လက်ပံတောင်းပဲ့တင်သံ အမှတ် (၂)
Friday, November 30, 2012
 ~
မနေ့က မုံရွာမြို့အနီး လက်ပံတောင်းတောင်မှာ ဆန္ဒပြနေတဲ့ ဒေသခံတွေ၊ သံဃာတွေကို လုံခြုံရေးတပ်ဖွဲ့ဝင်တွေက ၀င်ရောက် ဖယ်ရှား လူစုခွဲရာမှာ  ဆန္ဒပြသူ အများအပြား ထိခိုက်ဒဏ်ရာရသွားကြပါတယ်။
ဆန္ဒပြသူတွေ မီးလောင် ဒဏ်ရာတွေရရှိသွားတယ်၊ ဒေါ်အောင်ဆန်းစုကြည် အဲဒီဒေသကို သွားရောက်ခါနီးမှာ သပိတ်စခန်းတွေ အဖျက်ခံရတယ်၊ ကန့်ကွက်ခံနေရတဲ့ စီမံကိန်းက
တရုတ်အစိုးရကျောထောက်နောက်ခံပြုကုမ္မဏီတခုနဲ့ မြန်မာ့တပ်မတော်ရဲ့ စီးပွားရေးဦးပိုင်လီမီတက် ပူးပေါင်းလုပ်ကိုင်နေတဲ့ စီမံကိန်းဖြစ်တယ် ဆိုတဲ့ အချက်တွေကြောင့်  ဒီသတင်းဟာ ကြာသပတေးနေ့ရဲ့ ထိပ်တန်း နိုင်ငံတကာသတင်းတပုဒ် ဖြစ်သွားပါတယ်။
ဒီဖြစ်ရပ်နဲ့ ပတ်သက်ပြီး မြန်မာပြည် အထူးသဖြင့် ရန်ကုန်မြို့ အလွှာအသီးသီးက ပုဂ္ဂိုလ်များရဲ့ သဘောထားကို ဧရာဝတီ သတင်းထောက်များက မေးမြန်းထားပါတယ်။
သဘောထား စုစည်းမှု အပိုင်း ၂ ကို ဖော်ပြလိုက်ပါတယ်။
***************************************************************
ဦးညီညီလွင်
ပန်းရဲ့လမ်း လူမှုကွန်ယက်အဖွဲ့ဝင်
ပုံတွေ ကြည့်ရတာတော့ မတရားဘူးလို့ ထင်တယ်။ လပြည့်နေ့ နေ့ကြီးရက်ကြီးမှာ။ လက်ပံတောင်း ငြိမ်းချမ်းပါစေလို့ ကျနော် ဆုတောင်းပါတယ်။
တနည်းမဟုတ် တနည်း ဖြစ်နေသလို ဖြစ်နေတယ်။ ကချင် မဖြစ်ရင် ရခိုင်ဖြစ်၊ ရခိုင် မဖြစ်ရင် အခု လက်ပံတောင်း ဖြစ်သွားပြန်ပြီ။ လှည့်ကွက်တွေလား မသိပါဘူးဗျာ။ ဒီမိုကရေစီလမ်းကြောင်း ရှေ့ကို တဖြောင့်ကြီး သွားနေတာ၊ ကောင်းတော့မလိုနဲ့ မဖြောင့်ဖြူးတာတွေ တနည်းမဟုတ် တနည်း ဖြစ်နေတာပါပဲ။ အားလုံး ငြိမ်းချမ်းပါစေ။
***************************************************************
ရဲမှူးကြီးဝင်းခေါင်
စီမံရေးနှင့်လေ့ကျင့်ရေးဌာနညွှန်ကြားရေးမှူး
မြန်မာနိုင်ငံ ရဲတပ်ရင်းဌာနချုပ် (ဓာတ်ပုံ - ကြေးမုံသတင်းစာ)
အခုကတော့ ဒီ အဓိကရုဏ်းနှိမ်နင်းတဲ့ အတိုင်းပဲပေါ့။ အမိန့်တွေ၊ ကြေညာချက်တွေထုတ်၊ သတ်မှတ်တဲ့ အချိန်မကျော်ခင်မှာလည်း လူစုခွဲဖို့အကုန်လုံးပြော၊ ပြောလို့မရတဲ့အချိန်မှာ ဒါကတော့ သူတို့က ပြောတဲ့အချိန်မှာ သူတို့က မီးသတ်ပိုက်တွေနဲ့ ရေတွေဘာတွေနဲ့ အကုန်လုံး ရေပိုက်တွေနဲ့ထိုးပေါ့။
အဓိကရုဏ်းနှိမ်နင်းရေး လက်နက်ဆိုတာကတော့ ဒါနိုင်ငံတကာမှာလုပ်နေတဲ့ အဓိကရုဏ်းနှိမ်နင်းရေး လက်နက်ဖြစ်တဲ့ ဓာတ်ငွေ့ဗုံး၊ မျက်ရည်ယိုဗုံးတို့ အဲဒီဥစ္စာတွေနဲ့ ပစ်ခတ်ဖြိုခွဲခဲ့တယ်။ ဒါကတော့ အဓိကရုဏ်းနှိမ်နင်းရေး အဆင့်တွေအတိုင်းပဲ သွားခဲ့တာပဲ။ ရဲတပ်ဖွဲ့ကတော့ အဲဒီလူအုပ်စုကို ဖြိုခွဲတာတို့၊ အဓိကရုန်းကိုဖြိုခွဲတာတို့က လုပ်ထုံးလုပ်နည်း သူ့မှာအကုန်လုံးရှိနေတာပဲ။ ဥပဒေကလည်း ရှိနေပြီးသား။ လူအုပ်စုတွေကို ဘယ်လိုဖြိုရမယ်၊ ဘယ်လိုလုပ်ရမယ် ဆိုတဲ့ဟာပေါ့နော်။ ဒီအဆင့်တွေ အကုန်လုံးနဲ့ ညီညီညွတ်ညွတ်လုပ်နေရင်တော့၊ ဥပဒေနဲ့ ညီညွတ်စွာပဲ ဆောင်ရွက်နေရင်တော့ ဘာမှပြဿနာမှ မရှိပါဘူး။
အရင်က ကုမ္ပဏီနဲ့ ဖြစ်ရာကနေ အခုက အုပ်ချုပ်ရေးဘက်နဲ့ ဖြစ်လာတဲ့ ပုံစံမျိုး ဆိုတာကိုတော့ ဘာမှ မှတ်ချက်ပေးစရာမရှိပါဘူး။ ဥပဒေနဲ့ ညီညွတ်အောင်ဆောင်ရွက်ဖို့အတွက် မင်းတို့ ဥပဒေနဲ့ ညီညွတ်စွာပဲ လူအုပ်စုကိုခွဲပေးပါ ဆိုလို့ရှိရင်တော့ ကျနော်တို့က ဥပဒေနဲ့ ညီညွတ်စွာပဲ လူအုပ်စုကို ခွဲပေးဖို့က ဒါဟာတာဝန် တရပ်ပဲ။
ဥပဒေကလည်း ဘယ်လို၊ ဘယ်လို လုပ်ရမယ်ဆိုတဲ့ ဟာကို အတိအလင်း ဖော်ညွှန်းထားပြီးသား။ လူအုပ်စုကိုဖြိုခွဲရင် ဘယ်လိုလုပ်ပါ၊ ဘယ်လိုပြောပါ၊ အဆင့်တွေအတိုင်းသွားပါ၊ ကျွန်တော်တို့က ဘာမှမပြောဘဲနဲ့သာ ပစ်မှုခတ်မှု ဖြစ်ခဲ့တယ်ဆိုရင်တော့ ကိုယ့်ဘက်က အကုန်လုံးလွန်တာပေါ့။
ခုနက ပြောသလို တရားဝင်ကြေညာချက်လည်း အကုန်လုံး ထုတ်ခဲ့ပြီးပြီ၊ ထို့အတူ ကြေညာချက်ထုတ်ပြီးတဲ့ အချိန်မှာ အကုန်လုံး လူစုခွဲဖို့က စပီကာနဲ့ဘာနဲ့ အကုန်လုံး ပြောခဲ့ပြီးပြီ။ အဆင့်တွေကို တဆင့်စီ တဆင့်စီ ဆောင်ရွက်သွားရမှာဖြစ်တယ်။ အဲဒီလိုဆောင်ရွက်တာကို မလုပ်ဘူးဆိုရင်တော့ ဥပဒေ ဘောင်ကနေ သတ်မှတ်ပေးထားတဲ့အတိုင်းပဲ အဆင့်လိုက် အကုန်လုံး ဆောင်ရွက်သွားရမှာ ဖြစ်တယ်။ အခုက မီးသတ်ရေပိုက်တွေနဲ့ အကုန်လုံးသွားလိုက်တယ်။ Gas တွေနဲ့ပစ်ခတ်ဖြိုခွဲတယ် ဆိုတာကတော့ လုပ်ထုံးလုပ်နည်း အတိုင်းပဲ အကုန် လုံးညီညွတ်နေတာ။ သို့သော်လည်း ခုဏကပြောတဲ့ ထိခိုက်ဒဏ်ရာ ရမှုရှိတာကတော့ ဒီအတွက်ဝေဖန်မှုတွေ အကုန်လုံး ရှိတာပေါ့။ သို့သော်လည်း ဥပဒေကိုကိုင်စွဲပြီး လုပ်ရတဲ့သူတွေအတွက် ကတော့ သတ်မှတ်ပေးထားတဲ့ အမိန့်နဲ့ ညွှန်ကြားချက်ကို သူ့ရဲ့ သတ်မှတ်ပေးထားတဲ့ ဥပဒေဘောင် အတွင်းကနေ တိတိကျကျ လိုက်နာဆောင်ရွက်ဖို့ဟာ တာဝန်ဖြစ်တယ်။
တဘက်ကနေလည်း ကျနော်တို့ဟာ ပြည်သူ့ဝန်ထမ်း ဖြစ်နေတဲ့အတွက်ကြောင့် သတ်မှတ်ပေးထားတဲ့ လုပ်ပိုင်ခွင့် အာဏာ အတွင်းကနေ ဆောင်ရွက်တယ်ဆိုရင်တော့ ဒါဟာ ဒီလိုပဲဆောင်ရွက်ရမှာပဲလေ။ ကျနော်တို့နေရာမှာ တခြားတာဝန်ရှိစွာ ထမ်းဆောင်ရတဲ့ လူတွေရောက်လာတယ်ဆိုရင်လည်း ဒီလိုပဲဆောင်ရွက်ရမှာပဲလေ။
***************************************************************
ဦးကောင်းမြင့်ထွဋ်
ဥက္ကဋ္ဌ၊ မြန်မာအမျိုးသားကွန်ဂရက်ပါတီ
လက်ပံတောင်းတောင် ကိစ္စက မြန်မာနိုင်ငံရဲ့ အမျိုးသားရေးကို စိတ်ဝင်စားတဲ့ အားလုံး ၀င်ရောက် ပတ်သက် ဆွေးနွေး တိုင်ပင်ပြီး အဖြေရှာသင့်တဲ့ ကိစ္စတခုလို့ မြင်တယ်။
အခု သမ္မတဦးသိန်းစိန် အစိုးရက အရင် အစိုးရလက်ထက် နိုင်ငံရဲ့ အုပ်ချုပ်ရေးဆိုင်ရာတွေ အတွေ့အကြုံ ရခဲ့တယ်ဆိုပေမယ့်လည်း
ဒီမိုကရေစီရေး လုပ်ထုံးလုပ်နည်းတွေနဲ့ ပက်သက်လို့ အလုပ်လုပ်ရတဲ့ နေရာမှာ တချို့နေရာတွေက ဟာသွားတာတွေရှိတယ်။ နှေးကွေးသွားတာတွေ ရှိတယ်။ ဒါကြောင့် လက်ပံတောင်းတောင် အရေးက ဒီလောက် ကြီးကြီးကျယ်ကျယ် ဖြစ်လာတာလို့ မြင်ပါတယ်။
***************************************************************
ဦးချစ်စိန်
အငြိမ်းစားဝန်ထမ်း
သတင်း နားထောင်ရသလောက် သံဃာ တော်တော်များများ ထိတယ်။ မမျှတဘူးလို့ ထင်တယ်။ ဒေါ်အောင်ဆန်းစုကြည် သွားတာ မျှမျှတတဖြစ်ရင်တော့ အကောင်းဆုံးပဲပေါ့ဗျာ။ သူလည်း တော်တော်ခေါင်းကိုက်နေမယ်။ သူ့မှာ လုပ်ပိုင်ခွင့်မှမရသေးတာ။
အဲဒီမှာရှိတဲ့ သံဃာတော်တွေ၊ နယ်မြေခံတွေ တော်တော် ဒုက္ခရောက်နေတယ်။
***************************************************************
ဦးအောင်ထွန်း
အငှား ယာဉ်မောင်း
ပြတဲ့သူက ပြနေတယ်၊ လုပ်တဲ့သူက လုပ်နေတယ်။ ဒေါ်အောင်ဆန်းစုကြည် ရောက်သွားရင် ပြေလည်သွားမှာပါ။ သူက ကမ္ဘာသိ ခေါင်းဆောင်တယောက်ပဲလေ။
အကုန်လုံးတော့ အဆင်ပြေမယ်လို့ မဆိုလိုဘူး။ အထိုက်အလျောက် အဆင်ပြေသွားမယ်ထင်တယ်။
***************************************************************
ထူးအယ်လင်း
တေးရေး၊ တေးဆို (ဓာတ်ပုံ - ထူးအယ်လင်း Facebook)
အဲဒါတွေကျတော့ ကျနော်လည်း သိပ်မသိဘူး။ ဒါပေမယ့် ကျနော်သိတာကတော့ သံဃာတွေနဲ့ ပတ်သက်ရင် လက်နက်တွေ ကိုင်လို့မရဘူးလေ။ သာသနာပိုင်းမှာ လက်နက်မကိုင်သင့်ပေမယ့် အခုလို ကိစ္စမျိုးကြတော့ ကိုယ်ထိလက်ရောက် ပုံစံမျိုးဖြစ်သွားတဲ့အတွက် သာသနာအတွက်လည်း မကောင်းသလို၊ နှစ်ဦးနှစ်ဘက်အတွက်လည်း ဘယ်လိုမှမကောင်းဘူး။
အခုလိုဆန္ဒပြတာကိုတော့ ကိုယ်ထိလက်ရောက်ဗုံးတွေဘာတွေ ခွဲစရာမလိုဘူးလို့ ထင်တာပါပဲ။
ဒီနေရာကိုလိုချင်လို့ ဒီနေရာမှာ မှီတင်းနေထိုင်သူတွေကို ဖယ်ခိုင်းချင်တယ် ဆိုရင် ဒီနေရာကလူတွေကို သင့်တင့်မျှတအောင် အစားထိုးပေးသင့်တယ်လေ။ သူ့ဘက်ကိုယ့်ဘက် မျှတအောင် လုပ်ဆောင်သင့်တယ်လို့ ပြောချင်ပါတယ်။
-
3 comments :
  1. a said... :
  1. Xplode said... :
    Reviဒေါ် အောင် ဆန်း စုြ့ကည် သိ ပါ သည်. ပြည် သူ့  ဆန္ဒ ဘာ ဆို တာ အ ကြီမ် ကြီမ် တန် ပို လျော့ ချ ခဲ့ တယ် လို့ ခံ စား ရ ပါ သည်။ သူ မ မှ တပါး ခေါင်း ဆောင် နိုင်သူ တို့ ရှေ့ တန်း မရောက် နိုင် သေး ပါ။ ခေါင်း ဆောင် နိုင် ခွင့် ကို ပြည် သူ့  ဆန္ဒ နဲ့  တ လွဲ မ ဖြစ် ဘို့  ဆု တောင်း နေ ပါ တယ်။
  1. အခုထိ ဘယ်သူကခိုင်းလို့လုပ်ရတာပါဆိုပြီး ပြောတဲ့သူမရှိ
    သေးပါလား...တော်လိုက်ကြတာ..။
    ( ဘယ်ရဲမှ ကိုယ့်သဘောနဲ့ကိုယ်မလုပ်ရဲဘူး )
Post a Comment
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved