~
သန့်စင်ငြိမ်းချမ်း ~
မြေယာသိမ်းခံရမှုများနှင့်ပတ်သက်၍ ဧရာဝတီတိုင်း ရွှေသောင်ယံမြို့နယ်ခွဲ ချောင်းသာရွာမှ လယ်သမားများက ဆန္ဒပြခဲ့ကြရာ၌ မူလတင်ပြထားသည့် ကြွေးကြော်သံ ၃ ခုအပြင် `ဦးဆန်းဆင့် (တိုင်းလွှတ်တော်ဥက္ကဋ္ဌ) ကျန်းမာပါစေ´ နှင့် ´ဦးသိန်းအောင် (တိုင်းအစိုးရ၀န်ကြီးချုပ်) ချမ်းသာပါစေ´ ဟု ထည့်သွင်း ကြွေးကြော်ခဲ့သည်။
ထို့ကြောင့် ဆန္ဒပြခေါင်းဆောင် ကိုသိပ္ပံစိုးနှင့် ဦးတင်မြင့်တို့အား ပုသိမ်မြို့နယ်ရဲမှူးကြီးနှင့် မြို့နယ် အထွေထွေ အုပ်ချုပ်ရေးဌာန ဦးစီးမှူးတို့က မြို့နယ် ထွေ/အုပ်ရုံးတွင် ခေါ်ယူကာ နောက်နောင်တွင် အာဏာပိုင်များထံ တင်ပြထားသည့် ကြွေးကြော်သံမှလွဲ၍ အပိုတွေ မကြွေးကြော်ရန် ခံဝန်လက်မှတ် ရေးထိုးစေခဲ့သည်။
`သူတို့က မေးတယ်။ သူတို့နှစ်ယောက်ကို ခွဲပြီးတော့ ဘာကြောင့်ကြွေးကြော်တာလဲပေါ့။ ကျနော်တို့ ပြဿနာတွေ ဖြေရှင်းပေးနိုင်မှာက ဒီတိုင်းမှာ ဦးသိန်းအောင်နဲ့ ဦးဆန်းဆင့် ဒီ ၂ ယောက်ပဲ ရှိတယ်။ ဒါကြောင့် သူတို့ကို မေတ္တာပို့တာပါလို့ ပြောလိုက်တယ်´ဟု ခံဝန် လက်မှတ်ထိုးခဲ့ရသူ ချောင်းသာရွာသား ကိုသိပ္ပံစိုးက ဧရာဝတီကို ပြောသည်။
ဆန္ဒပြပွဲတွင် ဒေသခံများက`ခရိုနီလက်သစ်များ အလိုမရှိ´၊ `အဓမ္မ မြေယာသိမ်းမှုရပ်´၊ `အသိမ်းခံလယ်ယာမြေများ ပြန်ပေး´စသည်တို့ ကြွေးကြော်ခဲ့ကြသည်။
`ကျနော်တို့က ဆန္ဒပြခွင့် ၃ ခါတင်ခဲ့ပြီးမှ ချပေးလိုက်တော့ ပွဲပြီးတဲ့အခါမှာ ကျေးဇူးတင်တဲ့အကြောင်း ပြောတာပါ။ ကျေးဇူးတင်တဲ့ဟာကို ပိတ်ပင်တယ်ဆိုတော့ ကျနော်တို့အခွင့်အရေးကို ချိုးဖောက်တာပါပဲ။ လူ့အခွင့်အရေး ဆုံးရှုံးတဲ့ပုံစံ ဖြစ်နေတယ်´ဟု ဦးတင်မြင့်က ပြောသည်။
ချောင်းသာလယ်မြေများကို မြို့ပြတည်ဆောက်ရန်အတွက်ဟုဆိုတာ ၁၉၉၉ ခုနှစ် ယခင် နအဖအစိုးရ လက်ထက်တွင် ဗိုလ်မှူးရင်စိန်က သိမ်းယူခဲ့ခြင်းဖြစ်ပြီး မြေယာအတွက် လျော်ကြေးငွေ အနည်းငယ်သာ ရခဲ့သည်ဟု နစ်နာသူများက ဆိုသည်။
မြန်မာနိုင်ငံတွင် ဧရာဝတီတိုင်းဒေသကြီးနှင့် ရန်ကုန်တိုင်းဒေသကြီးတို့မှာ မြေယာအသိမ်းခံရမှုအများဆုံး ဖြစ်ပြီး သိမ်းခံရသည့်ပမာဏ ဧကသိန်းနှင့်ချီရှိသည်ဟု မြေယာကော်မရှင်က ထုတ်ဖော်ပြောဆိုထားသည်။
-
0 comments :
Post a Comment