မြန်မာ့နည်း မြန်မာ့ဟန် ဆိုက်ရောက်ဗီဇာ

Thursday, November 15, 2012


 ~




ရွက်စိမ်း ~


ဆိုက်ရောက်ဗီဇာအတွက် သတ်မှတ်ထားတဲ့ နိုင်ငံစာရင်းကို ၄၀ ကျော်အထိ ဒီလထဲမှာ တိုးချဲ့ခွင့်ပြုလိုက်ပါပြီ။

ဆိုက်ရောက်ဗီဇာကို  ဇွန်လကစပြီး ၂၇ နိုင်ငံကို စတင်ခွင့်ပြုခဲ့ပါတယ်။

အခုတော့ နယ်သာလန်၊ ဖင်လန်၊  ပေါ်တူဂီ၊  ရုရှား၊  တူရကီ၊ ယူကရိန်း၊ ဒိန်းမတ်၊ ဘရာဇီး၊  မက္ကဆီကို၊  ကိုလံဘီယာ   အပါအ၀င် နိုင်ငံ ၂၂ ခု ထပ်တိုးချဲ့လိုက်တာပါ။

ဆိုက်ရောက်ဗီဇာ  (Arrival Visa)ဆိုတာ ခရီးသည်က မြန်မာသံရုံးတခုခုမှာ ဗီဇာလျှောက်ထားစရာ မလိုအပ်ဘဲ မြန်မာပြည်ရောက်မှ လေယာဉ်ကွင်းမှာ လျှောက်ရတဲ့ ဗီဇာ ဖြစ်ပါတယ်။

ဆိုက်ရောက်ဗီဇာ ထုတ်ပေးလိုက်တဲ့အတွက် ခရီးသည်ဘက်ကလည်း  နိုင်ငံတကာမှာရှိတဲ့ မြန်မာသံရုံးတွေ သွားရတဲ့၊ ဆက်သွယ်ရတဲ့  အချိန်တွေ၊ အပိုငွေတွေ ကုန်ကျခြင်းကနေ သက်သာစေမှာဖြစ်ပါတယ်။
ပြီးတော့ မြန်မာသံရုံး မရှိတဲ့ နိုင်ငံတချို့က ခရီးသည်များ မြန်မာပြည်ကို လာဖို့ ပိုပြီး လွယ်သွားမှာပါ။

ပုဂံရောက် ခရီးသည် ၂ ဦး (ဓာတ်ပုံများ - ဂျေပိုင်/ဧရာဝတီ)

ဆိုက်ရောက်ဗီဇာကို စီးပွားရေး လုပ်ငန်းအတွက်သာ ထုတ်ပေးတာဖြစ်ပြီး တိုးရစ်တွေအတွက် မရည်ရွယ်ပါ။
သိသာထင်ရှားတဲ့ အားနည်းချက်တွေ ရှိတယ်၊ စီးပွားရေးလုပ်ငန်းရှင်တွေကိုပဲ ဒီဗီဇာ ထုတ်ပေးတာဟာ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးဖို့အတွက်တော့ သိပ်ပြီး ထိရောက်မှု မရှိဘူးလို့ ပြည်တွင်း
လုပ်ငန်းရှင်တွေက ပြောပါတယ်။

ဒီဗီဇာ ထုတ်ပေးဖို့အတွက်  ကြိုတင်ခွင့်ပြုချက် တင်ရတာတွေ၊  ဧည့်သည်တွေရဲ့ အချက်အလက်တွေ ကြိုတင်ပြရတာတွေ လုပ်ထုံးလုပ်နည်းတွေ ခက်ခဲနေပါသေးတယ်။ 

“ဆိုက်ရောက်ဗီဇာလို့ ပြောပေမယ့် တကယ့် ဆိုက်ရောက်ဗီဇာ စစ်စစ်ကြီးတော့ မဟုတ်သေးပါဘူး။ ဧည့်သည်လာမယ်ဆိုရင်  သူနဲ့ ချိတ်ဆက်ထားတဲ့ ခရီးသွား လုပ်ငန်းတွေက ဧည့်သည်ရဲ့ အချက်အလက်တွေကို ကြိုတင် တင်ထားရတာတွေရှိပါတယ်” လို့ ပြည်တွင်း ခရီးသွား လုပ်ငန်းရှင် တယောက်က ပြောပါတယ်။


အလည်အပတ် လာသူတွေကို ဆိုက်ရောက်ဗီဇာ မပေးသေးတာဟာ ခရီးသွားလုပ်ငန်းအတွက် အဟန့်အတား  ဖြစ်နေတယ် လို့ ပြည်တွင်း လုပ်ငန်းရှင်တွေက ပြောပါတယ်။

“E Visa စနစ်ကို လုပ်ပေးလိုက်ရင် ပိုကောင်းပါတယ်။ အဲဒါဆိုရင်တော့ မြန်မာကို ၀င်ရောက်လာတဲ့ ဧည့်သည်က သိသိသာသာ တက်လာမှာ။
 မြန်မာနိုင်ငံမှာ E Visa စနစ်ကို အရင်တုန်းက လုပ်ခဲ့ဖူးပါတယ်။ အောင်လည်း အောင်မြင်ခဲ့တယ်။ အနောက်နိုင်ငံရဲ့ စီးပွားရေး ပိတ်ဆို့ မှုတွေကြောင့် အဲဒီစနစ်က ပြန်ပျက် သွားတယ်။ အခု လုပ်ဖို့ စီစဉ်နေကြတယ်လို့တော့ ပြောတယ်။ အမြန်ဆုံး အကောင်အထည်ဖော်နိုင်ရင်တော့ ကောင်းပါတယ်” လို့ အထက်ပါ လုပ်ငန်းရှင်က ပြောပါတယ်။

စီးပွားရေးလုပ်ငန်းဗီဇာ (ရက် ၇၀) US$ 50
ပြည်ဝင်ဗီဇာ (၂၈ ရက်) US$ 40
ဖြတ်သန်းဗီဇာ US$ 20

ပြည်ဝင်ဗီဇာ ဆိုတာ အစည်းအဝေး၊ ဆွေးနွေးပွဲ၊ အခမ်းအနား Meetings / Workshops / Events  (တက်ရောက်ဖို့ အစီအစဉ်ရှိတဲ့သူ) ဖြစ်ကြောင်း လ၀က အွန်လိုင်း http://www.mip.gov.mm/visaonarrival/ မှာ ဖွင့်ဆိုထားပါတယ်။

ဗီဇာရက်ကျော်ဒဏ်ကြေး
တရက် US$ 3
(ရက် ၉၀ ကျော်လွန်ရင် တရက် US$ 5)

ဆိုက်ရောက်ဗီဇာ လျှောက်မယ့်သူတွေ သိရမယ့် အချက်အလက် ၉ ခု ထဲမှာ ဒါတွေ ပါပါတယ် -


- နိုင်ငံကူးလက်မှတ် သက်တမ်းသည် ရောက်ရှိသည့်နေ့၏ နောက်ပိုင်း အနည်းဆုံး ၆ လ ကျန်ရှိရမည်၊
- လုပ်ငန်းဗီဇာဖြင့် လာရောက်ပါက ခေါ်ဆောင်သည့် ကုမ္ပဏီ၏ ဖိတ်ခေါ်စာ ပါရှိရမည်၊
- လုပ်ငန်းရှင်  ဖြစ်ပါက  စက်ရုံအမည်၊ တည်နေရာ၊ တာဝန်ခံခေါ်ဆောင်သူ၊ ရာထူး  တို့ကို ပြည့်စုံစွာ ဖော်ပြ လျှောက်ထားရမည်၊

ဆိုက်ရောက်ဗီဇာ ယခင်က ခွင့်ပြုခဲ့တဲ့ ၂၇ နိုင်ငံစာရင်းကို  အစိုးရက ထုတ်ပြန်ခဲ့တာ အခုလို  တွေ့ရပါတယ်။


အာဆီယံ ၉ နိုင်ငံ
တောင်ကိုရီးယား
မြောက်ကိုရီးယား

တရုတ်
ဒိန်းမတ်
ပြင်သစ်

ဂျာမဏီ
အိန္ဒိယ
အီတလီ

ဂျပန်
နယူးဇီလန်
နော်ဝေ

စပိန်
ဆွီဒင်
ဆွစ်ဇာလန်

ထိုင်ဝမ်
ယူကေ
အမေရိကန်


























-

2 comments :

  1. Anonymous said... :

    အမှန်တကယ် အောင်မြင်တိုးတက်ချင်တယ်ဆိုရင် တိုးတက်တဲ့ နိုင်ငံတွေက ကမ္ဘာလည့် ခရီးသွားတွေကို ဗီဇာကင်းလွတ်ခွင့် ပေးသင့်တယ်။ ပြီးတော့ နိုင်ငံခြားရောက်နေတဲ့ ဗမာပြည်သားတွေကို လည်း ကျယ်ကျယ်ပြန်ပြန် ဖိတ်ခေါ်ကမ်းလှမ်း သင့်တယ်။ နိုင်ငံခြားငွေ သယ်လာနိုင်တဲ့ နိုင်ငံတကာကမ္ဘာလှည့် ခရီးသည်တွေကို ဒီအချိန်မှာ အင်တိုက်အားတိုက် ကြိုဆိုသင့်တယ်။ နိုင်ငံတကာက ရောက်လာမည့် ဘေးထွက်ဆိုကျိုးတွေကို ကြိုတင်ပြင်ဆင်တဲ့ အနေနဲ့ တိုးရစ်ရဲတွေကို ကြိုတင် အသိအပညာ သင်တန်းတွေ ပို့ ချထားသင့်တယ်။

  1. Anonymous said... :

    အခုလုပ်နေတာလည်း မှန်ပါတယ်။ အကုန်လုံး ဆိုက်ရောက်ဗီဇာ ပေးလိုက်ရင် ဒီခေတ်မှာ အကျိုးထက် အပြစ်ပိုများနိုင်တယ်။ လုပ်ငန်းရှင်တွေကိုပဲ ပေးရင် အပြစ်ထက် အကျိုး ပိုများတယ်။ လေကောင်းလေသန့် ရဖို့ တံခါးဖွင့်ဖို့ လိုတာမှန်ပေမယ့် ရွေးဖွင့်ဖို့လည်း လိုပါတယ်။

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved