လက်ပံတောင်းပဲ့တင်သံ အမှတ် (၁)

Friday, November 30, 2012

~








မနေ့က မုံရွာမြို့အနီး လက်ပံတောင်းတောင်မှာ ဆန္ဒပြနေတဲ့ ဒေသခံတွေ၊ သံဃာတွေကို လုံခြုံရေးတပ်ဖွဲ့ဝင်တွေက ၀င်ရောက် ဖယ်ရှား လူစုခွဲရာမှာ  ဆန္ဒပြသူ အများအပြား ထိခိုက်ဒဏ်ရာရသွားကြပါတယ်။
ဆန္ဒပြသူတွေ မီးလောင် ဒဏ်ရာတွေရရှိသွားတယ်၊ ဒေါ်အောင်ဆန်းစုကြည် အဲဒီဒေသကို သွားရောက်ခါနီးမှာ သပိတ်စခန်းတွေ အဖျက်ခံရတယ်၊ ကန့်ကွက်ခံနေရတဲ့ စီမံကိန်းက
တရုတ်အစိုးရကျောထောက်နောက်ခံပြုကုမ္မဏီတခုနဲ့ မြန်မာ့တပ်မတော်ရဲ့ စီးပွားရေးဦးပိုင်လီမီတက် ပူးပေါင်းလုပ်ကိုင်နေတဲ့ စီမံကိန်းဖြစ်တယ် ဆိုတဲ့ အချက်တွေကြောင့်  ဒီသတင်းဟာ ကြာသပတေးနေ့ရဲ့ ထိပ်တန်း နိုင်ငံတကာသတင်းတပုဒ် ဖြစ်သွားပါတယ်။

ဒီဖြစ်ရပ်နဲ့ ပတ်သက်ပြီး မြန်မာပြည် အထူးသဖြင့် ရန်ကုန်မြို့ အလွှာအသီးသီးက ပုဂ္ဂိုလ်များရဲ့ သဘောထားတွေကို ဧရာဝတီသတင်းထောက်များက မေးမြန်းထားပါတယ်။

သဘောထား စုစည်းမှု အပိုင်း ၁ ကို ဖော်ပြလိုက်ပါတယ်။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

မချိုအေး
ဟင်းသီးဟင်းရွက် ရောင်းသူ
ကျမတို့က အဲဒီလိုဖြစ်တာ လက်မခံနိုင်ဘူး။ ဘာလို့လဲဆိုတော့ ဘုန်းကြီးတွေက ဘုရားသားတော်တွေလေ။
ဒီလို မီးနဲ့လုပ်တာ ဘုရားကို ပူလောင်စေတာပဲ။ ဗုဓ္ဒဘာသာကို လုပ်ရင် သမ္မတမှ မဟုတ်ဘူး၊ ဘယ်သူလုပ်လုပ် အားမပေးဘူး၊ ဆန့်ကျင်မှာပဲ။


~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~~~~~~~~~~~

ဦးအောင်

လက်ဖက်ရည်ဆိုင် ပိုင်ရှင်


အမြင်အရတော့ မလုပ်သင့်ဘူး၊ အခု အစိုးရသစ်ကလည်း ပေါ်ပေါက်လာတယ်။ ဒီလိုတွေဖြစ်တာ ဦးသိန်းစိန်လည်း မကောင်းဘူး။
အောက်ခြေက ဘယ်လိုလုပ်လဲ မသိဘူး။ ဒီကိစ္စက ဦးသိန်းစိန် သိလား၊ မသိလားလည်း မသိဘူး၊ ဒါတွေက မလုပ်သင့်ဘူး၊ အဲဒီခေတ်တွေက ကုန်သွားပြီ။
သူတို့ လူကြီးချင်း ညှိသင့်တယ်။ အဲဒီလိုမှ မဟုတ်ရင် တိုင်းပြည်က ပိုပြီး ဆူလာမယ်။


~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

ကိုထွန်းညွန့်

ရပ်ကွက် အုပ်ချုပ်ရေးမှူး
ရန်ကုန် ပန်းဘဲတန်းမြို့နယ်၊ အမှတ် ၁၁ ရပ်ကွက်


မဖြစ်သင့် မဖြစ်အပ်တာတွေပါ။ ဒါတွေက ပြည်သူနဲ့ပဲ သက်ဆိုင်တယ်လေ။
ပြည်ပလူတွေကို စီမံကိန်းအနေနဲ့ ပေးတာကို ပြည်သူတွေက လက်မခံဘူး၊ ကန့်ကွက်မယ်၊ တားဆီးမယ်၊ သံဃာတော် ဆိုတာကလည်း ပြည်သူဘက်က ရပ်တည်မှာလေ။
သံဃာတော်အပါးတရာလောက် ပါမယ်လို့ သတင်းရတယ်။ ချင်းတွင်းမြစ် အနောက်ဘက်ကမ်းမှာ ဖြစ်တာပါ။ ဒါတွေက မဖြစ်အပ်တာတွေပါ။
ဒီလိုမျိုး အစိုးရအနေနဲ့ လုပ်မယ်ဆိုရင် လုပ်တဲ့နေရာနဲ့ ပြည်သူနဲ့ တပ်မတော်က ငြိစွန်းနိုင်တယ်။

~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~~~~~~~~~~~

ကာတွန်း ၀လုံး

ကာတွန်းဆရာ
ဒီလိုမျိုးအကြမ်းဖက် နှိမ်နင်းတဲ့ လုပ်ရပ်ကြောင့် ကျနော်တို့နိုင်ငံရဲ့ နိုင်ငံ့အရေးက နောက်ပြန်လှည့်သွားနိုင်ပါတယ်။
အစိုးရ အနေနဲ့ကလည်း ဒီကိစ္စကြီးက နောက်ဆုတ်လို့လည်းမရ ရှေ့တိုးရလည်း အခက်ဖြစ်နေပြီလေ။ ဒီလိုမျိုးအဖြစ်တွေက သူတို့တတွေ အမြဲ လုပ်နေကြတွေပါ။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~


ကိုဇော်လင်း

အငှားယာဉ်မောင်းသူ


ဗုဒ္ဒဘာသာနိုင်ငံဖြစ်ပြီးတော့ ဘုရားသားတော်တွေကို မျက်ရည်ယိုဗုံးနဲ့ ပစ်ရုံမကဘူး မီးလောင်ဗုံးနဲ့တောင်ပစ်တယ် ဆိုတာကတော့ လုံးဝ မဖြစ်သင့်တဲ့ လုပ်ရပ်ပါပဲ။ 
အစိုးရက ထုတ်လိုက်တဲ့ ကြေညာချက်ကလည်း သူတို့က မမှားဘူးလို့ ပြောတာက ဘာကိုမမှားဘူးပြောတာလဲ။

ဦးပိုင် ဆိုတာ အစိုးရကလုပ်တာ။ စီးပွားရေး လုပ်ငန်းတွေ ဆိုရင် စီးပွားကူးသန်းက လုပ်ရမဲ့ ဟာကို သူတို့က ၀င်လုပ်တယ် ။
ကြေးနီစံမံကိန်းကိန်း ဆိုတာ ပြည်သူတွေအတွက် ဘာအကျိုးအမြတ်ရှိလဲ သူတို့ မသိပါဘူး။  သူတို့သိတာက ပိုက်ဆံရဖို့ပါပဲ။

ခုလိုမျိုး မီးလောင်ဗုံးတွေနဲ့ ပစ်လို့ မီးလောင်ခံထားရတဲ့ ဘုန်းကြီးတွေရဲ့ ဓာတ်ပုံတွေနဲ့ သတင်းတွေကို ကြားရတာ အရမ်း ခံစားရတယ်ဗျာ။
ဒီလို လုပ်ဖို့ အမိန့်ထုတ်ပြန်ခဲ့တာက ပြည်ထဲရေးကဆိုတော့ လုံးဝ မဖြစ်သင့်ဆုံးဘဲ။ သူတို့ အထက်မှာ အဆင့်ဆင့် ရှိသေးတယ်လေ။ 
ပြောမယ်ဗျာ ကျနော်တို့နိုင်ငံမှာ ဗိုလ်ချုပ်တယောက်နဲ့ ဘုန်းကြီးတပါး ယှဉ်လျှောက်လာရင် ဘုန်းကြီးကိုပဲ ရိုသေတယ်။ လက်အုပ်ချီတယ်။ 
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~


ထွန်းအိန္ဒြာဗို
အဆိုတော်၊ သရုပ်ဆောင် (ဓာတ်ပုံ - NLD)

 

မျက်ရည်ယိုဗုံးလို့ ပြောပေမယ့် မီးလောင်တာတွေဖြစ်သွားတယ် ဆိုတော့ ဒါ အရှင်းကြီးလေ။ မျက်ရည်ယိုဗုံး မဟုတ်လို့ပေါ့။
ဒီလို လုပ်ရပ်တွေ မလုပ်သင့်ဘူး။ နောက်ပြီး ဒီလိုမျိုးလည်း ပြဿနာကို မဖြေရှင်းသင့်ဘူး။

(စီမံကိန်းက) တိုင်းပြည်အတွက် တကယ်ကောင်းကျိုး ဖြစ်မယ် ဆိုရင်တော့ ရှေ့ဆက်သင့်တယ်လို့ ပြောချင်တယ်။
တကယ်လို့ ဒီလုပ်ရပ်က လူတစုအတွက်သာဖြစ်ပြီး လူအများအတွက် မကောင်းဘူး၊ အကျိုးမရှိဘူး ဆိုရင်တော့ ဒီလုပ်ရပ်ကို ရပ်တန်းက ချက်ချင်းရပ်စေချင်ပါတယ်။

ဘယ်ဟာက အဖြေမှန်ဖြစ်တယ် ဆိုတာကို သေသေချာချာ လေ့လာ ကွင်းဆင်းပြီးတော့မှ ဆုံးဖြတ်သင့်ပါတယ်။
ကျမတို့ကလည်း ပညာရှင် မဟုတ်တဲ့အတွက် ဘယ်ဟာကို ဘယ်လိုလုပ် ဆိုတာတော့ မပြောလိုပါဘူး။ အရာရာ ပွင့်လင်းမြင်သာဖို့ လိုအပ်ပါတယ်။
တကယ်လုပ်နေတယ်၊ တကယ်စေတနာရှိတယ် ဆိုရင် အများမြင်သာအောင် ထားပြရမယ်လေ။
အပြောတမျိုး၊ အလုပ်တမျိုး လုပ်နေမယ်ဆိုရင်တော့ အများက လက်ခံဖို့ ခက်ခဲတာပေါ့။

ဒီမှာက အဲဒါတွေနဲ့ပဲ ပြဿနာတက်နေတာပဲလေ။ အရာရာ ရှင်းရှင်းလင်းလင်း လုပ်မယ်ဆိုရင် အားလုံးအဆင်ပြေသွားနိုင်ပါတယ်။


























-

2 comments :

  1. Anonymous said... :

    ၂၀၀၇ သံဃာတွေ အဖြိုခွဲ ခံရတာလည်း အဲဒီလိုပဲ။
    ရွှေတိဂုံ ခြေရင်းက ဘုန်းတော်ကြီးကျောင်းမှာ လျှို့ ၀ှက် ဆေးကု ခဲ့တဲ့ ဒဏ်ရာရ ဘုန်းတော် ကြီးတွေ ရြ့ VIDEO မှတ်တမ်းရှိတယ်။


    ရန်ကုန်တကသိုလ် က်ြခြေနီ အသင်းဝင်ဟောင်း

  1. အမိန့်ပေး ညွှန်ကြားတဲ့သူမှာ တာဝန်အရှိဆုံးပါ။

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved