အိုဘားမားခရီး နဲ့ ရန်ကုန်မြို့ လမ်းပိတ်ဆို့မှု

Wednesday, November 21, 2012



                                   

~

မန်းသားလေး ~

သမ္မတ အိုဘားမား၏ ရန်ကုန်မြို့ ခရီးစဉ်အတွင်း လမ်းကြောများ စနစ်တကျ လွှဲပေးနိုင်မှု အားနည်းသည့် အတွက်  နေရာတချို့တွင် အချိန်အတော်ကြာ လမ်းပိတ်ဆို့မှုများဖြစ်ပေါ်ပြီး မြို့တွင်း ခရီးသွားများ၊ အလုပ်သွား အလုပ်ပြန်သူများ ဒုက္ခရောက်ခဲ့ရသည်။
 

“ကျမတို့ ရုံးချိန်က မနက် ၉ နာရီပါ။ ဒါပေမဲ့ ၉ နာရီခွဲလောက်ထိတော့ ရုံးက လက်ခံတယ်။ အိုဘားမား လာတဲ့နေ့က ရုံးကို ၁၁ ခွဲလောက်မှ ရောက်တာ။ လမ်းတွေကို သေချာ မလွှဲပေးတဲ့အတွက် မသက်ဆိုင်တဲ့ လမ်းတွေကို ရောက်သွားတယ်။ နောက်ပြီး လမ်းမှာ ကားတွေပိတ်နေတော့ နောက်ဆုံး လမ်းလျှောက်ကြ ရတယ်။လမ်းလျှောက်ရတဲ့လူတွေ လည်း အများကြီးပဲ။ တော်တော်ဒုက္ခရောက်ခဲ့ရပါတယ်” ဟု ကျောက်တံတား မြို့နယ်ရှိ ရုံးသို့ နေ့စဉ် အလုပ်ဆင်းရသည့် စမ်းချောင်းမြို့နယ်မှ အမျိုးသမီးတဦး က ပြောသည်။

ခရီးသွားပြည်သူများသာမက တက္ကစီမောင်းသူများ၊ ဘတ်စ်ကားများနှင့် ကိုယ်ပိုင်ယာဉ်များ ပိတ်နေသည့် လမ်းများပေါ်တွင် အချိန်အတော်ကြာ သောင်တင်သွားကြသည်။ ယင်းပိတ်ဆို့များကြောင့် လိုင်းကားများ လည်း ခေါက်ရေနည်းပါးပြီး တက္ကစီများလည်း ခေါက်ရေ မရခဲ့ကြောင်း သိရသည်။

“ကျနော်ဆို ခရီးသည်တဦးကို နှစ်ထောင့်ငါးရာနဲ့ တင်လာတာ။ ရွှေဂုံတိုင်လည်း ရောက်ရော ကားတွေ ပိတ်နေတာမှဗျာ ... အများကြီးပဲ။ ကျနော်လည်း အဲဒီမှာ  ၃ နာရီကျော်လောက် ပိတ်မိနေတာ။ အဲဒါ 
ကြောင့် နေ့လည်ပိုင်းက စပြီး ဈေးနည်းနည်းတက်လိုက်ရတယ်” ဟု တက္ကစီသမား တဦးက ပြောသည်။

တချို့နေရာများတွင် ကားလမ်းပိတ်မှုက  ၂နာရီခန့်သာ ကြာသည်ဟု ဆိုသည်။

တက္ကစီသမားများမှာ တနေ့လည်း နေ့တွက် တသောင်းခွဲကျန်အောင် မောင်းနှင်နေရသည်။  တသောင်းခွဲမရပါက အုံနာခ နစ်နာမှုကြောင့် တွက်ချေမကိုက်ဟု သိရသည်။

အနည်းငယ်သော  တက္ကစီသမားများက အိုဘားမား လာရောက်သည့်နေ့ လမ်းကြောင်းများ ပိတ်မိမည်ကို ကြိုတင် သတိပြုမိသောကြောင့် အလုပ်မဆင်းကြဟု ဆိုသည်။

ပိတ်ဆို့မည့်လမ်းများနှင့် အချိန်စာရင်းကို သက်ဆိုင်ရာက ကြိုတင် အကြောင်းကြားထားသော်လည်း ပိတ်ဆို့သည့် လမ်းကြောင်းကို သတ်မှတ်ချိန်ထက် ပိုယူခဲ့သေးသည်။

 ယင်းနှင့် ပတ်သက်ပြီး တာဝန်ရှိသူများကို ဖုန်းဆက်မေးမြန်းရာတွင် တစုံတရာ ပြန်လည်ဖြေကြားနိုင်ခြင်း မရှိပေ။

အိုဘားမားသတင်းလိုက်သူ  ပြည်တွင်းနှင့် ပြည်ပသတင်းထောက်များလည်း  တင်းကျပ်သည့်လုံခြုံရေးအခြေအနေကြောင့် သတင်းယူရမည့် အချိန်များ လင့်ခဲ့ရသည်။ ထို့ပြင် နေရာ အတော်များများတွင် ကားများဝင်ရောက်ခွင့်မပေးသည့်အတွက် ပစ္စည်းများ ထမ်းကာ လမ်းလျှောက်ခဲ့ကြ ရသည်။

“ကျွန်တော်တို့ ဖိတ်ထားတဲ့ ဖိတ်စာကိုလည်း ပြနိုင်တယ်။ သတင်းထောက်ကတ်လည်း ပြပေမဲ့ ကားတွေ ၀င်ခွင့်မပေးဘူး။ လမ်းလျှောက်ခွင့်ပဲ ပေးတယ်။  အဲဒါ ကုက္ကိုင်းလမ်းဆုံကနေ လျှောက်ရတာ တက္ကသိုလ် ၀င်းအထိပဲ.. ကျနော်တို့ လမ်းလျှောက်ရတဲ့အတွက် သယ်ရတဲ့ပစ္စည်းတွေ မနည်းဘူး။ လျှောက်ရတာ လည်း ဝေးတယ်..တော်တော်ကို ပင်ပန်းခဲ့ရပါတယ်” ဟု အိုဘားမားသတင်းနောက်လိုက်သူ  သတင်းထောက် တဦးက ဧရာဝတီကို ပြောသည်။

“အမေရိကန် လုံခြုံရေးအတွက် အဓိက ဆိုတော့ လမ်းကြောတွေ ပိတ်ပြီး လမ်းလျှောက်ရတာကို သိပ်ပြီး အပြစ်ပြောလို့တော့ မရပါဘူး၊ သူ့ကိုဂုဏ်ပြုတဲ့ တပ်ဖွဲ့တောင် အစစ်ဆေးခံရသေးတာဆိုတော့လေ။ အဓိက လမ်းတွေပိတ်ပြီး လမ်းလျှောက်ရတဲ့အတွက် ပင်ပန်းတယ်။ ပစ္စည်းတွေ အလေးကြီး သယ်ရတယ်။ အပြင်မှာ လုံခြုံေ၇းတင်းကြပ်ပေမဲ့ တက္ကသိုလ်ဝင်းအတွင်းထဲမှာ သတင်းယူရတာ အရမ်း အဆင်ပြေပါ တယ်” ဟု NHK သတင်းဌာနမှ ကိုသီဟက ပြောသည်။

အဓိကလမ်းကြောပိတ်ဆို့မှုများ ~
-  ၁၀ မိုင် လမ်းဆုံ
- လေဆိပ်လမ်းနှင့် ပြည်လမ်းဆုံ

- ပြည်လမ်းနှင့် တော်ဝင်လမ်းဆုံ
- ရှစ်မိုင်လမ်းဆုံ

- အေဒီလမ်း မီးပွိုင့်
- ပြည်လမ်းနှင့် အင်းလျားလမ်းဆုံ

- လှည်းတန်းလမ်းဆုံ
- ဟံသာဝတီအ၀ိုင်း

- မြေနီကုန်းမီးပွိုင့်
- လွှတ်တော်ရှေ့

- ပြည်လမ်းနှင့် အလုံလမ်းဆုံ
- ဦးဝိစာရအ၀ိုင်းနှင့် ရွှေတိဂုံမြောက်ဘက်မုခ်လမ်းဆုံ

ယာဉ်တန်း မလာရောက်မီ တနာရီခန့် ကြိုပြီး လမ်းများ ပိတ်ခဲ့သည်။

တက္ကသိုလ်ရိပ်သာလမ်းနှင့် အင်းလျားလမ်းကို အိုဘားမားလာသည့်အချိန်မှ ပြန်သည့်အချိန် ၆နာရီအတွင်း ကားများ ဖြတ်သန်းခွင့် မပေးဘဲ ပိတ်ထားကြောင်း သိရသည်။






















-

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved