လို့ ဆိုပါတယ်။ 

ကလေးဒေသမှာရှိတဲ့ ခရိုမီယံသတ္တုထွက်တဲ့ မြွှေတောင်၊ ဖားတောင်မှာလည်း သတ္တုတူးဖော်ရေးတွေ လုပ်ဖို့ ဘူမိဗေဒပညာရှင်တွေ လာရောက်စစ်ဆေးနေတာ ရှိတဲ့အကြောင်း၊ ဒီမြွေတောင်ဖားတောင်မှာလည်း သတ္တုတူးဖော်ရေးတွေ လာလုပ်ရင် ပတ်ဝန်းကျင်ပျက်စီးမှာကို စိုးရိမ်တာကြောင့်၊ လက်ပံတောင်းတောင် ဖြစ်ရပ်ကို နမူနာယူပြီး ပတ်ဝန်းကျင်ပျက်စီးမှု၊ ပတ်ဝန်းကျင် ဒေသခံတွေ လယ်ယာမြေ ဆုံးရှုံးတာတွေ မဖြစ်အောင် ကြိုတင်ကာကွယ်ဖို့ ပြည်သူလူထုကို ပညာပေးတာတွေလည်း လုပ်သွားမယ်လို့ ချင်းတွင်းလူငယ်ကွန်ယက်က ပြောပါတယ်။ 



ဓာတ်ပုံတွေ ပို့ပေးတဲ့ ချင်းတွင်းလူငယ်ကွန်ယက် ကို ကျေးဇူးတင်ပါတယ်။

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved