စိုးရိမ်မှုများကြားက ထားဝယ် ရေနက် ဆိပ်ကမ်း စီမံကိန်း

Thursday, November 8, 2012

~ငြိမ်းငြိမ်း ~

ထားဝယ်ရေနက်ဆိပ်ကမ်း စီမံကိန်း တနေရာ (ဓာတ်ပုံ- ဧရာဝတီ)
ထားဝယ်ခရိုင် ရေဖြူမြို့နဲ့ လောင်းလုံမြို့နယ်မှာ တည်ဆောက်မယ့် ထားဝယ်ရေနက်စီမံကိန်း ဧရိယာတွင်းရှိ ရွာ ၁၆ ရွာကို မကြာခင် ပြောင်းရွှေ့တော့မယ် သတင်းတွေ ထွက်ပေါ်နေပြီး ဒေသခံတွေအနေနဲ့ လည်း ရေရေရာရာ မသိရသေးသလို စိုးရိမ်မှုတွေ ရှိနေပါတယ်။ 

စက်မှုဇုန်နဲ့ ရေနက်ဆိပ်ကမ်း စီမံကိန်းကြောင့် ဒေသခံတောင်သူတွေ အလုပ်အကိုင်ဆုံးရှုံးသွားမှာ၊ ဘိုးဘွား စဉ်ဆက်ဥယျာဉ်ခြံလုပ်ငန်း ကွယ်ပျောက်ကုန်မယ့် စိုးရိမ်ချက်တွေ ရှိနေသလို စီမံကိန်းထဲပါသွားလို့ ဆုံးရှုံးသွားရတဲ့ ဥယျာဉ်ခြံတွေအတွက် ထိုက်သင့်တဲ့လျော်ကြေးမရကြဘူးလို့ ပြောဆိုသံတွေ ကြားနေရ ပါတယ်။ 

အစိုးရကတော့ လမ်းဖောက်တာနဲ့ စီမံကိန်းမြေနေရာရှင်းလင်းမှု၊ အသေးစားစက်မှုဇုန် တည်ဆောက်ရေး စတာတွေကို နှစ်နှစ်အတွင်း အပြီး လုပ်ဆောင်မယ်လို့ ပြောဆိုထားပါတယ်။  ဒီစီမံကိန်း မြန်မြန်ဆန်ဆန် အကောင်အထည် ဖော်နိုင်ရေးအတွက် ထိုင်း-မြန်မာ ပူးပေါင်းဆောင်ရွက်မှုတွေ ခပ်စိပ်စိပ်လုပ်လာပါတယ်။ 

လူဦးရေ သုံးသောင်းကျော်ရှိတဲ့ စီမံကိန်းဧရိယာတွင်းရှိ ရွာများ ရွှေ့ပြောင်းရေးအစီအစဉ် ဆောင်ရွက်ထားမှု၊ ပည်သူများအတွက် လျော်ကြေး အစီအစဉ် နဲ့  စီမံကိန်း လုပ်ငန်းပြီးစီးမှုအခြေအနေတွေအကြောင်း ထားဝယ်အထူးစီးပွားရေးဇုန် အထောက်အကူပြုလုပ်ငန်းအဖွဲ့ (ယာယီ) ဥက္ကဌ ဦးတင်မောင်ဆွေ ကို ဆက်သွယ်မေးမြန်းထားပါတယ်။ 

မေး။         ။ အခုလောလောဆယ် လုပ်ငန်းဆောင်ရွက်မှုအခြေအနေ ဘယ်လောက်ထိ ရောက်နေပါပြီလဲ။ 

ဖြေ။      ။ အခုချိန်မှာ စီမံကိန်းနေရာပြင်ဆင်ခြင်း(site preparation) ပဲ လုပ်ရသေးတယ်။ စီမံကိန်းနဲ့ ပတ်သက်တာတော့ မလုပ်ရသေးဘူး။ site preparation ဆိုတာက စမယ်ဆိုရင်လုပ်လို့ရအောင် အဆင်သင့်ပြင်တဲ့အဆင့်၊ အဲဒါပဲ လုပ်ရသေးတယ်။ 

မေး။ အဲဒါတွေက ဘာတွေပါဝင်လဲ။ 

ဖြေ။ အခု ကျနော်တို့ ဆိပ်ကမ်းစတူးမယ်ဆိုရင် တူးသင်္ဘောတွေ ၀င်လို့ရအောင် မြေရှင်း တာ၊ တောရှင်း တာတွေ လုပ်၊ လမ်းဖောက်တာတွေ လုပ်ရသေးတယ်။ ၂၀၁၄ မှာတော့ အပြီးလုပ်မှာဗျ။ 

မေး။ သတင်းစာမှာ ဖော်ပြထားတာက စက်မှုဇုန်တွေ လုပ်မယ်ဆိုတာလည်းပါတယ်။ ပထမအဆင့်ပေါ့။ စက်မှုဇုန်တွေလုပ်မယ်။ လမ်းတွေဖောက်တယ်ဆိုတာ အီတာလျှံ -ထိုင်း ကုမဏီက အကုန် တာဝန်ယူ တာလား။ 

ဖြေ။ အခုက G-toG လုပ်မှာပါ။ management mechanism မှာလေ။ ကော်မတီဖွဲ့ထားပါတယ်။ အဲဒီ 
ကော်မတီ က လုပ်မယ့် developer ကိုရှာမယ်။ အီတာလျှံ ထိုင်းက လုပ်မယ်ဆိုလည်း ကွန်ထရက်တာ တယောက်အနေနဲ့လည်း သူပါမှာပါ။ ပထမကတော့ developer အနေနဲ့ စီမံကိန်းတခုလုံးကို တာဝန် ယူပြီး လုပ်မယ်ပေါ့။ အခုချိန်မှာက အစိုးရကနေပြီးတော့ အစိုးရနှစ်ခု ဗမာနဲ့ ထိုင်းပေါင်းပြီး လုပ်မယ်။ investor တွေကို စိစစ်ပြီး ရွေးချယ်မယ်။ အီတာလျှံ ထိုင်းက သူ့အနေနဲ့ ကွန်ထရက်တာ တယောက်အနေ နဲ့ ရှယ်ယာ ထဲ့မယ် အရင်းနှီး ထဲ့ပြီး ပါဝင်လုပ်ကိုင်သွားမယ်။ ၂၀၁၄ မှာ ရေနက်ဆိပ်ကမ်း ပထမအဆင့်မှာ လုပ်မယ်။ ကားလမ်းက ယိုးဒယား-မြန်မာ လမ်းကို ၂ လမ်းသွား၊ တဖက် ၂ လမ်းစီပါတဲ့ လမ်းဖောက်နေ တယ်။ နောက် early development မှာ အသေးစား အလတ်စား စက်မှုဇုန်တခုလုပ်မယ်။ လျှပ်စစ် ဓါတ်အား ပါဝါစတေရှင်းတခု ၃၃ မီဂွါဝပ်ရှိတဲ့ ဂတ်စ်တာဘိုင် တခုလုပ်မယ်။ 

မေး။       ပါဝါအတွက်က ဂတ်စ်တာဘိုင်တခုပဲ ဆောက်မယ်ဆိုတော့ အရင်ရွာသားတွေက ဆန္ဒပြထား တဲ့ ကျောက်မီးသွေးစက်ရုံကိုရောဆက်လုပ်ဖို့ ရှိသေးလား။ 

ဖြေ။          ။  နောက်မှ ခင်ဗျ။ ပထမဆင့်မှာတော့ ဂတ်စ်တာဘိုင်ပဲ သွားမယ်။ လောလောဆယ်တော့ မရှိသေးဘူး။ စက်မှုဇုန်တခုအတွက် လုံလောက်တဲ့ ဂတ်စ်တာဘိုင် တခု ကျနော်တို့ လုပ်မယ်။ ကျောက် မီးသွေး စက်ရုံကို ၄၀၀၀ မီဂါဝပ်ကနေ ၄၀၀ မီဂွါဝပ်ဆို လုံလောက်လို့ လုပ်ဖို့ ခွင့်ပြုထားတယ်။ အခုကတော့ petro chemical လုပ်ငန်းတွေ မစသေးပါဘူး။ 


မေး။ စက်မှုဇုန် ပထမအဆင့် အကုန်လုံးက ဘယ်ဒေသတွေမှာလုပ်မှာလဲ။

ဖြေ။ ထားဝယ်အထူး စီးပွားရေးဇုန် နယ်မြေထဲမှာပဲ။ ပဂေါဇွန်းဒေသမှာ လုပ်မယ်။ ပဂေါဇွန်းနယ်မြေမှာ စက်မှုဝန်ကြီးဌာနပိုင် ပဂေါဇွန်းဆီ အုန်းခြံဆိုတာရှိတယ်ဗျ။ စက်မှုဝန်ကြီးဌာနပိုင်မြေမှာ ကျနော်တို့ site clearing စလုပ်နေပြီ။ investors တွေ လည်း အခုလာကြည့်နေပြီ။ ဂျပန်၊ ထိုင်းရင်းနှီးမြှပ်နှံသူတွေရောပေါ့။ 


မေး။ အလုပ်သမားတွေကျတော့ရော နယ်မြေခံတွေကို ငှားတာလား။ ဘယ်ကနေလာကြတာလဲ။ 

ဖြေ။ ကျနော်တို့ ဒေသခံအလုပ်သမားတွေကို ဦးစားပေးတာပေါ့။ သူတို့အရည်အချင်းလိုက်အရပေါ့။ ကျန်တာ ကတော့ migrants ပေါ့။ တခြားဒေသက အလုပ်သမားတွေ။ သူတို့က မြန်မာနိုင်ငံသားတွေပဲ။ အလုပ်သမား ၁၉၀၀ ကျော်လောက်ရှိတယ်ခင်ဗျ။ 

မေး။ အစိုးရပိုင်မြေမှ စက်မှုဇုန်စနေပီဆိုတော့ ဒေသခံတွေ ပြောင်းရွှေ့ဖို့ကရော ဘယ်လိုရှိပါလဲ။ 

ဖြေ။ relocation အတွက်က နောက်လုပ်မယ့် စီမံကိန်းတွေထဲမှာ ပါတယ်။ ရွာအားလုံး ၁၆ ရွာရွှေ့ရမယ်။ petro chemical တို့နောက် ကျန်တဲ့ industrial လာပြီဆိုရင်။ မရွှေ့ခင်မှာ ရွာတွေအတွက် အိမ်တွေကို အရင်ဆောက်ပေးနေတယ်။ ရေတွေ မီးတွေ အရင်ဆုံး သွယ်ပေးမယ်။ အဲဒါတွေအပြင် စိုက်ပျိုး ရေး မွေးမြူရေးပါ။ လုပ်ကိုင်စားသောက်လို့ရအောင်ပါ ဖန်တီးပေးမယ်။ အားလုံးပေးပြီးတော့မှ ကျနော်တို့ က ရွာတွေ ရွှေ့သွားမှာ ဖြစ်ပါတယ်။ 

မေး။ ၁၆ ရွာလုံးကို တနေရာတည်း စုထားမှာလဲ။ ဘယ်လိုစီစဉ်ထားပါသလဲ။ 

ဖြေ။ ၂ နေရာဗျ။ ဒီဘက်က နဘူးလည်ဒေသ ၅ ရွာကို ဘ၀ါဆိုတဲ့ နေရာကို ရွှေ့မယ်။ ထားဝယ်အပြင်ဘက်ပေါ့။ ရေဖြူမြို့ဘက်က ၁၀ ရွာကိုတော့ ပုဂေါဇွန်းဆိုတဲ့ ဇုန်အပြင်ဘက်မှာပဲ။ ကျန်တဲ့ ၁ ရွာက လောင်းလုံ မြို့နယ်က ညောင်ပင်ဆိပ်ရွာကို လောင်းလုံမြို့နယ်ထဲကပဲ ပန်းတင်အင်းရွာကို ရွှေ့မယ်။ ရှိပြီးသားရွာပါ။ ဇုန်နဲ့ကပ်ရက်အပြင်ဘက်မှာပါ။ စုစုပေါင်း လူဦးရေ ၃ သောင်းလောက်ရှိတယ်။ 

မေး။ ပြောင်းရွှေ့နေရာချတာက ပထမအဆင့်မှာပါတာလား။ 

ဖြေ။ ကျနော်တို့ ရွာတွေ ဆောက်ပြီးတာနဲ့ ကျောင်းဖွင့်ချိန်အမှီ ကျနော်တို့ ရွှေ့မှာပါ။ အခုဆိုရင် အိမ် ၃၄၃ လုံး ဆောက်ပြီးပါပြီ။ ဒီနိုဝင်ဘာမှာ စုစုပေါင်း အလုံး ၅၀၀ လောက် ပြီးမှာပေါ့။ ရွာတွေကို အစုလိုက် အစုလိုက် ကျောင်းဖွင့်ချိန်အမှီ ရွှေ့ပေးသွားမှာပါ။ သူတို့နဲ့ ညှိနှိုင်းပြီးတော့။ မေး။ ရွာသားတွေရဲ့ လုပ်ငန်းတွေ အတွက်ရော ဘယ်လိုစီစဉ်ဆောင်ရွက်ပေးမှာပါလဲ။ တောင်သူတွေများတယ် ဆိုတော့လေ။ 

ဖြေ။ အလုပ်အကိုင်ကတော့ သူတို့ကတော့ စိုက်ပျိုးရေးပဲ လုပ်တာဆိုတော့ စိုက်ပျိုးရေးရအောင် ဒီသီးနှံ မဟုတ်တော့ဘဲ။ (ဒေသခံတောင်သူတွေက သီဟိုဋ်၊ ရာဘာ၊ ဆီအုန်း စတဲ့ နှစ်ရှည်သီးနှံတွေ အစိုက် များပါတယ်) တခြားသီးနှံပေါ့။ ဒူးရင်းတို့၊ ကြက်မောက်တို့ မင်းဂွတ်တို့ ၀င်ငွေလည်းကောင်းတဲ့ ဟိုက်ဘရစ် (hy-bird) မျိုးတွေပေါ့။ ကျနော်တို့ ထိုင်းနိုင်ငံက အင်ပို့လုပ်ပြီး ၀ယ်ပေးတယ်။ ၀ယ်ပေးပြီး သူတို့ကို စိုက်ပေးမယ်။ နောက် သူတို့မှာ လျော်ကြေး ရထားတဲ့ငွေတွေ ရှိမယ်ခင်ဗျ။ အဲဒီငွေတွေနဲ့ ၀ယ်ပြီးတော့ ဇုန်အပြင်ဘက်မှာ စိုက်မှာပေါ့။ သူတို့မှာရှိတဲ့ မိသားစုတွေထဲက အလုပ်ပေး မယ် လေ။ ယောက်ျားရော၊ မိန်းမရော၊ နောက်တခုက အမျိုးသမီးတွေအတွက်ကျ အိမ်တွင်းမှု စက်မှု လုပ်ငန်း ဆိုတာ ရှိတယ်။ domestic industry ဆိုတာပေါ့။ အိမ်ထဲမှာပဲ စက်မှုဇုန်အတွက် လိုအပ်တဲ့ ပစ္စည်းတွေ လုပ်ပြီး ဇုန်ထဲကို သွင်းဖို့လေ။ နောက်တခုက လူများလာတဲ့အတွက် အရောင်းအ၀ယ် လုပ်ငန်း တွေ ဈေးရောင်းတာတွေ လုပ်နိုင်တယ်။ 

မေး။            ။ ရွာသားတွေစိုက်ပျိုးရေးအတွက် ခုနကပြောတဲ့ ဒူးရင်းတို့ ကြက်မောက်တို့ ထိုင်းကနေ ၀ယ်ပြီးတော့ မျိုး ပေးမယ်လို့ ပြောတာလား။ 

ဖြေ။             ။ မျိုး ပေးမယ်ခင်ဗျ။ အဲဒါ အိမ်တိုင်းမှာ ပါတယ်။ မိသားစု နှစ်ရှည်ဝင်ငွေရအောင်၊ အိမ်တိုင်း အိမ်တိုင်းမှာ ထဲ့ပေးမယ်။ ဒါပေမယ့် mass production အတွက်ကျ မျိုးရှာပေးမယ်။ ကိုယ့်ဟာကို ၀ယ်ရမယ်။ သူတို့ အရင်းအနှီး စိုက်ရမှာပေါ့။ ကျနော်တို့ နည်းပညာဖြန့်ဖြူးမယ်။ ပိုးသတ်ဆေး ဘယ်လို သုံးရတယ် ဆိုတာ လိုက်ကြည့်မယ်။ ကူညီပေးမယ်ပေါ့။ 


မေး။ စက်မှုဇုန်ပြင်ပမှာ တောင်သူတွေ စိုက်ပျိုးဖို့ ချထားမယ်ဆိုတော့ သူတို့အတွက် စိုက်ပျိုးမြေဧကကို ခွဲတမ်းနဲ့ ပေးတာလား။ ဒါမှမဟုတ် ဘယ်လိုပုံစံမျိုးနဲ့ ပေးသွားမှာလဲ။

ဖြေ။ လောလောဆယ်တော့ သူတို့ လိုချင်တယ် ဆိုရင် တိုင်းဒေသကြီးအစိုးရက စီစဉ်ထားတယ်ခင်ဗျ။ အိမ်ထောင်စု တခုချင်းအတွက်ကို လိုအပ်တဲ့ စိုက်ပျိုးမြေ၊ လယ်စိုက်ပျိုးသူအတွက် လယ်မြေပေါ့။ 



မေး။        ။ အခု သူတို့ကို ရွှေ့ပေးမယ့်ရွာသစ် ၂ ရွာက ဘယ်လောက်လောက်ကျယ်ပါလဲ။ သူတို့အတွက် လုံလောက်တဲ့ အကျယ်အ၀န်းရှိပါသလား။ ရွာတွေဆို ကျယ်ကျယ်ဝန်းဝန်းရှိတယ်လေ။ အားလုံးကို စုထား လိုက်မယ် ဆိုရင် ဘယ်လိုအခက်အခဲတွေ ရှိနိုင်ပါသလဲ။

ဖြေ။ အခု ကျနော်တို့က သေချာကို မြို့ပြ စီမံကိန်း (town plan) ဆွဲပြီးတော့ မြို့ပုံစံ လုပ်ပေးတာ၊ မြေကွက် ၁၀၀ - ၈၀ အကျယ်ပေါ့။ ကျယ်ပါတယ်။ အဲဒီမှာ ကွန်ကရစ် တိုက်အိမ်လေးပေါ့။ 



မေး။ သူတို့ကို လျော်ကြေးတွေက ရထားတဲ့အထဲက ၀ယ်ရမယ်ဆိုတော့ လျော်ကြေးပေးထားပြီးသားလား။ 

ဖြေ။ မပေးရသေးဘူး။ သူတို့ကို ရွှေ့မယ်ဆိုရင် လက်ရှိ ရှိနေတဲ့ ရွာတွေကို လျော်ကြေးပေးရအုံးမှာ။ ရွာတွေ စိုက်ပျိုးခြံတွေကိုလေ။ 

မေး။ ဒီလျော်ကြေးကို အစောဆုံး ဘယ်အချိန်မှာ ပေးမှာလဲ။ 

ဖြေ။ အဲဒါကတော့ ရွှေ့မှ။ အခုရေနက်ဆိပ်ကမ်းဆောက်မယ့်နေရာ၊ လမ်းဖောက်မယ့် နေရာ အဲဒီနေရာတွေကို လျော်ကြေး ပေးပြီးသွားပြီ။ ရွာတွေ ရွှေ့မယ်ဆိုရင် လက်ရှိ ရွာနေရာကို ကျနော်တို့ လျော်ကြေးပေးရမယ်။ ပေးတဲ့အခါ stateholders အကုန်လုံး ပါပြီး စံဈေးနှုန်းတခုသတ်မှတ်ပြီး အားလုံး မျှမျှ တတလေး ဖြစ်အောင် လုပ်ပေးပြီး လျော်ကြေးပေးမှာ ဖြစ်ပါတယ်။ လောလောဆယ်တော့ မပေးရသေးဘူး။ 

မေး။                ။ ဒီလမ်းဖောက်တဲ့နေရာက အပင်တွေ ပျက်စီးသွားတဲ့ လူတွေအတွက်ကျတော့ရော။ 

ဖြေ။ အဲဒါတွေက ပေးပြီးပြီခင်ဗျ။ ညှိနှိုင်းတယ်။ သူတို့ ကျေနပ်တဲ့ဈေး အရ လျော်ကြေးပေး တယ်။ နောက် စီမံကိန်း အရ လမ်းဆိုတော့ လမ်းဖောက်တာပေါ့။ 

မေး။       ။ ဒါပေမယ့် တချို့ လျော်ကြေးမရသေးဘူးလို့ ပြောဆိုနေတာတွေ ရှိပါတယ်။ ဘယ်လိုဖြေရှင်းပေး ပါလဲ။ 

ဖြေ။     ။ အဲဒါကျတော့ တချို့လူတွေက ဒေသခံ မဟုတ်တော့ဘူး။ ၀ယ်ရောင်း သမားတွေ ဖြစ်တဲ့အခါ ကျတော့ ကျနော်တို့ ပေးတဲ့ ဈေးနှုန်းကို လက်မခံနိုင်ဘူး။ ဥပမာ တဧကကို ၁၀ သိန်းလောက်ပေးတယ် ဆိုရင် သူတို့က တဧကကို သိန်း ၃၀ လောက် လိုချင်တယ်။ အဲလိုမျိုး ကျနော်တို့က မပေးနိုင်ဘူး။ ကျနော်တို့ သတ်မှတ်ထားတဲ့ စံဈေးနှုန်းတိုင်းပဲ ပေးလို့ရတယ်။ ခုနက လူမျိုး ရှိပါတယ်။ အဲလိုလူတွေ ကျတော့ ငွေ ကို ဘဏ်ထဲမှာ ထဲ့ထားတယ်။ ဒေသက သတ်မှတ်ထားတဲ့ စံဈေးနှုန်းတိုင်း လက်ခံနိုင်ရင် ကျနော်တို့ ထုတ်ပေးမယ်။ လက်မခံရင်တော့ ငွေက ဘဏ်ထဲမှာပဲ ရှိနေတယ်။ သူ့ရဲ့ ဘေးဘယ်ညာခြံတွေလည်း တူတူပဲလေ။ ပတ်ဝန်းကျင်မှာ သတ်မှတ်ထားတဲ့ ဈေးအတိုင်းပဲ ရမှာပေါ့။ အဲဒါထက်တော့ ပိုတောင်းလို့ မရဘူးပေါ့။ တချို့ခြံတွေလည်း ရှိပါတယ်။ ညှိနှိုင်းလို့ မရဘူးပေါ့။ ဥပမာ ဆီအုန်းခြံတွေ ဘာတွေ ကျတော့ ဈေးနှုန်းမသတ်မှတ်ရသေးဘူး။ အဲဒါတွေကျတော့ ကျနော်တို့ မထိသေးဘူး။ အဲဒီဟာကျတော့ ကျနော်တို့က ကျွမ်းကျင်တဲ့အဖွဲ့တွေ ဗဟိုကလာပြီး အဖွဲ့ဖွဲ့၊ စံ ဈေးနှုန်းတခုသတ်မှတ်ပြီး မှ ချေပေးမှာပေါ့။ 


မေး။        ။ ဟုတ်ကဲ့။ အလုပ်သမားတွေကို လုပ်ငန်းခွင်အသစ်မှာ ဒေသခံတွေ အလုပ်လုပ်ချင်တဲ့ လူတွေကို အလုပ်ပေးမယ်ဆိုတော့ လုပ်ခ သတ်မှတ်ထားတာမျိုး ရှိပြီလား။ ကုမ္ပဏီက ပေးတဲ့ဈေးနှုန်းအတိုင်းပဲလား။ 

ဖြေ။      ။   ရှိတယ်။ အခု မြန်မာနိုင်ငံမှာ အနည်းဆုံး လုပ်ခ ဥပဒေဆိုတာ ထွက်လာလိမ့်မယ်။ ဒီဥစ္စာကို ကျနော်တို့ စောင့်နေတယ်။ လောလောဆယ်မှာ တနေ့ကို ၃၅၀၀ ကျပ်ပေးတယ်။ အိုဗာတိုင် မပါဘူး။ ၈ နာရီ အလုပ်လုပ်ရင်။ အိုဗာတိုင်က ၂ နာရီရတယ်။ ၁ နာရီကို ၈၀၀ နဲ့ ၂ နာရီဆိုတော့ ၁၆၀၀ ကျပ်ပေါ့။ ပေါင်းတော့ ကျပ် ၄ ထောင်ကျော် ၅ ထောင်နီးပါးရတယ်။ ဒါက basic အခြေခံအဆင့်ပေါ့။ ကျွမ်းကျင်မှုအလိုက် ကျွမ်းကျင်လုပ်သား ပန်းရံ စသဖြင့် လုပ်တတ်တဲ့သူက ၇ ထောင် ၈ ထောင် ရကြပါတယ်။ ဒါပေမယ့် ထိုင်းလုပ်သားတွေနဲ့ ယှဉ်ရင်တော့ ကျနော်တို့က အရမ်းကို နည်းနေသေးတယ်။ ထိုင်းအလုပ်သမားတွေက နိုင်ငံခြားက လာလုပ်တယ်ဆိုတော့ (basic pay) အခြေခံရတာတော့ အတူတူပဲ။ ဒါပေမယ့် allowance တွေပိုသွားတယ်။ နေထိုင်စရိတ်၊ စားစရိတ် အဲဒါတွေ ပေါင်းလိုက်တဲ့ အခါကျ တော့ ပိုသွားတယ်။ အခု ကုမဏီနဲ့ ညှိထားတာ အခြေခံလစာကို ၃၅၀၀ ကနေ ၄၅၀၀ အထိ တိုးပေးဖို့။ အလုပ်ချိန် ၈ နာရီကိုလေ။ လက်ရှိ တိုးပေးလိုက်လို့ ရှိရင် ဥပဒေက မထွက်သေးတော့ အနည်းဆုံးလုပ်ခ ဥပဒေကို ကျနော်တို့ စောင့်နေတယ်ခင်ဗျ။ ဒီဟာကို ကြည့်ပြီး ပေးသွားမှာ ဖြစ်ပါတယ်။ 

မေး။          ။ အနည်းဆုံးလုပ်ခဥပဒေက အမျိုးသားလွှတ်တော်မှာဆို ဆွေးနွေးတဲ့အခါမှာ လုပ်ခတွေကို ဒေသအလိုက် သတ်မှတ်ဖို့ ပြောပါတယ်။ အခု ဒီစီမံကိန်းမှာ တာဝန်ယူသူတယောက်အနေနဲ့ အနိမ့်ဆုံး လုပ်ခ သတ်မှတ်ချက်တွေက ဘယ်လို ရှိသင့်တယ် ထင်ပါလဲ။ အခု ထားဝယ်မှာ ပေးတဲ့ ဈေးနှုန်းက ရန်ကုန်မှာ မရတော့လေ။ 

ဖြေ။                ။ မရဘူး။ ကျနော်တို့က နှိုင်းယှဉ်ပြတယ်လေ။ (ထိုင်းနိုင်ငံဘက်ခြမ်း) မဟာချိုင်မှာဆို ဘယ်လောက် ရတယ်၊ မဲဆောက်ဆို ဘယ်လောက်ရတယ်။ ဘန်ကောက်မှာဆို ဘယ်လောက်ရတယ်၊ နောက် ထားဝယ်ဒေသမှာ စည်ပင်သာယာက ဘယ်လောက်ပေးတယ်၊ အဲဒီ rate တွေကို ကျနော် တို့ ကြည့်လိုက်တယ်ဗျ၊ အဲလောက်ထိတော့ နည်းလို့တော့ မရဘူး။ ဒီမှာ အနည်းဆုံး အဲလောက် ပေးရ မှာပေါ့။ ဒေသနဲ့ကိုက်တဲ့ လုပ်ခလစာမျိုး ရသင့်တယ်။ ဒီမှာက အခြားဒေသထက်စာရင် အများကြီးများ တယ်။ ဒီမှာက မြန်မာနိုင်ငံအလယ်ပိုင်းဒေသမှာ တနေကုန် မြေပဲနှုတ်ရင် ၈၀၀ ပဲရတယ်။ ဒီမှာက ၃၅၀၀ ရတဲ့အ တွက် တနေကုန် ၈၀၀ ပဲ ရခဲ့တဲ့အလုပ်သမားတွေက ဒီမှာ လာလုပ်တာ သူတို့အတွက် ပို အဆင်ပြေ တယ်။ ထားဝယ်ဒေသခံတွေကျတော့ ၃၅၀၀ က နည်းနေပြန်ရော။ ထိုင်းမှာ သွားလုပ်တဲ့ အခါကျတော့ အနည်းဆုံး ဘတ် ၄၀၀-၅၀၀ ရတာကိုး။ ဒီကလုပ်ခက ဘတ်နဲ့ဆို တရာလောက်ပဲ ရတော့ မကိုက်ဘူး။ အဲဒါမျိုးတွေ ကျနော်တို့ ညှိပေးရတယ်။ 

မေး။           ။ အခုလောလောဆယ် လုပ်ငန်းတွေ မှာ မြန်မာပြည်အလယ်ပိုင်းဒေသတွေက အလုပ်သမား တွေက ပိုများသလား။ 

ဖြေ။        ။ မများဘူး။ တူတူလောက်ပဲ။ ဒါ migrant လေဘာပေါ့။ စီမံကိန်းစပြီဆိုရင်အလုပ်သမား ထောင် နဲ့ သောင်းနဲ့ချီ ရောက်လာမှာပဲ။ 

မေး။             ။ ထိုင်းနဲ့ မြန်မာအလုပ်သမား အချိုးအစားက ဘယ်က ပိုများပါသလဲ။ 


ဖြေ။                ။  မြန်မာက ပိုများတယ်ခင်ဗျ။ သုံးပုံပုံ ၂ ပုံလောက်ရှိတယ်ခင်ဗျ။ မြန်မာလုပ်သား များပါတယ်။ 

မေး။                 ။  နိုင်ငံခြားရင်းနှီးမြှပ်နှံမယ့်သူတချို့က ထားဝယ်ဆိပ်ကမ်းမှာ infrastructure မလုံလောက်မှုတွေက သူတို့အတွက် အခက်အခဲ ရှိတယ်လို့ ပြောကြတယ်။ စိုးရိမ်ကြတယ်။ ဒီလိုဆိုတော့ အခု အကောင်အထည်ဖော်မှုပိုင်းမှာ နှောင့်နှေးမှုတွေ ရှိလား။ 

ဖြေ။      ။ အင်ဖရာစထရပ်ချာမရှိဘဲနဲ့ ရင်းနှီးမြှပ်နှံမယ့်သူ ဘယ်လိုမှ မလာဘူးလေ။ အဲဒါတော့ သိတယ်။ အခုထိ ပထမအဆင့်ကို ၂၀၁၄ မတိုင်ခင်မှာ အပြီးလုပ်ရမှာ။ ၂၀၁၅ မှာ ထိုင်းမြန်မာဆက်သွယ်မယ့် ကားလမ်းကြီး ပြီးသွားမယ်။ ပထမအဆင့်- မီးတို့၊ ရေ၊ ဆက်သွယ်ရေးကွန်ယက်အဆင့်တွေ ပြီးသွားပြီ။ ဒါဆို လာပြီး မြှပ်နှံလို့ရမှာပါ။ 




























-

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved