ချက်နိုင်ငံက မြန်မာ့အရေး ဆွေးနွေးပွဲ

Friday, November 2, 2012





~





(ဓာတ်ပုံများ - သိဒ္ဓိ)
ရခိုင်ဒေသ ပဋိပက္ခဖြစ်ပွားမှု ကြီးထွားလာအောင် အစိုးရက တနည်းတဖုံ စီစဉ်ဆောင်ရွက်ခဲ့ပုံရတယ်လို့ သံသယဖြစ်မိကြောင်း နိုင်ငံရေးအကျဉ်းသားဟောင်း ဆရာတော် ဦးဇ၀နက  ချက်သမ္မတနိုင်ငံ ရောက်ရှိစဉ် တနင်္လာနေ့က မိန့်ကြားပါတယ်။

ဒီပဋိပက္ခကို  အခွင့်ကောင်းယူ အသုံးချပြီး နာမည်ကောင်းရအောင်လုပ်နေတာဖြစ်ပုံရတယ်၊ ဒါဟာ ၂၀၁၅ ရွေးကောက်ပွဲမှာ လူထုထောက်ခံမှုရဖို့အတွက် ပြင်ဆင်နေတာဖြစ်လို့ ယူဆကြောင်း မြန်မာပြည်မှာ ၁၆ နှစ်ကြာ အထိန်းသိမ်းခံရဖူးတဲ့ ဆရာတော် ဦးဇ၀နက ဆက်ပြီး သုံးသပ်ပြပါတယ်။

ချက်သမ္မတနိုင်ငံ၊ ပရက်ဂ်မြို့တော် FAMU International ရုပ်ရှင် အနုပညာ အကယ်ဒမီကျောင်းရဲ့ အခမ်းအနားတခုမှာ မိန့်ကြားလိုက်တာပါ။

အခမ်းအနားမှာ ၂၀၀၇ ရွှေဝါရောင်တော်လှန်ရေး နဲ့ မြန်မာ့သတင်းသမားတွေအကြောင်း ရိုက်ကူးထားတဲ့ အော်စကာဆု စာရင်းဝင် Burma VJ ရုပ်ရှင်ကိုလည်း ပြသပါတယ်။ ရုပ်ရှင်သင်တန်းကျောင်းက သင်တန်းသားတွေ တက်ရောက်ပါတယ်။ 

 
Burma VJ ပြသအပြီး ဟောပြောရာမှာ ပရိသတ်ရဲ့ မေးမြန်းဆွေးနွေးတဲ့အစီအစဉ်လည်း ပါဝင်ပါတယ်။

မေးခွန်းတခုကတော့ ရဟန်းသံဃာနဲ့ နိုင်ငံရေးမှာ ပါဝင်လှုပ်ရှားမှုအကြောင်းပါ။

မြတ်စွာဘုရားက ဟောကြားတော်မူခဲ့တဲ့အတိုင်း တကာ တကာမတွေ ကြုံတွေ့ရင်ဆိုင်နေရတဲ့ အခက်အခဲတွေကို လျစ်လျူရှု  ရပ်ကြည့်လို့မရတာကြောင့် ဒီမိုကရေစီ လှုပ်ရှားမှုမှာ ၀င်ပါခဲ့ရတာပါ လို့ ဆရာတော်က ပြန်လည် ဖြေကြားခဲ့ပါတယ်။

ထောင်ထဲမှာ ၁၆ နှစ် နေခဲ့ရစဉ်အတွင်း နှိပ်စက်ခံရပုံ၊ ရာဇ၀တ်သားတယောက်လို ဆက်ဆံခံရပုံတွေကို ဆရာတော်က ရှင်းပြပါတယ်။

မြန်မာပြည်မှာ ပြောင်းလဲမှုများ ရှိနေပေမယ့် သံဃာတွေက ဖိနှိပ်ခံနေရတယ်၊ အဖွဲ့ ဖွဲ့ခွင့်မရတာ၊  စောင့်ကြည့်ခံနေရတာတွေကိုလည်း ဆရာတော်က ရှင်းပြပါတယ်။

သံဃာတွေ ညီညွတ်ရေးပျက်အောင်  အစိုးရက လုပ်ထားတာပဲလို့ ဆိုပါတယ်။

အခမ်းအနားမှာ ဧရာဝတီ မဂ္ဂဇင်း အယ်ဒီတာ အောင်ဇော်နဲ့ Forum for Democracy in Burma - FDB ရဲ့ အတွင်းရေးမှူး ကိုစိုးအောင်တို့လည်း တက်ရောက်ပါတယ်။
ကိုစိုးအောင်ရဲ့ ပြောဆိုချက်ထဲမှာတော့ မြန်မာအစိုးရရဲ့အသွင်ပြောင်းပုံအကြောင်း ပါဝင်ပါတယ်။ အစိုးရက ဒီမိုကရေစီ  အမည်ခံထားတာ တနှစ်ကျော်ကြာလာပေမယ့် နိုင်ငံရေးအကျဉ်းသားတွေ ဆက်ပြီး ရှိနေပုံ၊
သူ အပါအ၀င် ဒီမိုကရေစီအရေး လှုပ်ရှားသူကို  အမည်မည်းစာရင်းထဲ ထည့်ထားပုံတွေကိုလည်း ထောက်ပြသွားပါတယ်။

ဧရာဝတီ အယ်ဒီတာ အောင်ဇော်ကလည်း မြန်မာပြည်မှာ ရာဇ၀တ်မှုနဲ့ထောင်ကျနေသူတွေ အများအပြားကို လွှတ်ပေးပေမယ့် နိုင်ငံရေးသမားတချို့ကိုတော့ ဆက်ပြီး ထိန်းသိမ်းထားကြောင်း ထည့်သွင်း ပြောဆိုသွားပါတယ်။

 
ဗိုလ်ချုပ်ကြီးတွေက သူတို့ အုပ်ချုပ်ခဲ့စဉ်ကာလ ကျူးလွန်ခဲ့တာတွေနဲ့ ပတ်သက်ပြီး အဲဒီလို လုပ်ခဲ့မိကြောင်း ထုတ်ဖော်ပြောဆိုရမယ်၊ ဒါမှ အမျိုးသားပြန်လည်သင့်မြတ်ရေးဆီကို ဦးတည်နိုင်မယ်လို့ ဆိုပါတယ်။

အနောက်နိုင်ငံတွေက ဒဏ်ခတ်ပိတ်ဆို့မှုတွေကို လျှော့ချပေးခဲ့တယ်၊ သို့သော်လည်း ဒီလိုရုပ်သိမ်းလျှော့ချရာမှာ မြန်မာအာဏာပိုင်တို့ရဲ့ အပြောင်းအလဲဖော်ဆောင်မှု လုပ်ရပ်က ဟန်မကျဘူးဆိုရင် ဘယ်လို ဆက်လက် ကိုင်တွယ်မလဲလို့ မေးခွန်း ထုတ်လိုက်ပါတယ်။




--

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved