ဒေါ်အောင်ဆန်းစုကြည်၊ ဂျဝါဟာလာနေရူးဆုနဲ့ ဟိုတုန်းက နယူးဒေလီ

Friday, November 9, 2012

~





ကိုညို (အော်စလို) ~
Asia Society မှာ ဟောပြောခဲ့စဉ်က တွေ့ရတဲ့ ဒေါ်အောင်ဆန်းစုကြည်။
 
လာမယ့် တနလာင်္နေ့ (နိုဝင်ဘာ၁၂) ရက်ဆို ဒေါ်အောင်ဆန်းစုကြည် အိန္ဒိယနိုင်ငံကို သွားမယ်ဆိုတဲ့ သတင်း အားလုံးလည်းသိထား ပြီးဖြစ်တယ်။ 

ဆယ်ကျော် သက်ရွယ်ကာလက အမေဒေါ်ခင်ကြည် အိန္ဒိယ သံအမတ်နဲ့နေထိုင်စဉ်၊ အိန္ဒိယနိုင်ငံမှာ ပညာသင်ကြီးပြင်းလာတာမို့ ဒေါ်အောင်ဆန်းစုကြည်ကို ငယ်ငယ်တုံးက နေရာဟောင်းလေး တွေနဲ့ ပုံရိပ်ဟောင်းတွေပြန်မြင်ယောင်စေမဲ့ခရီးဖြစ်မယ်ထင်ရဲ့။ 

ဒီဆောင်းပါးရေး နေချိန်ဟာ ခရီးစဉ် စဖို့ ၃ ရက်ဘဲလိုပါတယ်။ 

ဒါပေမယ့် ထုံးစံအတိုင်း ဒေါ်အောင်ဆန်းစုကြည် ရဲ့ အိန္ဒိယခရီးစဉ်နဲ့ပတ်သက်ပြီး အိန္ဒိယတာဝန်ရှိသူတွေ ဘက်ကရော၊ NLD ပါတီနဲ့ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသိုင်းအ၀ိုင်းဘက်ကပါ ဘာသတင်းမှ မထုတ်ပြန်သေးပါ။

ဒီခရီးဟာ အိန္ဒိယအစိုးရက တရားဝင် ဖိတ်ခေါ်တာမျိုးမဟုတ်ပါဖူး၊ ၁၉၉၃ ခုနှစ်အတွက် အိန္ဒိယနိုင်ငံရဲ့ အမြင့်ဆုံးဂုဏ်ပြုဆုဖြစ်တဲ့ ဂျဝါဟာလာနေရူးဆုကို ဒေါ်အောင်ဆန်းစုကြည်ကိုချီးမြှင့်ခဲ့တဲ့၊ ဂျဝါဟာလာနေရူး မယ်မိုဒီရယ်လ်အဖွဲ့က ဖိတ်ခေါ်ခဲ့တာပါ။ 

အခုနှစ်မေလကုန်လောက် ၀န်ကြီးချုပ်ဒေါက်တာမန်မိုဟာဆင်းန်ရဲ့ ဗမာပြည်ခရီးစဉ်မှာ ကွန်ဂရက်အိုင် ပါတီ ဥက္ကဌ ဆိုနီယာဂန္ဒီက ဒေါ်အောင်ဆန်းစုကြည်ကို ဖိတ်စာတစောင်ကမ်းခဲ့ပါတယ်။

အခုလ၁၄ရက်နေ့မှာ ကျရောက်မယ့် အိန္ဒိယ လွတ်လပ်ရေးခေါင်းဆောင်ကြီးလည်းဖြစ် ပထမဆုံး ၀န်ကြီးချုပ် လည်းဖြစ်ခဲ့တဲ့ ပန်ဒစ်ကြီးဂျဝါဟာလာနေရူးရဲ့မွေးနေ့ အခမ်းအနားကို တက်ရောက်မိန့် ခွန်းချီးမြှင့်ဖို့ မတ္တာရပ်ခံခဲ့တဲ့ဖိတ်စာပါ။

ဒါနဲ့ဘဲ ဥရောပက ဆွစ်ဇာလန်၊ နော်ဝေး၊ အင်္ဂလန်၊ ပြင်သစ်နဲ့ အမေရိကားတို့ကို ခရီးတွေ လှည့်လည်ခဲ့ပြီး၊ ထိုင်းနိုင်ငံပြီးရင် အိန္ဒိယကို ဒုတိယမြောက်လည်ပတ်မယ့် အိမ်နီးချင်းနိုင်ငံ အဖြစ် ဒေါ်အောင်ဆန်းစုကြည် ကဆုံးဖြတ်ခဲ့ပါတယ်။ 

ကမ္ဘာ့ငြိမ်းချမ်းရေးနဲ့ နိုင်ငံတကာ ချစ်ကြည်ရင်းနှီးမှုရဲ့ သင်္ကေတအဖြစ် ၁၉၆၅ ခုကစပြီး အိန္ဒိယ လွတ်လပ်ရေး ခေါင်းဆောင်ကြီး ၀ါဟာလာနေရူး အမှတ်တရဆုကို စတင်ချီးမြှင့် ခဲ့ရာမှာ မြန်မာ နိုင်ငံ အတွက်သိပ်ကို ဂုဏ်ယူစရာကောင်းတာက ပွဲဦးထွက် ၁၉၆၅ ခုနှစ်မှာ ဦးသန့်ကို ချီးမြှင့်ခဲ့တာပဲဖြစ်တယ်။ 

(၁၉၆၂ ခုနှစ် ကျူးဘား ဒုံးပျံအရေးအခင်းဟာ ဆိုဗီယက်-ကျူးဘား လက်ဝဲအုပ်စုနဲ့ အမေရိကန် ဦးဆောင် အနောက်အုပ်စုတို့ရဲ့ ၁၃ ရက်အတွင်း ကမ္ဘာစစ်မီးတောက်မယ့် အန္တရာယ်ကို ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှုး ဦးသန့် အောင်မြင်အောင်ဖြေရှင်းပေးနိုင်တယ်)။ 

ဒီတော့ဒေါ်အောင်ဆန်းစုကြည်ဟာ မြန်မာပြည်အတွက် ဒုတိယမြောက် ဂျဝါဟာလာနေရူးဆုကို ဆွတ်ခူးပေးနိုင်သူ အဖြစ်ကျနော်တို့ တတွေ ဂုဏ်ယူဝမ်းမြောက်ရမှာပါ။ 


မှတ်မိသေးတယ်၊ ၁၉၉၃ ဂျဝါဟာလာနေရူးဆုကို ဒေါ်အောင်ဆန်းစုကြည် ရတော့ နယူးဒေလီ မှာ မြန်မာကျောင်းသား လူငယ်တွေနေထိုင်တာ (၅၀) ၀န်းကျင်ဘဲရှိအုံးမယ် (အခုဆိုမြန်မာပြည်သား တသောင်းကျော်နေပြီ)။ ကျနော်တို့တတွေ ၀မ်းသာကြတယ်၊ ဒါပေမယ့် သိပ်ဆင်းရဲတော့ဂုဏ်ပြုပွဲတွေ၊ အခမ်းအနားတွေတော့ မလုပ်နိုင်ပါဖူး။ 

NGO ဆိုတာတော့ကြားဖူးတယ်၊ မမြင်ဘူးဖူး။ ဒါပေမဲ့မြန်မာကျောင်းသား အဖွဲ့ရုံး ကိုတော့ VIP အိန္ဒိယ ၀န်ကြီးတွေနေထိုင်တဲ့ မြို့လယ်ခေါင် ရပ်ကွက်မှာဖွင့်ထားတာ။ 

ကျနော်တို့ နေတဲ့လမ်း (အမှတ် ၃ ခရစ်ချနား မီနွန်လမ်း)နဲ့ ဒေါ်အောင်ဆန်းစုကြည် ငယ်ငယ် ကနေသွားတဲ့ ( ၂၄ အက္ကဘာလမ်း) အိမ်က တလမ်းဘဲခြားတယ်။ (အခုဒေါ်ခင်ကြည်နေထိုင်ခဲ့ တဲ့ အိမ်မှာ ကွန်ဂရက် အိုင် ပါတီ အထွေထွေအတွင်းရေးမှုး ရာဟုဂန္ဒီ ရုံးခမ်းဖွင့် ထားတယ်) ကျနော်တို့ ရုံးကို မီးရထား ၀န်ကြီး 
ဟောင်း (နောက်ပိုင်းကာကွယ်ရေးဝန်ကြီး-အခုအငြိမ်းစား) မစ္စတာ ဂျော့ဖန်နန်ဒေ့ခ်ျ..က သူ့အိမ်ဝန်း ထဲမှာ သူ့ ရုံးခန်းလေးနဲ့ကပ်ပြီး တခန်းပေးထားတာ။ 

အဲဒီ VIP ရပ်ကွက် လမ်းမတွေကို တလမ်းနဲ့တလမ်း အမျိုးအစားတူတဲ့ အပင်တွေချည်း လမ်းတလျောက် တန်းစီစိုက်ထားတတ်တယ်။ ဥပမာကျနော်တို့ နေတဲ့ လမ်းတလျှောက်က ညောင်ပင်တွေချည်းပဲ အုပ်မိုးနေတာ။ 

ဝန်ကြီးချုပ်ဟောင်း အင်ဒရာဂန္ဒီနေအိမ်လမ်းကျတော့ တမာပင်တွေချည်းပဲ၊ တချို့နေရာကြတော့ သပြေ ပင်တွေချည်းပဲ၊ သပြေသီးမှည့်ချိန်ဆို အဲဒီ လမ်းဟာ သပြေမှည့်တွေပေကျံပြီး ကတ္တရာလမ်းဟာ ခရမ်းရောင် သန်းနေတယ်။ 

ဒေါ်အောင်ဆန်းစုကြည်နေသွားတဲ့ အက္ကဘာလမ်းကတော့ တလမ်းလုံး မန်ကျီးပင်တွေနဲ့။ မန်ကျီးပင်တွေ က နည်းနည်းနောနောကြီးတွေ မှုတ်ဖူး၊ လူကြီး ၂ ယောက် ၃ ယောက် ဖက်လောက်ရှိတဲ့ ပင်စည်ကြီးကြီး အမြင့်ကြီးတွေ။ 

ဒေါ်အောင်ဆန်းစုကြည်နေခဲ့ဖူးတဲ့ အက္ကဘာလမ်းကို ကျနော်တို့ က ဒေါ်စုလမ်းလို့ပဲ ကိုယ့်ဖာသာ နာမည်ပေးထားတယ်။ 

ကျနော်တို့ရုံးနဲ့ တလမ်းဘဲခြားတယ်။ မနက်စောစော ပန်းချီ စစ်ငြိမ်းအေးနဲ့အတူ အိန္ဒိယဂိတ်ဘက် အရှေ့ဆီက နေလုံးနီနီကြီုး တက်တာငေးကြည့်ရင်း လမ်းလျောက်ပြီဆို ဒေါ်စုလမ်းကို ပတ်တက်ပြီး ရုံးပြန်နေကျ။ မန်ကျီးသီးနုချိန်ဆို ငှက်တွေက မန်ကျီးသီးနုတွေ ထိုးဆိတ်လို့ လမ်းပေါ်ကျနေတာ အများကြီး။ အဆင်သင့်ပါလာတဲ့ ဂျွတ်ဂျွတ်ထဲကောက်ထည့်ပြီး၊ ကိုယ်လည်း ဟင်းတခွက်၊ ကိုယ့် သူငယ်ချင်းအိမ်တွေလည်းဝေငှ။ (နောက်ပိုင်းတော့ ဒေါ်စုလမ်းမှာ မန်းကျီးသီးနုနုကောက်သူတွေ 
ပြန်ရောင်းစားတဲ့ အထိလာဘ် မြင်သွားကြတယ်) 


ကျနော်စဉ်းစားမိတယ်။ ဒေါ်အောင်ဆန်းစုကြည်လည်း ငယ်ငယ်က သူ့ အိမ်ရှေ့အမေ ဒေါ်ခင်ကြည်နဲ့ လမ်းအတူလျှောက်ရင်း မန်ကျီးတွေကောက်၊ ငြုပ်သီး၊ ငပိနဲ့ရော ညက်ညက်လေးထောင်းပြီး မန်ကျီးသီး 
ထောင်းလေးများ ချက်စားကြမလားလို့။ 

၁၉၉၄ နိုဝင်ဘာလ၊ အခုလိုအချိန်ပဲ၊ နေရူးဆုကို ဒေါ်အောင်ဆန်းစုကြည် ကိုယ်စားယူဖို့ မြန်မာအမျိုးသမီး တယောက် အင်္ဂလန်ကနေ နယူးဒေလီကို ရောက်လာတယ်။

သူက နယူးဒေလီ အောလ်အင်ဒီးယားရေဒီယိုမှာ စစ်ပြီးခေတ်လွတ်လပ်ရေး အကြိုကာလတွေက တာဝန် ထမ်းဖူးတယ်။ ကျနော်တို့ မမွေးခင် သိပ်နာမည်ကြီးတဲ့ ခေတ်ဟောင်း အဆိုတော်ကြီး ဘိလပ်ပြန် သန်း လို့ ခေါ်တဲ့ ဒိုရာသန်းအေးဖြစ်တယ်။ 

အဲဒီတုန်းက ဆုပေးပွဲ အခမ်းအနားကို ညနေပိုင်း သမ္မတ အိမ်တော်ဝန်းမှာ ညစာ ကျွေး လုပ်ခဲ့တာပါ။ နိုင်ငံတော် အခမ်းအနားလိုပေါ့။ အားလုံးသိတဲ့ အတိုင်း ၁၉၉၃-၉၄-၉၅ တို့ ဆိုတာ ပြည်တွင်းမှာ အတိုက် အခံ မှန်သမျှ စစ်အစိုးရကအသားကုန် အမဲဖျက်ပြီး၊ နိုင်ငံတကာကိုလည်း ကလော်ဆဲနေတဲ့အချိန်။ အိမ်နီးချင်းနိုင်ငံတခုက အခုလိုသူတို့ ရန်သူကို ခမ်းခမ်းနားနားဆု ပေးတော့ ဒါဟာပြည်တွင်းရေး ၀င်ရောက် စွက်ဖက်တာ.. ဘာညာနဲ့ သတင်းစာတွေကနေ စောင်းမြောင်းရေးတာပေါ့။

ဖြစ်ချင်တော့ အဲဒီနှစ်က အိန္ဒိယနိုင်ငံ လွတ်လပ်ရေး တပ်မတော် (INA) ရဲ့ ခေါင်းဆောင် ဆူဘတ် ချန်ဒရာ ဘိုစ် နဲ့ သူ့ ရဲ့ တပ်တွေ မြန်မာပြည်ကို စစ်ကြောင်းချီခဲ့တဲ့ (၁၉၄၀) အနှစ် ၅၀ ရွှေရတု ကာလမို့ ဟိုတုံးက အိန္ဒိယ INA တော်လှန်ရေး စစ်မှုထမ်းဟောင်းတွေ (မြန်မာ စစ်အစိုးရနဲ့ ညှိနှိုင်းပြီး) မန္တလေးကို ရောက်နေတယ်။
 
INA စစ်သားဟောင်းတွေ ရည်ရွယ်ထားတာက ဒုတိယ ကမ္ဘာစစ်တုန်းက ချီတက်ရာ လမ်းကြောင်းတွေ အတိုင်း တမူး၊ မန္တလေးနဲ့ ကချင်ဘက်ကနေ စတီးဝဲလ်လမ်း အတိုင်း ခရီးရှည်ချီတက်ဖို့ ဖြစ်တယ်။ ဒါပေမယ့် ဒေါ်အောင်ဆန်းစုကြည်ကို အဲလို နေရူးဆုပေးတဲ့ သတင်းကြောင့် ဗမာပြည်ရောက်နေတဲ့ အိန္ဒိယစစ်သားအိုကြီးတွေ အစီအစဉ်ပျက်သွားတယ်။ မြန်မာ အာဏာပိုင်တွေက ပြန်နှင်လွှတ်တယ်။

အဲဒီတုန်းက အိန္ဒိယက ငွေကုန်ကြေးကျခံ ဖောက်လုပ်ပေးနေတဲ့ တမူး-ကလေး ချစ်ကြည်ရေးလမ်းကိုတော့ နယူးဒေလီ အစိုးရက မရပ်လိုက်ပါဘူး။ 

ကျနော့် စိတ်ထဲ မေ့မေ့ ပျောက်ပျောက် မဖြစ်သွားတာ တခုက ချမ်းစိမ့်စိမ့်ဖြစ်နေတဲ့ ၁၉၉၄ နိုဝင်ဘာ ၁၅ ရက် မနက် ၉ နာရီလောက်။ ကျနော်တို့ ရုံးခန်းကို ပန်းပွင့်တွေနဲ့ ထမီအပြာ၊ ဆွယ်တာ အပြာ၊ ပုဝါ 
လေး ခြုံပြီး ၀င်လာတဲ့ ရုပ်ရည်သန့်သန့် မျက်မှန်နဲ့ မြန်မာအမျိုးသမီး တယောက်ဝင်လာပါတယ်။ အိန္ဒိယ အမျိုးသမီးတယောက်က ကားနဲ့လိုက်ပို့ တာ။ 

မြန်မာကျောင်းသားတွေနဲ့ တွေ့ချင်လို့ ဆိုပြီးရောက်လာတာပါ။ သူကအဆိုတော် ဘိလပ်ပြန်သန်း လို့ ကျနော်တို့ ကြားဖူးနေတဲ့ ပြီးတော့ ဗိုလ်ချုပ် အောင်ဆန်း နှစ်သက်တဲ့ အဆိုတော်ဒိုရာသန်းအေးပါ။



သူဆိုခဲ့တဲ့ လှေကလေးကို လှော်မည်သီချင်း…(ပူးတွဲ ဖော်ပြထားပါတယ်) မြတ်ပန်းခွေ သီချင်းတွေဟာ ကျနော်တို့ ခေတ် မှာ ဒေါ်မာမာအေးတို့ ၊မေဆွိတို့ ဟေမာနေ၀င်းတို့ရဲ့ ပြန်ဆိုတေး အဖြစ်နဲ့တောင် မရိုးနိုင်တဲ့ သီချင်းတွေပေါ့။ ကျနော်တို့ တတွေခေတ်ဟောင်း အဆိုတော်ကြီးကိုတွေ့ တော့ဝမ်းသာတယ်။ 

သူကလည်း ကျနော်တို့ အကြောင်းတွေ စိတ်ဝင်တစားမေးတယ်။ ဒေါ်အောင်ဆန်းစုကြည် အကြောင်းကို “စုကလေ” “စုကလေ”နဲ့ အားရပါးရပြောပြတယ်။ သူက ဒေါ်စုကိုသိပ် သံယောဇဉ်ကြီးပုံရတယ်။ ကျနော်က ဓာတ်ပုံရိုက်မယ်ဆိုတော့ ရုံးခန်း စာအုပ်ဘီဒို မှန်နံရံမှာကပ်ထားတဲ့ ဒေါ်အောင်ဆန်းစုကြည် ပိုစတာပုံတွေ နား ကပ်သွားပြီး “စုနဲ့အတူရိုက်မယ်”လို့ ပြောပြီး၊ ဒေါ်အောင်ဆန်းစုကြည် ပုံလေးတွေ သူ့ ကိုယ်နဲ့ မကွယ် မိ အောင်အတော် ဂရုစိုက်ရပ်ပြီးဓာတ်ပုံအရိုက်ခံတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ မိခင်လိုဖြစ်နေတဲ့ အဆိုတော်ကြီး ဘိလပ်ပြန်သန်းဟာ ၁၉၉၇ ဇွန်လတုံးက သူ့ အသက်တရာပြည့် ဖို့ (၇) လ အလိုအင်္ဂလန်မှာဘဲ ဆုံးသွားရှာတယ်။ 

တချိန်က ကျနော်တို့ တတွေအိန္ဒိယမှာ အကြမ်းမဖက်နိုင်ငံရေး လှုပ်ရှားမှုတွေ အင်တိုက်အားတိုက် လုပ်ခဲ့ ကြတယ်။ ။ငွေမရှိလည်း ကိုယ့်ဖာသာ ပိုက်ဆံစု ပိုက်ဆံရှာပြီး လုပ်ခဲ့တယ်။ ဂစ်တာတွေ၊ ခွတ်ဒေါင်း အလံတွေ၊ ဒေါ်အောင်ဆန်းစုကြည် ပိုစတာတွေကို ကိုင်ပြီး မြန်မာသံရုံးရှေ့နဲ့ (နောက်ပိုင်းတော့ သံရုံးရှေ့ ဆန္ဒ မပြရတော့ဖူး) သံရုံးအနီးမှာ တော်လှန်ရေး သီချင်းတွေ၊ ကျောင်းသားသမဂ္ဂ သီချင်းတွေဆိုပြီး ဆန္ဒထုတ်ဖော်ခဲ့ကြတယ်။ 

ပန်းချီ စစ်ငြိမ်းအေးရဲ့ ပန်းချီကားတွေပြပွဲလုပ်၊ ဂီတဖြော်ဖြေပွဲတွေ၊မြန်မာ့ရေးရာဆွေးနွေးပွဲတွေနဲ့ တွဲပြီး ရံပုံငွေရှာတာ၊ မြန်မာအစားအသောက်တွေရောင်းချ၊ ရံပုံငွေရှာပြီး ကိုယ်ထူကိုယ်ထ တော်လှန်ရေး လုပ်ခဲ့ကြတယ်။

အိန္ဒိယနိုင်ငံရေးပါတီတွေ၊ အမျိုးသမီးနဲ့ လူမှုအဖွဲ့တွေ၊ သတင်းဌာနတွေက ကျနော်တို့ကို ၀န်းရံခဲ့တယ်။ ကာကွယ်ရေး ၀န်ကြီးဟောင်းဂျော့ဖာနန်ဒေ့ခ်ျနဲ့ သူ့ရဲ့ စမတားပါတီ ဥက္ကဌ အန်တီဂျရားဂျဲလ်တီး၊ 
ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကျောင်းနေဘက် သူငယ်ချင်း မာလီဗီကာနဲ့ သူ့ခင်ပွန်း သတင်းစာဆရာ ကာလီကာ၊ ကျနော်တို့ မိခင်လိုဖြစ်နေတဲ့ အိန္ဒိယ ဗဟိုတရားရုံးရှေနေ့ အမျိုးသမီး နန်ဒီတာဟတ်စ်ကာနဲ့ Other Media(NGO) အဖွဲ့တွေ၊ အမျိုးသမီး ရေးရာ တက်ကြွလှုပ်ရှားသူလည်းဖြစ်၊ မနူရှီ အမျိုးသမီး မဂ္ဂဇင်း ထုတ်လုပ်သူ အယ်ဒီတာမနူးကစ္စခ်ျဝါးတို့ ဟာ ကျနော်တို့ကိုအကြံပေး၊ နည်းလမ်းတွေပေးပြီး အကြမ်း မဖက် လှုပ်ရှားမှုလမ်းကြောင်းတွေကို ဖော်ပေးခဲ့တယ်။ 

ဆန္ဒပြပွဲတွေ၊ တက္ကသိုလ်၊ ကောလိပ်တွေက မြန်မာ့အရေးဟောပြောပွဲ၊ ဓာတ်ပုံပြပွဲ၊ သတင်းစာရှင်းပွဲတွေကို ဘယ် NGO တွေဆီကမှ ပိုက်ဆံမရလည်း ကျနော်တို့ လူငယ်တွေ ကိုယ့်အလုပ်၊ ကိုယ်တာဝန်ကို ကိုယ်ယူပြီး ညီညီညွတ်ညွတ် လုပ်ခဲ့ကြတယ်။ 

ဝမ်းနည်းစရာကောင်းတာက ငတ်နေတုံးက ညီညွတ်ခဲ့ကြပေမဲ့ ၁၉၉၈-၉၉ မှာ NGO တွေနဲ့ အချိတ် အဆက်တွေ မိသွားတဲ့အခါ ညီညွတ်ရေးတွေပြိုကွဲကုန်ကြတယ်။ NGO ကခွဲလို့မဟုတ်ပေမဲ့ NGO ချပေးတဲ့ ပရောဂျက် နိုင်ငံရေး လှုပ်ရှားမှုတွေနောက်တကောက်ကောက်လိုက်ပါရင်း လက်တွေ့ နိုင်ငံရေး လမ်းစတွေပျောက် ကုန်တာပါ။ 

ဒီကနေ့အဲဒီအရွေ့ကြီးပြည်တွင်းထဲဝင်သွားပါပြီ၊ပြည်တွင်းမှာNGOယဉ်ကျေးမှုကြီးစနေပါပြီ။ အကွဲအပြဲ သတင်းတွေလည်းစကြားနေရပြီ။ “ရဲဘော်တို့ ဆင်ခြင်ကြလော့၊ သတိပြုလော့၊ ငါတို့ သေဖူးတယ်” လို့ အော်ပြရုံကလွဲလို့ ဘာမှမတတ်နိုင်ပါ။

နိုင်ငံရေး အပြောင်းအလဲက ဂငယ်ကွေ့ကြီးဆိုတော့၊ တချိန်က ရန်သူတွေနဲ့ မိတ်ဆွေတွေလို ဆက်ဆံ၊ မိတ်ဆွေတွေနဲ့ကျ ရန်သူလို ဆက်ဆံဖြစ်နေတဲ့ နိုင်ငံရေးလောကမှာ ကိုယ်တောင်မျက်စေ့ လည်ချင် သလိုလို။ 

ဘာဘဲဖြစ်ဖြစ် ကျနော်တို့ တတွေတချိန်က.. ဖရီးဖရီး..အောင်ဆန်းစုကြည်လို့ ဒေလီနေပူပူ၊ အာခေါင်ကွဲ လည်ချောင်းနာ၊ ခေါင်းပူ၊အသံဝင်အောင် အော် ဟစ်ခဲ့ကြတယ်။

“ဒီလောက်တောင် ငါတို့ သူလွတ်ဖို့ အတွက် အော်နေရတာ တနေ့ဗမာပြည်ရောက်ရင် မြင်ဖူးအောင်လို့ 
ဒေါ်စု နဲ့တွေ့ဖြစ်အောင် သွားတွေ့အုံးမယ်”လို့ဆန္ဒပြပွဲတခုမှ အမှတ်တမဲ့ပြောခဲ့ဘူးတဲ့ ကလေးနယ်က လုရှိုင်း ချင်း အမျိုးသမီး မစန်းပွီးတယောက်လည်း အခုတော့သြစတေးလျှားမှာ။ 

ကံကြမ္မာအလှည့်အပြောင်းက…သူကိုယ်တိုင် ရန်ကုန်သွားတွေ့စရာမလိုဘဲ နယူးဒေလီ ကို ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်လာတာတောင် တွေ့ဆုံခွင့်လေးမရနိုင်တော့။ မစန်းပွီး ထက်ခံဆိုးမဲ့သူတွေလည်း နယူးဒေလီမှာရှိနိုင်ပါသေးတယ်။

အခုအချိန်ထိမြန်မာတွေနဲ့ ဒေါ်အောင်ဆန်းစုကြည်တွေ့မယ်၊ မတွေ့ဘူး၊ ဘာမှမသေချာသေးဖူး။ ဒေလီ က မြန်မာဒုက္ခသည်တွေကတော့ ထိုင်းနိုင်ငံခရီးစဉ်လိုဖြစ်မှာ စိုးရိမ်နေကြတယ်။ သူတို့ရဲ့ မီးအိမ်ရှင်ကို မတွေ့ရမှာစိုးရိမ်နေတယ်။ 

ဒေါ်အောင်ဆန်းစုကြည်ကလည်း သူ့နိုင်ငံသားတွေကို တွေ့ချင်မှာပဲ၊ စကားပြောချင်မှာပဲ၊ အိန္ဒိယက မြန်မာ နိုင်ငံသားတွေ အခြေအနေနဲ့ဘ၀တွေကိုမြင်ချင်သိချင်မှာပဲ။ ဒါပေမယ့် အချိန်ဘယ်လောက်ပေးနိုင်မလဲ ၊အိန္ဒိယရဲ့လုံခြုံရေးအနေအထား၊ ခရီးစဉ်အခြေအနေတွေပေါ်လည်း မူတည်ပါတယ်။

သိရသလောက်တော့ ဒေါ်အောင်ဆန်းစုကြည်ဟာ နိုဝင်ဘာ ၁၂ ရက် ကနေ ၁၈ ရက်နေ့ထိ နေထိုင်မှာဖြစ်တယ်။ ၁၃ ရက်နေ့က အိန္ဒိယနိုင်ငံရဲ့ ဒေ၀ါလီ မီးထွန်းပွဲတော်နေ့၊ ၁၄ ရက်က နေရူး မွေးနေ့ အခမ်းအနားဖြစ်တယ်။ 

သူငယ်ငယ်က တက်ခဲ့ဖူးတဲ့ လေဒီရှရီရမ်ကောလိပ်ကလည်း သူနဲ့တွေ့ဆုံပွဲ အစီအစဉ်ရှိတယ်။ ပြီးတော့ ဘန်ဂလိုမြို့ကိုလည်း သွားရောက်လည်ပတ်မယ်လို့ သိရတယ်။ အိန္ဒိယ သတင်းစာတစောင်ကတော့ ဗုဒ္ဓဂါယာနဲ့ တိဘက်ဘုန်းတော်ကြီး ဒလိုင်လားမားကြီး သီတင်းသုံးတဲ့ ဒရမ်(မ်)ဆာလာကိုလည်း လည်ပတ်မယ်ဆိုတဲ့ သတင်းဖော်ပြခဲ့ပေမယ့် ဒါတွေကမသေချာဘူး။ 

ဒေါ်အောင်ဆန်းစုကြည်နဲ့တောင် တိဘက် အဝေးရောက် အစိုးရက အဆက်အသွယ် မရသေးဘူးလို့ သိရတယ်။ မြန်မာ့အရေးကို တစိုက်မတ်မတ် အားပေးနေတဲ့ အိန္ဒိယ ပါလီမန်အမတ်တွေ တချို့ကလည်း အိန္ဒိယပါလီမန်ထဲမှာ ဒေါ်အောင်ဆန်းစုကြည်ကို မိန့်ခွန်းပြောစေချင်တယ်။ 

ဒါပေမယ့် အတိုက်အခံတွေကို ပါလီမန်မှာ အဲလိုနေရာပေးတဲ့ အစီအစဉ်မျိုး တခါမှမရှိခဲ့ဘူးတော့ မသေချာဘူး။ ဘာသတင်းမှ တိတိကျကျပြောမရဖူး။ ဒီတော့မြန်မာတွေနဲ့တွေ့ဖို့အစီအစဉ်ကမရေမရာနဲ့။ ကိုယ့်ဘက်တွေကတော့ ကြိုတင်ပြင်ဆင်နေတာတွေကြားရတယ်။

တချိန်က မြန်မာပြည်မှာနေသွားတဲ့ မြန်မာ့ အရေးမှာတက်ကြွတဲ့ အော်လ်အင် ဒီယား ရေဒီယို မြန်မာပိုင်း ဌာန အကြီးအကဲ ကွယ်လွန်သူ စာရေးဆရာဦးမောသီရိ ဇနီး အုပ်ချုပ်တဲ့ အောက်စ်ဖို့စ်အထက်တန်း ကျောင်းဝန်းထဲမှာ မြန်မာနိုင်ငံသားတွေနဲ့တွေ့ဖို့ကြိုတင် စီစဉ်ထားကြတယ်လို့သိရတယ်။ 

ဒါပေမယ့် ဖြစ်မဖြစ်တော့ မသေချာသေး။ တကယ်လို့များ ဒေါ်အောင်ဆန်းစုကြည်ရဲ့ နယူးဒေလီ ခရီးစဉ်မှာ မြန်မာ့ဒီမိုကရေစီရေး အတွက် တစိုက်မတ်မတ် အငတ်ငတ်အပြတ်ပြတ်နဲ့ မြန်မာ့ အရေးလှုပ်ရှားသူ တချို့ အပါအ၀င် မြန်မာနိုင်ငံသားတွေ၊ မြန်မာ့ အရေးကို ကနဦးအစကတည်းက အားပေး ကူညီခဲ့တဲ့ အိန္ဒိယ နိုင်ငံရေး၊လူမှုရေး၊ နယ်ပယ်ထဲက မြန်မာ့မိတ်ဆွေကောင်းတွေနဲ့တွေ့နိုင်မယ်ဆိုသိပ်ကောင်းမှာပဲ။ 

ငါးပွက်ရာငါးစာချနေတဲ့ ဒီခေတ်ကြီးထဲမှာပိုင်ရာပိုင်ရာ၊ ဆိုင်ရာဆိုင်ရာတွေပဲ ကြိတ် တိုင်ပင်တွေ့ဆုံပြီး ဖျာခင်းနေရာ ယူတတ်လွန်းလို့ပါ။ ဒါကို ဒေါ်အောင်ဆန်းစုကြည်လည်း သိချင်သိမှာပေါ့။



 
























-

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved