ရန်ကုန်နဲ့ မန္တလေးမှာ ဘာသာပေါင်းစုံ ငြိမ်းချမ်းရေး ဆွေးနွေးပွဲများ ကျင်းပ

Friday, November 2, 2012


 ငြိမ်းချမ်းရေး တရားပွဲ၊ ဓာတ်ပုံ-မင်းထက်ငြိမ်းချမ်း(မန္တလေး) 

မြတ်ဗုဒ္ဓရဲ့ သီတင်းကျွတ် လပြည့်နေ့ (အဘိဓမ္မာအခါတော်နေ့) မှာ မြန်မာနိုင်ငံက လူအများကိုးကွယ်ကြ တဲ့ ဗုဒ္ဓဘာသာဆရာတော် ကြီးများအပါအ၀င် အစ္စလာမ်၊ ခရစ်ယာန်၊ ဟိန္ဒူ စတဲ့ ဘာသာကြီးတွေရဲ့ ဘာသာရေးခေါင်းဆောင်တွေ စုပေါင်းကာ မန္တလေး ပုသိမ်ကြီး မြို့နယ် မေတ္တာ စံအိမ်ခန်းမမှာ စုဝေးပြီး ငြိမ်းချမ်းရေး တရားတော်တွေကို ဟောကြားခဲ့ပါတယ်။ 



ဂဠုန်နီ ဆရာတော်ဦးကာဝိယ က အခမ်းအနားမှူး၊ သဘာပတိအဖြစ် လူမှုရေးလုပ်ငန်းများကို လုပ်ကိုင်နေ တဲ့ ကံတက်ကုန်း မစိုးရိမ် ဆရာတော် ဘဒ္ဒန္တ တေဇောဘာသ ဆောင်ရွက်ပါတယ်၊ ရန်ကုန်အခြေစိုက် ဓမ္မ ဗိမ္မာန် အဖွဲ့မှ အစ္စလာမ်ဘာသာရေး ခေါင်းဆောင် ဦးအေးလွင်၊ ခရစ်ယာန် တရားဟော ဆရာကြီး ဦးဇော်ဝင်းအောင် နဲ့ ဟိန္ဒူဘာသာဝင် တရားဟော ဆရာကြီးတွေ တက်ရောက်ခဲ့ပြီး ဘာသာကြီး ၄ ရပ် ရဲ့ နေ့ထူးနေမြတ်တွေဖြစ်တဲ့ ဒီပါဝလီနေ့၊ ခရစ်စမတ်နေ့၊ တမန်တော်နေတွေမှာလည်း ဘာသာပေါင်းစုံ ငြိမ်းချမ်းရေး တရားပွဲတွေကို ဆက်လက် ကျင်းပမှာဖြစ်ပါတယ်။ 




အလားတူ ယမန်နေ့ နိုဝင်ဘာလ ၁ ရက်နေ့မှာ ဘာသာရေး ခေါင်းဆောင်တွေ၊ လူမှုရေးအဖွဲ့တွေက ပုဂ္ဂိုလ်တွေ၊  နိုင်ငံရေးအဖွဲ့တွေကလည်း ရခိုင်ပြည်နယ်မှာဖြစ်နေတဲ့ ပဋိပက္ခတွေအပါအ၀င် တနိုင်ငံလုံး ငြိမ်းချမ်းရေးအတွက် ဗဟန်းမြို့နယ် တော်ဝင်နှင်းဆီမှာ ဆွေးနွေးပွဲ တရပ်ကျင်းပခဲ့ပါသေးတယ်။


ဗုဒ္ဒဘာသာ ရဟန်းတော်တပါးဖြစ်တဲ့ ဇေယျာမဏ္ဍိုင်ကျောင်းဆရာတော် ဦးဝီရယက လူမျိုးစွဲ၊ ဘာသာစွဲ
တွေ မထားပဲ ငြိမ်းချမ်းရေးအတွက် ရခိုင်ပဋိပက္ခကိုသာမက တနိုင်ငံလုံးငြိမ်းချမ်းရေးရဖို့ အားလုံး ၀ိုင်းဝန်းကြိုးစားကြဖို့ တိုက်တွန်းမေတ္တာရပ်ခံခဲ့ပါတယ်။


၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်တဦးဖြစ်တဲ့ ဦးမြအေးကတော့ ဘာသာအယူဝါဒတွေအပေါ် အခြေမခံတဲ့ လူသားဝါဒအပေါ် အခြေခံပြီး ပဋိပက္ခတွေကို ချည်းကပ်ဖြေရှင်းသင့်တယ်လို့ ပြောဆိုသွား ခဲ့ပါတယ်။

အဲဒီဆွေးနွေးပွဲကနေ ရခိုင်အရေးနဲ့ပတ်သက်ပြီး အစိုးရ မီဒီယာတွေကတင်မက ပြည်တွင်းမီဒီယာတွေ ကလည်း ပွင့်လင်းမြင်သာမှု ရှိရှိ ရေးသားဖော်ပြကြဖို့၊ ဘက်ပေါင်းစုံက ပုဂ္ဂိုလ်တွေအပါအ၀င် အစိုးရ တာဝန်ရှိသူတွေလည်းပါဝင်တဲ့ငြိမ်းချမ်းရေး ဆွေးနွေးမှု လုပ်ဖို့နဲ့ လက်ရှိ ရခိုင်ပဋိပက္ခနယ်မြေတွေကို ပိုပြီး အာရုံထားက အဘက်ဘက်က တည်ငြိမ်အေးချမ်းမှုတွေရဖို့ အစိုးရက ဦးဆောင်ပြီး ကြိုးစားပေးသွားဖို့တွေ သဘောတူခဲ့ကြတယ်လို့ ဆိုပါတယ်။




0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved