နန်းခင်ဇေယျာတွေ ထပ်လာဦးမယ်

Monday, November 26, 2012




~



ရွက်စိမ်း ~


Miss Myanmar International 2013 ကို     လာမယ့် ဖေဖော်ဝါရီ  ၂၄ ရန်ကုန်မြို့မှာ ကျင်းပမှာဖြစ်တဲ့အတွက် ပါဝင်ယှဉ်ပြိုင်လိုတဲ့ အလှမယ်တွေလျှောက်လွှာ တင်နိုင်ပြီ လို့ သိရပါတယ်။

ဒီနာမည်နဲ့ အလှမယ်ပွဲ ကျင်းပတာ ဒါဟာ ဒုတိယအကြိမ်မြောက် ဖြစ်လာမှာပါ။

မထမအကြိမ် ပြိုင်ပွဲမှာ သရဖူဆောင်းသွားသူက နန်းခင်ဇေယျာ ဖြစ်ပါတယ်။
နန်းခင်ဇေယျာက လူသိများထင်ရှားလာတဲ့အတွက် Miss Myanmar International ပွဲတွေကလည်း ခါတိုင်းထက်ပိုပြီး အများအာရုံကို ဆွဲနိုင်မှာ အသေအချာပါပဲ။

“ကျွန်တော်တို့ ပထမဆုံး အကြိမ်လုပ်ခဲ့တဲ့ Miss Myanmar ကနေ နိုင်ငံတကာကို မြန်မာဆိုတာ စိတ်ဝင်စားအောင် လုပ်လာနိုင်ခဲ့ပါတယ်။ အရင်တုန်းက ပွဲက
  ပြင်ဆင်ချိန် ရက်နှစ်ဆယ်လောက်ပဲ ရတဲ့အတွက် ကျွန်တော်တို့ရဲ့ အားနည်းချက်တွေ အများကြီး ရှိပါတယ်။ အဲဒီ အားနည်းချက်တွေကို ဒီတစ်ခေါက်ပွဲမှာ ပြုပြင်
ဆောင်ရွက်သွားမှာပါ” လို့ ပြိုင်ပွဲစီစဉ်သူတဦးဖြစ်တဲ့ Myanmar tourism Services က ကိုလင်းထိန်က ပြောပါတယ်။
Miss Myanmar လောင်းလျာတွေဟာ   အလှအပ၊  အားကစား၊  ဥာဏ်ရည် ထက်မြက် ထူးချွန်ရမယ်၊  အထွေထွေ ဗဟုသုတနဲ့လည်း  ပြည့်စုံရမှာ ဖြစ်ပါတယ်။

ဖေဖော်ဝါရီမှာလုပ်မယ့် ပြိုင်ပွဲမှာ သရဖူဆောင်းသူဟာ  ကျပ်သိန်းသုံးဆယ် ရရှိမှာပါ။ ကမ္ဘာ့အဆင့်မယ်ပြိုင်ပွဲတွေလည်း သွားရောက် ယှဉ်ပြိုင်ခွင့်ရမှာ ဖြစ်ပါတယ်။

 ပြိုင်ပွဲဝင်တွေ လေ့ကျင့်ဖို့အပိုင်းကိုတော့ ရန်ကုန်က အထင်ကရ မော်ဒယ်အေဂျင်စီဖြစ်တဲ့ Telents & Model Agency ရဲ့ မန်နေဂျင်းဒါရိုက်တာ မတင်မိုးလွင်က တာဝန်ယူ ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။

“အခုဆိုရင် ကျွန်မရဲ့ မေးလ်ထဲကို နိုင်ငံတကာက စာတွေ ၀င်ရောက်နေပါတယ်။ အဲဒီမေးလ်တွေက ကျွန်မတို့ရဲ့ Miss Myanmar က ဘယ်လို  အားနည်းချက်လေးတွေ ရှိတယ်၊ ဘာလေးတွေကို ပြုပြင်လိုက်ရင်တော့ ကောင်းမယ်၊  ထပ်မံ ၀င်ရောက်ယှဉ်ပြိုင်ဖို့လည်း ဖိတ်ခေါ်ထားပါတယ်” လို့ မတင်မိုးလွင်က ပြောပါတယ်။

“အရင်ပြိုင်ပွဲမှာ အားနည်းချက်တွေ အများကြီး ရှိခဲ့ပါတယ်။ အဲဒါတွေကို အသေးစိတ် လေ့ကျင့် ပြုပြင်သွားမှာပါ” လို့ မတင်မိုးလွင်က ဆက်ပြောပါတယ်။

 Miss Myanmar 2013 မှာ ပြိုင်ပွဲ ၀င်ချင်သူတွေက အွန်လိုင်း ပေါ်က နေဖြစ်စေ၊  နီးစပ်ရာမှာ လျှောက်လွှာတွေကို တစ်စောင် ကျပ် ၅,၀၀၀ နဲ့ ၀ယ်ယူပြီး ၂၀၁၂ ၊ ဒီဇင်ဘာ ၃၁ရက်နေ့ နောက်ဆုံးထားပြီး လျှောက်လွှာ ပေးပို့ရမှာ ဖြစ်ပါတယ်။

လျှောက်လွှာတင်သူတွေထဲက အယောက် ၂၀ ကို ဆန်ကာတင် ရွေးချယ်မှာပါ။

Miss Myanmar 2012 ကြောင့် နိုင်ငံတကာ  မြန်မာ ကို စိတ်ဝင်စားမှု ရှိလာပြီး ကမ္ဘာအဆင့် ပြိုင်ပွဲများ ၀င်ရောက် ယှဉ်ပြိုင်ဖို့အတွက် ကမ်းလှမ်းမှုတွေ ရှိလာတယ်လို့ သိရပါတယ်။

လာမယ့်  Miss Myanmar International ရွေးချယ်ပွဲကို  ဖေဖော်ဝါရီလ ၂၄ ရက်မှာ ညနေ ၆နာရီ  ရန်ကုန် MCC HALL မှာ ကျင်းပ ပြုလုပ်သွားမှာပါ။

မြန်မာပြည်က အမျိုးသမီးများ ကမ္ဘာ့အဆင့်မယ်ပွဲတွေ တက်နိုင်ဖို့ ပြင်ဆင်ပေးတဲ့ ပြိုင်ပွဲလို့ ဆိုရမှာ ဖြစ်ပါတယ်။























-

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved