ကိုညို(အော်စလို) ~
ဒေါ်အောင်ဆန်းစုကြည်ရဲ့ နယူးဒေလီခရီးစဉ်က မှတ်တမ်း ဓာတ်ပုံ တချို့တွေ့တော့ တချိန်တုံးက ကျနော်တို့မြန်မာကျောင်းသား လူငယ်တွေခြေရာ ထပ်အောင်သွားလာ လှုပ်ရှားခဲ့တာတွေပြန်မြင်ယောင် လာတယ်။
အိန္ဒိယ ငြိမ်းချမ်းရေး ဗိသုကာနဲ့ မြန်မာငြိမ်းချမ်းရေး နိုဗဲလ် ဆုရှင်၊ ပန်းချီ စစ်ငြိမ်းအေး
|
လူဦးရေ ထူထပ်လွန်းပြီးပြည့်ညှပ်ကြပ်နေတဲ့ တိုက်ခန်း ကျဉ်းကျဉ်းလေးမှာနေထိုင်ပြီး၊ မိုးလင်းကနေ ည အိပ်ရာဝင်ချိန်ထိ ဈေးအော်ရောင်းတဲ့အသံ၊ ကားဟွန်းသံ၊ ဆူညံအော်ဟစ်သံတွေကြားနေရသလို၊ မနက်
နေထွက်တာလည်း မမြင်ရ၊ တနေကုန်ဖုံတွေ၊ အနံ့အသက်ဆိုးတွေ၊ အမှိုက်ပုံမစင်ပုံနဲ့ ညစ်ပတ်တော ထ
နေတဲ့ဒေလီ အနောက်ပိုင်းဆင်းရဲသား ရပ်ကွက်တွေထဲမှာ ကျနော်တို့ ဆယ်စုနှစ်၂ ခုလောက်နေထိုင် ကျက်စားခဲ့တယ်။
ဒီနေ့အထိလည်းမြန်မာတွေ အဲဒီလိုရပ်ကွက်တွေမှာရှိနေတုံး။ ဒေလီ အခြေချခါစမြန်မာပြည်ဘွား အိန္ဒိယ အနွယ်တွေအများစုနေတဲ့ ရပ်ကွက် ဂျန်နတ်ပူရီနိဗ္ဗာန်ရပ်ကွက်(Janack Puri,Janack ဆိုတာနိဗ္ဗာန်..Puri ဆိုတာအရပ်) မှာကျနော်တို့တတွေဟာ “တ၀ဂူ”လို့ နာမည်ပေးထားတဲ့ အ၀င်အထွက် တခါးတပေါက်ထဲ၊
ပြူတင်းပေါက်မရှိတဲ့ အိမ်ခန်းကျဉ်းကျဉ်းလေးထဲ လူ ၁၀ ယောက်လောက် စုပြုံနေကြတာ။
အဲလို..လေကောင်းလေသန့်မရှိ၊ လူကျဉ်းကြပ်သလို စိတ်လည်းမွန်းကြပ်တဲ့ နိဗ္ဗန်ရပ်ကွက် ကနေ စောစော က ဒေါ်အောင်ဆန်းစုကြည် သူ့ ငယ်သူငယ်ချင်းတွေနဲ့ လည်ပတ်နေတဲ့ Lodhi ပန်းခြံတို့ ၊Nehru Park တို့ ဂန္ဓီကြီး ဂူဗိမ္မာန်တို့ကို တခေါက်တခါများ သွားမိရင် စိတ်အမောတွေပြေပြီး လွတ်လပ်ကြည်လင်သွားတယ်။
မြင်ကွင်းတွေက ကျယ်ကျယ်၊ အနံ့အသက်မရှိ၊ ရောင်စုံပန်းနဲ့မြက်ခင်းစိမ်းစိမ်းနဲ့ လေပြေအေးအေးနဲ့ ဆိုတော့ ဒေလီ မဟုတ်ဘဲ တခြား ဥရောပနိုင်ငံတခု ရောက်သွားသလိုမျိုး။
ရေကန်နဲ့ငှက်ကျေးတွေ၊ ဘဲငန်းတွေကရှိသေးတယ်။ စိတ်အေးလက်အေးနဲ့ လမ်းလျောက်ကြည့်ရှုရင်း ၊ညောင်းရင်မြက်ခင်းစိမ်းပေါ် လဲလျှောင်းလိုက်ပေါ့၊ သိပ်ကိုစိတ်လက်ပေါ့ပါးငြိမ်းအေးတယ်။
ဒါကြောင့်လည်း ဒေါ်အောင်ဆန်းစုကြည်ဟာ ငယ်ငယ်က သူ့ ကျောင်းနေဘက် သူငယ်ချင်းတွေနဲ့
ပြန်ဆုံတော့ စိတ်လက်ကြည်သာ စကားပြောဖို့လို ဒီးပန်းခြံကို ရွေးချယ်ထားတာလားမသိ၊ အဲ..သူတည်းခိုတဲ့ Hotel Palace ကလည်းလို ဒီ ပန်းခြံနဲ့နီးသလို၊ နေရူးပန်းခြံတို့ ၊မြန်မာသံရုံးနဲ့ သူနေခဲ့ဘူးတဲ့ အက္ကဘာ လမ်း နေအိမ်တို့နဲ့လည်း သိပ်ကြီးဝေးတာမဟုတ်ဖူး။
ဒေါ်အောင်ဆန်းစုကြည်နဲ့ ငယ်သူငယ်ချင်းတွေ တွဲရက်ဓာတ်ပုံတချို့မှာ၊ အသားညိုညို၊ အရပ်ပုပု
သေးသေးနဲ့ အန်တီမာဗီယာနဲ့ သူ့ခင်ပွန်း အန်ကယ်ကာလီကာတို့ကိုလည်း တွေ့ရတော့ စိတ်ကြည်နူးသွား တယ်။
သူတို့အတွဲက ဒေါ်စုနေအိမ် အကျယ်ချုပ်ကျနေစဉ်တလျောက်လုံး ကျနော်တို့ မြန်မာ့အရေး လှုပ်ရှား သူတွေ နဲ့ လက်တွဲပြီးမြန်မာ့အရေး ဟောပြောပွဲတွေ၊ လှုပ်ရှားမှုတွေမှာသူ့သူငယ်ချင်းရဲ့ အရည်အချင်းနဲ့ တိုင်းပြည်ပေါ် စေတနာထားပုံတွေ၊မြန်မာဆန်ဆန် ရိုးရိုးအေးအေး ၀တ်စားဆင်ရင်တတ်ပုံတွေကို သတိတရပြောနေကျ။
အန်ကယ်လ်“ကာလီကာ”ကသတင်းစာဆရာတယောက်..ဟိုတုံးက India Express သတင်းစာရဲ့ အယ်ဒီတာ၊ နောက်ပိုင်းလည်း နာမည်ကြီးသတင်းစာတွေမှာ တာဝန်ထမ်းခဲ့ပြီး မြန်မာ့အရေး နဲ့ ဒေါ်အောင်ဆန်းစုကြည် အကြောင်းသတင်းဆောင်းပါးတွေ ရေးနေကျ။ ကျနော်တို့ လူငယ်တွေကို သိပ်ချစ်တာ..။
တခါတလေ မြို့ ထဲက ကျနော်တို့ရုံးကို လာရင် ဧည့်ဝတ်ပြုတဲ့ ခုံပေါ်တက် မထိုင်ဘူး။ ဘိနပ်ကလေး ချွတ်ပြီး ကျနော်တို့နဲ့ တန်းတူ ကြမ်းခင်းပေါ် ထိုင်ပြီးစကားပြောတာ၊ တလေးတစားဆက်ဆံတယ်။ ကျနော်တို့ ချို့ချို့တဲ့တဲ့နဲ့ နိုင်ငံရေးလှုပ်ရှားနေတာကို စိတ်ဓာတ်မြှင့်တင် အားပေးတယ်။
ကျနော်တို့ကိုတွေ့ရင် လက်သီးဆုတ်၊ လက်ရုံးဆန့်ပြီး နှုတ်ဆက်တာ။ လင်မယား ၂ ယောက်လုံး ကျနော် တို့ကို သားသမီးတွေလို သဘောထား ဆက်ဆံတယ်။ လုံခြုံရေးကြပ်တဲ့ ဒ်ါစုရဲ့ အိန္ဒိယခရီးစဉ်မှာ အိန္ဒိယနိုင်ငံသား မြန်မာ့ ဒီမိုကရေစီမိတ်ဆွေတွေနဲ့လည်းတွေ့ရပုံမရဖူး။
ကျနော်တို့ အရမ်းတွေ့စေချင်တာက အန်ကယ်လ်ဂျော့ခ်ျလို့ ကျနော်တို့ ခေါ်ခေါ်နေတဲ့ အရင်ကာကွယ်ရေး ၀န်ကြီးဟောင်း မစ္စတာဂျော့ဖာနန်ဒေ့စ်နဲ့ ဆမတာပါတီခေါင်းဆောင် အန်တီဂျာရားဂျိုက်လ်တီး (သူ့ဖခင် က မြန်မာနိုင်ငံဆိုင်ရာ ပထမဆုံးအိန္ဒိယသံအမတ် အဖြစ် ရန်ကုန်မှာအတူနေဖူးတယ်) ၊ပြီးတော့ကျနော် တို့ မြန်မာကျောင်းသားတွေရဲ့ အမေလိုဖြစ်နေတဲ့အန်တီနန်ဒီတာဟတ်ခ်ဆာ..(သူ့ဖခင်က၀န်ကြီးချုပ် အင်ဒရာဂန္ဒီရဲ့ နိုင်ငံရေးအကြံပေး) ၊ပြီးတော့နိုင်ငံရေး ပါတီတချို့ကခေါင်းဆောင်တွေ၊ လူမှုလှုပ်ရှားသူတွေနဲ့ အမျိုးသမီးခေါင်းဆောင်တချို့ရှိသေးတယ်။
သူတို့နဲ့ဒေါ်စုတွေ့စေချင်တာက..အဲဒီအိန္ဒိယခေါင်းဆောင်တွေဟာ မြန်မာနိုင်ငံအပေါ်ဘာ အကျိုး တစုံ တရာမှ မမျော်မှန်းပဲ မြန်မာပြည်သူတွေ လွတ်လပ်စေချင်၊ ဖွှံ့ဖြိုးတိုးတက်စေချင်တဲ့ စေတနာ သက်သက်ပဲရှိကြလို့ပါ။
သူတို့ရဲ့တန်ဘိုးရှိတဲ့ အချိန်တွေကို မြန်မာနိုင်ငံအတွက် ဖဲ့ပေးပြီးဆောင်ရွက်ခဲ့ကြလို့ ဖြစ်တယ်။ ကျနော်ပြောပြမယ်….။
အိန္ဒိယမှာ မြန်မာနိုင်ငံသားတွေကို ကုလ သမဂ္ဂဒုက္ခသည်များ ဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) ကဒုက္ခ သည် အဖြစ် ကူညီစောင့်ရှောက်နိုင်အောင်စပြီး လမ်းဖွင့်ဆောင်ရွက်ပေးခဲ့တာ အန်တီ ဒေါ်နန်ဒီ တာဟာတ်က်ဆာ (Nandita Haksar)ဖြစ်တယ်။
သူက လူ့အခွင့်အရေးလှုပ်ရှားသူ၊ အိန္ဒိယ ဗဟိုတရားရုံးရှေ့နေလည်းဖြစ်တယ်။ ရှင်းရှင်းပြောရရင် သူပုန်
ရှေ့နေ။ မဏိပူ၊ နာဂ၊ အာသံနဲ့ အိန္ဒိယရဲ့ နာမည်ကြီး အစိုးရဆန့်ကျင်ရေးသမား သူပုန်တွေရဲ့ အမှု လိုက်နေသူ။ ကျနော်တို့ မြန်မာကျောင်းသား လူငယ်တွေကို မဏိပူထောင်ထဲကနေ ထုတ်ပြီး UNHCR အစောင့်အရှောက်နဲ့ နယူးဒေလီမှာ နိုင်ငံရေး လှုပ်ရှားခွင့်ရအောင် လုပ်ပေးတယ်။
မြန်မာကျောင်းသား ၂ ယောက် လေယာဉ်ပျံပေးဆွဲ အမှုကို ပြတ်အောင်လုပ်ပေးတယ်။ ကရင်နဲ့၊ ရခိုင် သူပုန် (၃၄) ယောက်ကို ထောင်နှစ်ရှည်ကျနေတာ လွတ်မြောက်အောင်လုပ်ပေး တယ်။ မြန်မာ့ နိုင်ငံရေး သမားတွေ အိန္ဒိမှာထောင် မကျစေဘဲ လွတ်လွတ်လပ်လပ်နေနိုင်အောင် အန်တီနန်ဒီတာကို ဘုရားသခင် က ဖန်ဆင်းပေးထားသလိုပဲ။
၁၉၉၂ လောက်၊ မဏိပူရနဲ့ မီဇိုရမ်နယ်စပ် ဒုက္ခသည်စခန်းကနေ နယူးဒေလီတက်လာတဲ့ ကျနော် တို့ မြန်မာ လူငယ်တွေ ၃၀-ကျော်လောက် စုမိတော့ မြန်မာသံရုံးရှေ့မှာ အထိမ်းအမှတ်နေ့တွေဆို သွားသွားဆန္ဒပြတယ်။
ဥပမာလွတ်လပ်ရေးနေ့၊ပြည်ထောင်စုနေ့၊ဖက်ဆစ်တော်လှန်ရေးနေ့၊၈လေးလုံးတို့စစ်အာဏာသိမ်းနှစ်ပတ်လည်တို့ဆိုရင်ပေါ့။ကျနော်တို့တတွေပိုစတာတွေရေး၊အ၀တ်နဲ့နဖူးစီးစာတမ်းတွေအလံတွေလုပ်၊ ခေါင်းစီးတွေပတ်ပြီးကုလားတွေနဲ့ဘတ်စ်ကားတိုးဝှေ့လုတက်ပြီးအခုဂျဝါဟာလာနေရူးနေအိမ်ကိုပြတိုက်လုပ်ထားတဲ့နားကTeen Muti(သူရဲကောင်း၃ယောက်ရုပ်ထုရှိတဲ့ပန်းခြံ)မှတ်တိုင်မှာဆင်း၊မြန်မာသံရုံးရှေ့ခွတ်ဒေါင်းအလံကြီးကိုင်ပြီးချီတက်တော့တာပဲ။အစောပိုင်းတော့သံရုံးရှေ့တည့်တည့်ထိသွားဆန္ဒပြရတယ်။နောက်ပိုင်းတော့မရတော့ဖူး။တိဘက်တွေတရုတ်သံရုံးရှေ့ဆန္ဒပြရင်းစိတ်မထိမ်းနိုင်ဘဲအုတ်နံရံကျော်ပြီးသံရုံးဝန်းထဲကျူးကျော်ပြီးတိဘက်အလံသွားချိတ်ရာကာသံရုံးရပ်ကွက်တွေဆန္ဒပြဖို့ခွင့်မပြုဘူး။ကျနော်တို့အဲဒီကာလကဆန္ဒပြရင်၊ရဲစခန်းကိုတရက်ကြိုခွင့်တောင်းရတယ်၊ဘယ်အဖွဲ့အစည်းကဘယ်နှစ်ယောက်လောက်လာပြီး၊ဘယ်နေရာမှာ၊ဘယ်သူတွေကိုဘာကြောင့်ဆန္ဒပြမယ်ဆိုတဲ့အကြောင်းပေါ့။Teen Muti ရဲစခန်းကကျနော်တို့ နေရပ်လိပ်စာ၊ ဖုံးနံပါတ်၊ ဆန္ဒပြမဲ့အချိန်နဲ့ အကြောင်းကြားစာကို လက်ခံထားလိုက်တယ်။
ညပိုင်းမှာ ရဲစခန်းက ကိုယ်စားလှယ်လွတ်ပြီး ဆန္ဒပြဖို့ အဲဒီနေရာမှာ ခွင့်မပြုတဲ့ အကြောင်း.. အကြောင်း ကြားစာ လာပို့တယ်။ ဒါပေမယ့် ဒါက ရဲစခန်းရဲ့ ( မဆလ..စကားငှားပြောရရင်) လုပ်ထုံးလုပ်နည်းပေါ့။
နောက်နေ့မနက် ဆန္ဒပြမယ့် အစီအစဉ်အတိုင်း နေရူးပြတိုက်ရှေ့သွား၊ ရဲတွေကတုတ်ကြီးတွေ ကိုင်ပြီး
စောင့်နေမယ်။ ဆန္ဒပြသူတွေက သူရဲကောင်းရုပ်ထုနဲ့ ပန်းခြံအ၀ိုင်းကြီးကိ ကြွေးကြော်သံတွေနဲ့ ၂ ပတ် ၃ ပတ်လောက်ပတ်၊ နေရူးပြတိုက်အနီး၊ နက္ခတ်တာရာပြတိုက်နားက သပြေပင်တွေအောက် သတိဆွဲ တန်းစီပြီး နိုင်ငံတော်သီချင်းဆိုမယ်၊ ခွတ်ဒေါင်းအလံအလေးပြုမယ်၊ တယောက်ပြီးတယောက် စစ်အစိုးရ ဆန့်ကျင်ရေး မိန့်ခွန်းတွေဟောပြောမယ်၊ ပါလာတဲ့ဂစ်တာတွေ၊ ဗုံတိုပတ်စတွေ၊ ဘာဂျာတွေနဲ့
တော်လှန်ရေး သီချင်းတွေ၊ကျောင်းသား တပ်ဦးသီချင်းတွေတီးမှုတ်သီဆိုပြီး စိတ်ဓာတ်မြှင့်တင်မယ်၊ ကုလားရဲတွေက ဘာတွေဆိုနေမှန်းမသိတဲ့ ကျနော်တို့ဂီတသံတွေကို ပြုံးရွှင်ပြီး သဘောတွေ ကျ၊ ခေါင်း တရမ်းရမ်းနဲ့ သူ့ဖာသာသူခံစားနေလိမ့်မယ်။
မြန်မာသံရုံးကိုလည်း ကျနော်တို့ရဲ့ ရာဇသံစာရွက်နဲ့တောင်းဆိုချက်တွေပါတဲ့ (ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဉ်းသားတွေ ချက်ချင်းလွှတ်၊ ၁၉၉၀ရွေးကောက်ပွဲရလဒ် အကောင်အထည်ဖော်၊ အတု အယောင် အမျိုးသား ညီလာခံဖျက်သိမ်းပေး… ဘာညာပေါ့။
ရဲကားနဲ့ ကျနော်တို့ ဆန္ဒပြ ကိုယ်စားလှယ် ၅ ယောက် သံရုံးလွှတ်ပြီး စာသွားပို့ (သံရုံးကလည်း ဘယ်တော့မှ လက်မခံ)၊ သံရုံးရှေ့မှာလည်း ကမ္ဘာမကြေဘူး…တော်လှန်ရေး သီချင်းတွေဆို.. ၊ကြွေးကြော်သံတွေ ဟစ်ပေါ့။
အဲဒီလို န၀တ၊ နအဖကိုရှုံ့ချ ၊ကြွေးကြော်သံတွေအော်ဟစ်ပြီး.. ဆန္ဒပြပွဲကိုရုတ်သိမ်း။ ရဲတွေက လက်ဆွဲနှုတ်ဆက်၊ သူတို့လည်း၊ တာဝန်ပြီးလို့ ပျော်၊ ကျနော်တို့လည်း ဘတ်စ်ကားတိုးဝှေ့စီးပြီး အိမ်ပြန်။
တနေ့ ကျနော်တို့ဆီကို အိန္ဒိယ အမတ်ဟောင်း တယောက် မီးရထား ၀န်ကြီးဟောင်း) ဂျော့ ဖာ နန်ဒေ့စ် က မြန်မာသံရုံးရှေ့ သူ့ ပါတီဝင်တွေ ဆန္ဒပြမှာမို့ လာရောက်ပူးပေါင်းဖို့ဖိတ်တယ်။
ကျနော်တို့တတွေသွားတယ်။ အိန္ဒိယအောက်လွှတ်တော်အ မတ်မို့လား မသိ၊ မြန်မာသံရုံးနားထိ ချီတက် ဆန္ဒပြခွင့်ရတယ်။ သူကပြည်သူ့ဆန္ဒနဲ့ ရွေးကောက်ပွဲကို ပစ်ပယ်တာ၊ ခေါင်းဆောင်တွေကို ဖမ်းဆီးတာ၊ လူ့အခွင့်အရေး ချိုးဖောက်တာတွေကို မာန်တွေအားတွေ ခံစားမှုတွေထည့်ပြီးပြောဟောသွားတယ်။
နောက်မှသူ့အကြောင်းသိရတာက..သူဟာ ဘယ်နိုင်ငံသားဘဲဖြစ်ဖြစ် လူတဦးတယောက်ရဲ့ လွတ်လပ်မှုနဲ့ ဒီမိုကရေကို အထိအပါးမခံဘူးဆိုတာပဲ။
တိဘက်လူမျိုးတွေဆိုရင် သူ့ကိုသိပ်ချစ်ကြ၊ ရိုသေလေးစားကြတယ်။ သူဟာပညာတတ်၊ မိဘမျိုးရိုး ချမ်း သာတဲ့ အသိုင်းအ၀ိုင်းပေမယ့် ဆိုရှယ်လစ်ဝါဒကိုယုံကြည်ပြီး အခြေခံပြည်သူတွေ အခွင့်အရေးအတွက် တိုက်ပွဲဝင်လေ့ရှိတယ်။
ဝန်ကြီးချုပ် အင်ဒရာဂန္ဒီ လက်ထက် ပန်ဂျပ်ပြည်နယ်က ရွှေကျောင်းကြီး အရေးအခင်းမှာ နိုင်ငံတ၀ှမ်း အရေးပေါ် အက် ဥပဒေထုတ်တော့.. အန်ကယ်ဂျော့ခ်ျဟာ သူ့အဖွဲ့တွေနဲ့ သူပုန်ထခဲ့တယ်။
ဖိနှိပ်တဲ့အရေးပေါ် ဥပဒေကို ဖျက်သိမ်းပေးဘို့တောင်းဆိုတယ်။ နောက်ပိုင်း သူဟာနိုင်ငံရေးလောကမှာ Dynamic Leader (လှုပ်ရှားတက်ကြွမှုအားကောင်းပြီး၊ နိုင်ငံရေးမှာဖောက်ထွက်နိုင်စွမ်းရှိသူ) တယောက် အဖြစ် အိန္ဒိယနိုင်ငံရေးလောကမှာ ထင်ရှားခဲ့တယ်။
နောက်တော့ ကာကွယ်ရေးဝန်ကြီးတောင်ဖြစ်လာတယ်။ သူနဲ့ပေါင်းမိတာ ကျနော်တို့ ကံကောင်းခြင်း လက်ဆောင်တွေရခဲ့တယ်။
အဖြစ်က ဒီလို…။
ဒေလီကို နယ်စပ်ဒုက္ခသည် စခန်းမှာ အတူနေထိုင်ဖူးတဲ့ ပန်ချီစစ်ငြိမ်းအေးရောက်လာတယ်။ ကျနော်တို့နဲ့ အတူနေရင်း၊ ပန်းချီပြပွဲတခု လုပ်ကြဖို့ အန်တီနန်ဒီတာက အကြံပေးတယ်။ လိုအပ်တဲ့ငွေကြေး တချို့ထောက်ပံ့တယ်။
နိဗ္ဗာန်ရပ်ကွက်က တ၀ဂူလေးမှာကို စစ်ငြိမ်းအေးကက စစ်တိုက်သလို ပန်းချီဆွဲတယ်။ ပန်းချီ ကား၂၀ ကျော် ထားဘို့ နေရာအခက်အခဲရှိတယ်။ အခန်း ကိစ္စပြဿနာကို အန်ကယ်ဂျော့ခ်ျဆီ ချည်းကပ်တယ်။
ပထမ..“ပန်းချီကားတွေထားဖို့ နေရာအခက်အခဲရှိတယ်၊ ကူညီနိုင်မလား”
“ယူလာခဲ့ငါ့ဆီလာထား”၊
“ပန်းချီဆရာ ပန်းချီဆွဲဘို့ နေရာကျဉ်းတယ်”
၊“ငါ့ဆီလာနေ”၊
ဒါနဲ့နောက်တဆင့်တက်တယ်။
“ကျနော်တို့ အလုပ်လုပ်ရတာ မြို့နဲ့ဝေးတယ်၊ အဆင်မပြေဘူး”၊
“ငါ့ ရုံးခန်းတခန်းကိုသုံး”၊
အန်ကယ်ဂျော့ခ်ျကအဲလို၊ ကျနော်တို့ ဘာလိုတယ်ဆိုတာသိတယ်။ မငြင်းဘူး၊ တောင်းတာ အကုန်ပေးတယ်။
ဒီလိုနဲ့ကျနော်တို့ကျောင်းသားရုံးလေးကို ၀န်ကြီးတွေနေတဲ့ VIP ရပ်ကွက်မှာ ဖွင့်ထားတယ်။ ဒေလီက ၀န်ကြီးတွေအိမ်ဆိုတာ ၀န်းခြံကြီးတွေ၊ ပန်းဥယျာဉ်တွေနဲ့ အကျယ်ကြီး။
ဒေါ်အောင်ဆန်းစုကြည်နေသွားတဲ့ အက္ကဘာ ၂၄ နေအိမ်လည်း ထို့အတူပဲ။ အန်ကယ်ဂျော့ခ်ျခြံက ကျယ်တော့နောက်ပိုင်း နိုင်ငံရေးအခမ်းအနားတွေသာမက၊ ကိုယ့်လူတွေမင်္ဂလာဆောင်တောင် ခြံထဲမှာ ပွဲလုပ်ကျင်းပကြတယ်။ အန်ကယ်ဂျော့ကတော့ ကျနော်တို့ဘာလုပ်လုပ်အားပေးတယ်။ သူ့ အိမ် ဟာ မြန်မာ သူပုန်တွေအတွက် တခါးမရှိ၊ ဓားမရှိ၊ လွတ်လပ်စွာဝင်စေထွက်စေပဲ။ တကယ်လည်း အန်ကယ်ဂျော့ခ်ျရဲ့ ခရစ္စခ်ျနားမီနွမ်လမ်း ၊ခြံအမှတ်(၃)ဟာ တံခါးလုံးဝမရှိတဲ့ အဖြစ်ကိုရောက်ခဲ့တယ်။
ဖြစ်ပုံက..
တနေ့ ၀န်ကြီးချုပ် နာရာဆင်မာရာအိုဝ် (သူ့လက်ထက်မှာ မြန်မာနဲ့အရှေ့မျောမူဝါဒ်-Look East Policy ချမှတ်ပြီး စစ်အစိုးရနဲ့ ဆက်ဆံရေးလုပ်) အဲဒီလမ်းကဖြတ်ဖို့ ကိစ္စ ရဲတွေက လမ်းပိတ်ထားတယ်။
ေ၈ျာ့ဖာနန်ဒေ့စ်က ပါလီမန်သွားဖို့ အချိန်ကပ်နေပြီ၊ သူ့ခြံတခါးကို ရဲကပိတ်ထားလို့ သူ့ ကားထွက်ခွင့် မရဘူး။ ၀န်ကြီးချုပ်ကားလည်း ထွက်ပြီးရော သူ့ခြံတခါးကို လုံခြုံရေး ရဲကဖွင့်ပေးတယ်။ ဒါနဲ့အဲဒီနေ့ညနေမှာပဲ သူ့ခြံတခါးကြီးကို အလုပ်သမားတွေနဲ့ အတူဖြုတ်လိုက်တယ်။
“ငါ့ခြံထဲ အားလုံးဝင်လို့ရတယ်၊ ခြံတခါးမလိုဘူး”တဲ့။
နောက်ပိုင်း ကာကွယ်ရေးဝန်ကြီးဖြစ်တော့ အိန္ဒိယသတင်းစာတစောင်က မြန်မာသူပုန်တွေကို၊ အိန္ဒိယ ကာကွယ်ရေးဝန်ကြီးက နေအိမ်မှာခိုလှုံခွင့်ပေးထားကြောင်းတောင်ထည့်ရေးတယ်။
အန်ကယ်ဂျော့ခ်ျကလည်းပြတ်သားတယ်။
“သူတို့ နိုင်ငံဒီမိုကရေးအတွက် တိုက်ပွဲဝင်နေတဲ့ မြန်မာဒုက္ခသည် ကျောင်းသားလူငယ်တွေကို၊ အိန္ဒိယ အစိုးရက အာလူးတလုံးတောင်မှမပေးလို့ ငါက နေစရာပေးထားတာ” လို့ပြန်တုန့်ပြန်တယ်။
အန်ကယ်ဂျော့ခ်ျက အဲလိုလူစား။
အခုတော့အန်ကယ်ဂျော့ခ်ျကြီးလည်း ကျန်းမာရေးမကောင်းရှာဖူး၊ အိုမင်းရင့်ရော်နေပြီး မှတ်သား ဥာဏ်တွေတောင် သိပ်မကောင်းတော့ဘူးလို့ကြားတယ်။
သူတင်မကဖူး၊ ကျနော်တို့ တတွေနဲ့မြန်မာ့ ဒီမိုကရေစီရေးအတွက် အကျိုးမမျော်ဘဲ ကူညီအားပေးခဲ့တဲ့ အိန္ဒိယမိတ်ဆွေတွေတော်တော်များများ အိုမင်းရင့်ရော်သွားကြပြီ၊ နှစ်တွေကလည်းမနည်းကိုး..။
တချို့ကွယ်လွန်ကုန်ပြီ။ ဓာတ်ပုံထဲကဒေါ်အောင်ဆန်းစုကြည်နဲ့ ဆုံတွေ့တဲ့ အိန္ဒိယမိတ်ဆွေတွေလည်း ဟိုးတုံးကလိုနုပျိုမနေတော့ဖူး။
“ကျနော်တို့ ဒီမိုကရေစီရရင် မြန်မာပြည် အလည်ခေါ်ပြီးလှည့်လည်ပြသမယ်”လို့ တချိန်တုံးက ရီရီ
မောမောနဲ့ ပြောခဲ့တာလေးတွေကို သူတို့လည်းမေ့မှာ မဟုတ်ဖူး။
ဒါပေမယ့် ... ကျနော်တို့ ကိုယ်တိုင်လည်း မပြန်နိုင်သေးဖူး။ မြန်မာပြည် ဒီမိုကရေစီ ရပြီလို့ လည်းပြောလို့ မရသေးဖူး။ သူတို့တတွေ မတိမ်းပါးခင် ဗမာပြည် အလည်ခေါ်ချင်လိုက်တာ။
၁၆ နိုဝင်ဘာ၂၀၁၂။
0 comments :
Post a Comment