ရန်ကုန် နဲ့ လမ်းဘေးခွေးများ

Monday, November 12, 2012




~


ရွက်စိမ်း ~

(ဓာတ်ပုံများ - ရွက်စိမ်း/ဧရာဝတီ)
    အခုရက်ပိုင်းအတွင်းမှာ ခွေးကိုက်ခံရတယ်ဆိုတဲ့ သတင်းတွေက ရပ်ကွက်ထဲမှာ မကြာခဏ ကြားနေရပါတယ်။ ရန်ကုန်မြို့  လမ်းပေါ်ကခွေးတွေရဲ့ ပေါက်ဖွားမှုနှုန်းက  မြန်ဆန်တဲ့အတွက်ကြောင့် လမ်းပေါ်မှာ၊ လမ်းကြားထဲမှာ ပိုင်ရှင်မဲ့ခွေးတွေ ပေါများနေပါပြီ။

ရန်ကုန်မြို့တော် အာဏာပိုင်တို့ ခွေးလေခွေးလွင့်နှိမ်နင်းဖို့ လိုအပ်နေပြီ လို့ ကမာရွတ်မြို့နယ်မှာ နေထိုင်သူ တဦးက ပြောပါတယ်။

    “လမ်းသွားရင် ခွေးတွေကို သတိထား ရှောင်နေရတယ်။ သူတို့တွေက မထင်ရင် မထင်သလို ကိုက်တတ်တယ်။ နေရာတိုင်းမှာ ခွေးလေခွေးလွင့်တွေ ပိုများလာတာ တွေ့ရတယ်။ အရင်တုန်းကဆိုရင် ညဘက်မှာ စည်ပင်က ခွေးတွေကို အဆိပ်ချပြီး ရှင်းလင်းတာတို့ ကြားပေမယ့် အခုနောက်ပိုင်းတော့ မကြားရတော့ဘူး” လို့ ၄င်းက ပြောပါတယ်။

    တာမွေမြို့နေထိုင်သူ တဦးကလည်း “အိမ်အောက်မှာ နေနေတဲ့ ခွေးတွေ အများကြီးရှိတယ်။ မောင်းလို့လည်း မသွားဘူး။ ပိုင်ရှင်လည်း မရှိတော့ လမ်းပေါ်က ဖြတ်သွားတဲ့ လူတွေကို ကိုက်တဲ့အခါ ကျွန်တော်တို့ ကို ခွေးပိုင်ရှင်လားလို့ လာလာမေးကြတယ်။ ကျွန်တော့် အိမ်မှာကို အဲဒီခွေးကိုက်ခံရတာ နှစ်ယောက်ရှိပြီ။ အဲဒီခွေးတွေ ကို ဘယ်လိုလုပ်ရမှန်းမသိဘူး။ တဖြည့်းဖြည်းနဲ့လည်း ပိုများလာတယ်” လို့ ပြောပါတယ်။



ခွေးရူး ရောဂါ အန္တာရာယ်ကို ကြောက်ရတဲ့အတွက် ခွေးကိုက်ခံရင် ဆရာဝန်ဆီပြေးပြီး ကုသမှု ခံယူရပါတယ်။

    ခွေးရူးပြန်ရောဂါကတော့ ဗိုင်းရပ်စ်ပိုး တမျိုးကြောင့် ဖြစ်ရတာပါ။  တခြား အိမ်မွေးတိရိစာန် တွေဆီကလည်း ကူးစက်နိုင်ပါတယ်။ ခွေးကိုက်ခံရပြီ ဆိုတာနဲ့ ခွေးရူးပြန် ကာကွယ်ဆေး ထိုးထားမှ စိတ်ချရတာပါ။

ခွေးရူးရောဂါက ကိုက်ခံရခြင်း မသိပေမယ့် ကာလအတော်အတန်ကြာရင် ပေါ်လာနိုင်ပါတယ်။ မြန်မာနိုင်ငံမှာတော့ ခွေးရူးပြန်ရောဂါ ကာကွယ်ဆေးကတော့ ဈေးအနည်းငယ်ကြီးတဲ့အတွက် ရေမန်း ဆီမန်း နဲ့ပဲ ကုသကြတာ အများအပြားပါပဲ။

ကမ္ဘာပေါ်မှာ နှစ်စဉ် လူဦးရေ ငါးသောင်းလောက်က ခွေးရူးပြန်ရောဂါကြောင့် သေဆုံးနေရပြီး အဲဒီအထဲမှာမှ သေဆုံးမှု အများဆုံးက အာရှတိုက်က ဖြစ်တယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ထုတ်ပြန်ထားပါတယ်။






















-

1 comments :

  1. May Thet Khin said... :


    Health Minister . Pe Thet Khin

    take this into your urgent attention without hesitation.

    If you are unable to go .

    delegate someone to do it immediately.

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved