ဆက်သွယ်ရေးဥပဒေကို လေးစားလိုက်နာသူတဦး

Monday, November 26, 2012

~

ဟိန်း ~


".....စီတန်း လမ်းလျှောက်သူများအား တရားစွဲဆိုမည် ဆိုတော့ကား ကျွန်ုပ်ငဟိန်းမှာ ဖင်တရွတ်ဆွဲခဲ့သူဖြစ်၍ တရားစွဲဆို ခံရခြင်းမှ ကင်းလွတ်ခဲ့ပေသည်။ ဤကား ဥပဒေကို လေးစားလိုက်နာခြင်း၏ အကျိုးတည်း....."


                                         ►►►

တစ်ခုသောနံနက်၌ ကျွန်ုပ်ငဟိန်းသည် အိမ်တွင်ရှိသောထမင်းကြော်ကို မစားဘဲ နွားပျင်းသေးပေါက်၊  လူပျင်းတီးသောက် ဟူသော စကား အရ မိဘပိုက်ဆံ ဖြုန်းတီးရာလည်းရောက်၊  ဗဟုသုတလည်း တိုးပွားစေရန် အလို့ငှာ လမ်းထိပ်လက်ဖက်ရည်ဆိုင်ကလေးတွင် ဂျာနယ်တစ်စောင်၊ ကျဆိမ့်တစ်ခွက်၊ ဆေးလိပ်တစ်ပွဲ၊ အကြမ်းတစ်အိုးဖြင့် ဒူးတနှန့်နှန့်ရှိနေစဉ် သကာလ တစ်ခုသောစာမျက်နှာ အရောက်တွင် မျက်လုံးများ ပြူးကျယ်သွားရလေသည်။

                                              ►►►

မှန်ပေ၏။ စာကြောင်းများအား တစ်ကြောင်းပြီး တစ်ကြောင်း အလောတကြီး ဖတ်ကြည့်မိနေသည်မှာ စိတ်ဝင်စားဖွယ် ကောင်းလွန်းလှသောကြောင့်တည်း။
ပို၍ ထူးခြားလှသည်မှာ ကျွန်ုပ်ငဟိန်း အလွန် လေးစားလိုက်နာသော တရားဥပဒေဖြင့် ဆက်စပ်နေ၍ ဖြစ်ပေသည်။ ဤတွင် ကျွန်ုပ်အကြောင်း အနည်းငယ် ကြော်ငြာဝင်လို၏။
ကျွန်ုပ်သည် ဥပဒေအထက်တွင် မည်သူမျှမရှိ ဟု ဆိုသော၊  မြန်မာနိုင်ငံ၏ ဒီမိုကရေစီ သမ္မတကြီး ဘဘ ဦးသိန်းစိန်နှင့် တရားဥပဒေစိုးမိုးရေးဆိုတာ အလွန် အရေးကြီးတယ် ဟု ဆိုသော ဒီမိုကရေစီ လွှတ်တော် အမတ်ကြီး ကြီးကြီး ဒေါ်အောင်ဆန်းစုကြည် တို့အား အထူး အရူးအမူး ချစ်မြတ်နိုးသူ မြန်မာနိုင်ငံသား တစ်ယောက် ဖြစ်သည်နှင့်အညီ နိုင်ငံတော်၏ တရားဥပဒေအား လွန်စွာမှ လေးစားလိုက်နာခဲ့လေ၏။

ဥပမာအားဖြင့် ထုတ်နုတ်ပြရသော် - ငြိမ်းချမ်းရေးအတွက် စီတန်း လမ်းလျှောက်မှုသည် တရားဥပဒေနှင့်မညီဟု ဆိုခဲ့သောကြောင့် ငြိမ်းချမ်းရေး မလိုလားသူလည်း မဖြစ်စေရန်၊  တရားဥပဒေနှင့်လည်း ညီစေရန် ကျွန်ုပ်ငဟိန်းသည် ထိုပွဲကြီးကို ဖင်တရွတ်ဆွဲ၍ ပါဝင် ဆင်နွှဲခဲ့လေသည်။
စီတန်း လမ်းလျှောက်သူများအား တရားစွဲဆိုမည် ဆိုတော့ကား ကျွန်ုပ်ငဟိန်းမှာ ဖင်တရွတ်ဆွဲခဲ့သူဖြစ်၍ တရားစွဲဆို ခံရခြင်းမှ ကင်းလွတ်ခဲ့ပေသည်။ ဤကား ဥပဒေကို လေးစားလိုက်နာခြင်း၏ အကျိုးတည်း။

နောက် .. ရှိသေးသည်။
ဖယောင်းတိုင်မီးဖြင့် ဆန္ဒ ထုတ်ဖော်မှုများသည် တရားဥပဒေနှင့် မညီဟု နားစွန်နားဖျား ကြားသိလိုက်သည်နှင့် ကျွန်ုပ်ငဟိန်းနှင့်အတူ ဥပဒေကို လေးစားလိုက်နာသူ အပေါင်းအသင်း တချို့သည် လက်နှိပ်ဓာတ်မီး၊ လေဆာပွိုင့်တာ အစရှိသည်များဖြင့် ထိုးကာ ဆန္ဒ ထုတ်ဖော်ခဲ့လေသည်။ ကျွန်ုပ်တို့၏ ဥပဒေနှင့်အညီ ဆန္ဒထုတ်ဖော်မှုသည် နောက်ဆုံး၌ တာဝန်ရှိသူ တစ်ဦးကပါ '' မျက်စိတွေ စူးလှပါပြီ။ ဒီကို မထိုးကြပါနဲ့တော့၊  မိုးနတ်မင်းကြီးဆီသာ လှမ်းထိုးကြပါ '' ဟု ပြောယူရသည်အထိ ဖြစ်ခဲ့လေသည်။

ထို့နောက် အသိမ်းခံရသော လယ်မြေများအတွက် ဆန္ဒထုတ်ဖော်မှုတွင်လည်း တာဝန်ရှိသူတစ်ဦးက '' နိုင်ငံတကာမှာလည်း ဒီလိုပါပဲ။ ဆန္ဒပြချင်ရင် ပြ။ အဲ...ထိုင်လို့တော့ မရဘူး။ ထိုင်တာနဲ့ ဆွဲမှာပဲ '' ... ဟု တန်ဖိုးဖြတ်မရသော စကားတစ်ခွန်းအား တရားဥပဒေနှင့်အညီ မြွက်ကြားလေရာ ကျွန်ုပ်ငဟိန်းသည် မထိုင်ဘဲ လှဲလျောင်း အိပ်စက်နေလိုက်ခြင်းဖြင့် လေးစား လိုက်နာခဲ့ဖူးလေသည်။

ကျွန်ုပ်၏ ရှေးယခင်ယခင် တရားဥပဒေအပေါ် လေးစား လိုက်နာမှုများအား ပြော၍ကုန်မည်ပင်မထင်။ ယခုအခေါက်တွင်လည်း လေးစား လိုက်နာရန် အကွက်ဆိုက်၍လာချေပြီ။
တရားဥပဒေကို လေးစား လိုက်နာသူတစ်ယောက်၏ အပြုံးမျိုးကို မျက်နှာတွင်တင်ကာ လက်ဖက်ရည်ဆိုင် ပိုင်ရှင်ထံ ဂျာနယ် ခဏငှား၍ အိမ်သို့ အပြေးကလေး အသော့နှင်ခဲ့မိလေသည်။

                                              ►►►

အိမ်သို့ရောက်လျှင်ရောက်ခြင်း ကျွန်ုပ်ငဟိန်းသည်  နောက်ဖေးတွင် ထမင်းချက်နေသော မိခင်ကြီးထံမှ  မီးသွေးခုတ်သော ဓားမ  လုယူလာခဲ့လေသည်။ ရုတ်တရက် မွေးမိခင်ကြီးမှာ '' ဟဲ့သား...ဟဲ့သား...'' ဟုဆိုကာ ငါ့သားလေး ဘယ်သူနဲ့များ ပြဿနာတက်လာပါလိမ့်ဟု စိုးရိမ်ပူပန်စွာ တွေးတောပြီး လိုက်ဆွဲမည်ဟု ကြံခါမှ သူ၏ ချစ်လှစွာသော သားကြီးကျွန်ုပ်ငဟိန်းသည် တရားဥပဒေကို လေးစား လိုက်နာလွန်းသော သားတစ်ယောက်ဖြစ်သည်ဟု စိတ်တွင် သတိရကာ စိတ်ချလက်ချနေခဲ့လေသည်။

ကျွန်ုပ်သည် အိမ်ရှေ့အရောက်တွင် ဓားမကိုအသာချ၊ ဂျာနယ်ကိုပြန်လှန်၊  သေချာစွာ ပြန်လည် ဖတ်ရှုပြီးလျှင်၊  ဂျာနယ်ကို ခါးကြားပြန်ထိုး၍ အိတ်ကပ်ထဲမှ လက်ကိုင်ဖုန်းလေးကို ထုတ်ကာ ဓားမကို လက်ဖြင့် ဆ လိုက်လေသည်။ ၀ယ်ထားသည်မှာ တစ်လပင် မပြည့်တတ်သေးသော ဟန်းဆက်ကလေးမှာ နံနက်ခင်းနေခြည်နွေးတွင် ရန်ခုန်ဖွယ် ကောင်းလောက်အောင် လှပနေပေသည်။ သို့သော် မတတ်နိုင်။ တရားဥပဒေနှင့်အညီ ဖြစ်ရချေပေမည်။
ထို့ကြောင့် စိတ်ကိုပိုင်းဖြတ်ကာ မြေကြီးပေါ်သို့ချ၍ ကိုင်းဟာ ကိုင်းဟာ ဟု ဓားမဖြင့် ပိုင်းလိုက်လေသည်။ လွင့်စင် ပြုတ်ထွက်လာသော ဘက်ထရီလေးမှာ အကောင်းအတိုင်း ရှိနေသေးသဖြင့် တံတွေးဖြင့်ထွေးကာ ထပ်ပိုင်းလိုက်မှ ကိစ္စပြတ်သွားပေ၏။

ထို့နောက် အိပ်ယာဘေးတွင် သီချင်းနားထောင်လေ့ရှိသော၊ ပြင်ပအသံများအား လျှော့ချပေးနိုင်သော၊  ဘေစ့်အသံထွက် အလွန်ကောင်းသော နားကြပ်ကလေးရှိသည်ကို သတိရသည်နှင့် အပြေးအလွှား သွားယူလေသည်။
ဒင်းကလေးအားလည်း ထိုနည်းလည်းကောင်း မီးသွေးခုတ်ဓားမဖြင့် ရော့ကွာ ရော့ကွာ ဟု မပြန်လမ်းသို့ ပို့လေရာ နားတွင်တပ်သောနေရာတွင် အံဝင်ခွင်ကျ ဖြစ်စေရန် ပြုလုပ်ထားသော ရာဘာပြားကလေးများမှာ လိမ့်ကာလိမ့်ကာ ရှိသည်နှင့် အုတ်ခဲပေါ် တင်ကာ နုတ်နုတ်စင်းပစ်ရလေသည်။
နားတွင်ချိတ်ထားလျှင် အလွန် စတိုင်လ်မိသော၊  မီးအပြာလေးများ တဖျတ်ဖျတ် ပြေးနေသော ဘလူးတုသ်ကလေးသည်လည်း သူ့နောင်တော်များ၏ လမ်းစဉ်အတိုင်း တသွေမတိမ်း လိုက်သွားရှာလေသည်။

ထို့နောက် ကျွန်ုပ်ငဟိန်းသည် ပီတိဖြင့် ထုံမွှမ်းသော သက်ပြင်းရှည်ကြီးကိုချလျက် အေးချေပြီဟု တွေးတော အမောဖြေနေစဉ်သကာလ နံနက်ခင်း လမ်းလျှောက်ထွက်ရာမှ ပြန်လာသော ဖခင်ကြီးသည် သူ၏လက်စွဲတော် ရေဒီယိုကလေးကို နားတွင် တပ်လျက် ကွမ်းကလေး မြုံ့ကာ လာလေသည်။ ထိုမြင်ကွင်းကို မြင်လိုက်သည်နှင့်ကျွန်ုပ်သည် သားကောင်နံ့ရသော မုဆိုးကဲ့သို့ တစ်ချက်ကလေးမှ အချိန် မဆိုင်းဘဲ ကျား....ခနဲ အော်ဟစ်ကီသွင်းကာ ဖခင်ကြီးအနီးသို့ ခုန်ပျံရောက်ရှိသွားပြီး မည်သို့လုပ်မိလိုက်သည်မသိ။ သူ့ထံမှ ရေဒီယိုလေးသည် ကျွန်ုပ်လက်ထဲ ရောက်ရှိလာလေသည်။
ထို့နောက် စက္ကန့်မခြားပင် နံဘေးရှိ ဗွက်အိုင်ထဲသို့နှစ်၍ ဖနောင့်ဖြင့် ဖိထားလိုက်လေသည်။ မသေချာမည်စိုး၍ ခြေထောက်ပြန်ကြွကာ တစ်ဖက်သို့လှန်၍ ပြန်ဖိထားပြန်လေသည်။
ဖခင်ကြီးမှာ အနှစ်နှစ် အလလ သူချစ်မြတ်နိုး ပေါင်းသင်းခဲ့သော ရေဒီယိုလေးအတွက် တစ်ကိုယ်လုံး တဆတ်ဆတ်တုန်ကာ '' မင်း...မင်း....မင်း...'' ဟု မည်သည့်စကားကိုမျှ ဆက်၍ မဆိုင်နိုင်ဘဲ ရှိလေ၏။

ကျွန်ုပ်ငဟိန်းလည်း ဆားပုလင်းနှင်းမောင် အိုက်တင်မျိုးဖြင့် ခါးကြားရှိ ဂျာနယ်ကို ဆွဲထုတ်ကာ နဂိုမှေးနေသော မျက်လုံးများကို ပို၍မှေးစင်းလျက် မထီတရီမပွင့်တပွင့် ပြောလိုက်လေသည်။     

'' စိတ်မရှိပါနဲ့ ... ဖေဖေ၊  တရားဥပဒေအရ လုပ်လိုက်တာပါ ''

                                              ►►►

အိမ်ရှေ့တွင် ပူညံပူညံ အသံများကြောင့် နောက်ဖေးရှိ မိခင်ကြီးလည်း သုတ်သီးသုတ်ပျာ ရောက်ရှိလာပြီး မျက်လုံးကြီးပြူးကာ တဆတ်ဆတ် တုန်နေသော ဖခင်ကြီးကို မြင်ရသည်နှင့် '' အဖေကြီး... စိတ်လျှော့... အဖေကြီး သွေးတက်မယ်... စိတ်လျှော့..အဖေကြီး '' ဟု ထပ်ခါထပ်ခါတဖွဖွ ချော့မော့နေရှာလေသည်။ ကျွန်ုပ်ငဟိန်းသည်ကား ဂျာနယ်၏ စာမျက်နှာ ၂၅ ကို ဖွင့်လျက် ဖခင်ကြီးအား ထိုး၍ပြလိုက်ပေသည်။
စာမျက်နှာ ၂၅ တွင်ကား - - -

၂၀၁၂၊  နိုဝင်ဘာလ ၇ ရက်နေ့တွင် ထုတ်ပြန်လိုက်သော ဆက်သွယ်ရေးဥပဒေ မူကြမ်း ဥပဒေပုဒ်မ ၆၄ အရ .. မည်သူမဆို လိုင်စင်ရယူပြီးမှသာ အသုံးပြုရန် သတ်မှတ်ထားသော ဆက်သွယ်ရေးပစ္စည်း တစ်ခုခုကို လိုင်စင်မရှိဘဲ လက်ဝယ်ထားရှိခြင်း သို့မဟုတ် အသုံးပြုခြင်းကို ကျူးလွန်ကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်းခံရလျှင် ထိုသူအား ၃ နှစ်ထက် မပိုသော ထောင်ဒဏ်ဖြစ်စေ၊  ငွေဒဏ်ဖြစ်စေ၊  ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်။
ဆက်သွယ်ရေး ပစ္စည်း၏ အဓိပ္ပါယ်ရှင်းလင်းချက်မှာ- တယ်လီဖုန်း၊ ဖက်စ်၊  တဲလက်စ်၊  ဆက်သွယ်ရေး ဆိုင်ရာ အခြား ပစ္စည်း ကိရိယာ၊  ယင်းပစ္စည်း တစ်မျိုးမျိုးနှင့် ဆက်စပ်အသုံးပြုသည့် ပစ္စည်းနှင့် ဆက်သွယ်ရေး ဆိုင်ရာ စမ်းသပ် ပစ္စည်း အားလုံး အကျုံးဝင်ပါသည်။

                                                ►►►

ကိုင်း...ဘယ့်နှယ့်ရှိစဟု အပြုံးမျိုးဖြင့် ကျွန်ုပ်မှာ ပြုံးနေလျက်၊
ဖခင်ကြီးနှင့် မိခင်ကြီးမှာ ဂျာနယ်ကို ဖွင့်လျက်၊  တစ်ခုခုပြောမည်ဟု ကြံစည်စဉ် တရားဥပဒေကို လေးစားလှသော ကျွန်ုပ်၏မျက်လုံးထောင့်တွင် ဥပဒေမဲ့ လုပ်ရပ် တစ်ခုအား ဖျတ်ခနဲ မြင်တွေ့လိုက်ပေသည်။ မှန်ချေသည်။
ဘေးအိမ်မှ ကလေးနှစ်ယောက်ကား အိမ်ရှေ့ ချုံပုတ်ဘေးတွင် စခန်းဆောက်တမ်း ကစားကာနေလေသည်။ ဤထိကား ကိစ္စမရှိ ။ ဥပဒေနှင့်အညီ ကစားခြင်းဖြစ်ပေ၏။ သို့သော်ဆိုးသည်က သူတို့၏ စခန်းနှစ်ခု ဆက်သွယ်ရေးအတွက် နို့ဆီခွက်နှစ်လုံးကို ဖင်တွင် အပေါက်ဖောက်ကာ ကြိုးဖြင့် တပ်လျက် ဆက်သွယ်နေကြခြင်းဖြစ်သည်။ ကျွန်ုပ်ငဟိန်းသည် ဆက်သွယ်ရေး ဆိုင်ရာ အခြားပစ္စည်း ကိရိယာများ အားလုံး အကျုံးဝင်သည်ဟူသော စာသားကြီးကို မြင်ယောင်လျက် '' ခွေးကောင်တွေ....တရားဥပဒေကို လက်တစ်လုံးခြား မလုပ်ကြနဲ့ကွ '' .. ဟု ဆိုပြီး နဘန် တစ်ချက်စီ အုပ်ကာ အတင်း လုယူခဲ့လေ၏။
ထို့နောက် မျက်လုံးပြူးမြဲ မျက်ဆန်ပြူးမြဲ ဖြစ်သော ဖခင်ကြီး၏ ရှေ့တွင်ပင် နို့ဆီခွက်နှစ်လုံးအား အုတ်ခဲဖြင့် အားပါးတရ ထိုင်ထုနေလေတော့သည်။

                                                    ►►►

ဆောင်းနှင်းမှုန်လေးများဖြင့် ဆင်ယင်စီခြယ်အပ်သော နံနက်ခင်းတစ်ခု၊
သွေးတက်နေသောဖခင်ကြီး၊ 
အံ့သြနေသောမိခင်ကြီး၊
အော်ဟစ် ငိုယိုနေသော ငတိကလေးနှစ်ကောင်၊ 
မီးသွေးခုတ် ဓားမတစ်ချောင်း၊
လိုင်စင်မဲ့ ဟန်းဆက်နှင့် ဆက်စပ်ပစ္စည်း အကြေအမွများ၊
လိုင်စင်မဲ့ရေဒီယိုဗွက်နစ်တစ်လုံး၊
ပြားချပ် ပိန်လိမ်သွားသော လိုင်စင်မဲ့နို့ဆီခွက်နှစ်လုံး တို့သည် တရားဥပဒေကို လွန်စွာမှ လေးစားလိုက်နာသော နိုင်ငံ့သားကောင်း လူငယ်တစ်ယောက်ကြောင့် အင်မတန်မှ ကျက်သရေ မင်္ဂလာဖြင့် ပြည့်စုံခဲ့ဖူးကြောင်း ....... ။      ။


ကိုးကား-Weekly Eleven.
No.6.Vol.8.
Nov-14,2012
Page 25






















-

5 comments :

  1. Anonymous said... :

    အလွန်ကောင်းသော ရေးသားချက်တစ်ခုဖြစ်ကြောင်း ကျွန်ုပ်မှတ်ချက်ပြုမိပေသည်။

  1. Anonymous said... :

    ဆက်သွယ်ရေး ဆိုင်ရာ အခြား ပစ္စည်း ကိရိယာများ "နား၊ ပါးစပ်၊ လက်၊ မျက်စိ"

  1. Unknown said... :

    အင်တာနက် ကိစ္စလည်း ရေးကြပါအုံး။M P T ရဲ့ အင်တာ

    နက်က ကြောက်စရာကောင်း လို့ ပါ။ဦးသောင်းတင်လည်း

    ဒုဝန်ဖြစ် သွားတော့ ပြည်သူကို မကြည့် တော့ဘူး။သောင်း

    တင်နဲ့ ဌေးဝင်း တို့ m p t မှာမရှိ မှ ကောင်းသွား မှာ။

  1. Unknown said... :

    ပြည်သူ့ မျက်နှာ မကြည့်တဲ့ ဧရာဝတီ။

  1. Anonymous said... :

    ကြောင်သော အတိုက်အခံပြုလုပ်လိုသောစိတ်တစ်ခုနဲ့ရေးထားတဲ့ post တစခု ဟုထင်မြင်မိပါကြောင်း။

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved