မင်းသိုက် ~
ကရင်ပြည်နယ် ဘုရားသုံးဆူမြို့ ခမရ (၂၈၄) ရဲ့ တပ်ခြံစည်းရိုး အပြင်ဘက်မှာ ဆက်လက် နေထိုင်ခွင့်ပြုဖို့ အိမ်ထောင်စု ၇၇ စုဟာ အရှေ့တောင်တိုင်း စစ်ဌာနချုပ် တိုင်းမှူးဆီကို နိုဝင်ဘာလ ၂၀ ရက်နေ့မှာ အသနားခံစာ တင်ပြထားပါတယ်။
![]() |
| ထိုင်း-မြန်မာနယ်စပ် ဘုရားသုံးဆူမြို့၏ ကျက်သရေဆောင် ဥဒေါင်းကန် (ဓာတ်ပုံ - မင်းသိုက်) |
လက်ရှိ တပ်ရင်းမှူးက ဇူလိုင်လ ၇ ရက်နေ့တုန်းက အစည်းအဝေးခေါ်ပြီး တလအတွင်း လက်ရှိနေရာက ပြောင်းရွှေ့ပေးဖို့ ညွှန်ကြားခဲ့ပါသေးတယ်။ ဒါပေမယ့် ငိုယိုတောင်းပန်ကြလို့ နိုဝင်ဘာလ ၁ ရက်နေ့ နောက်ဆုံးထား ပြောင်းရွှေ့ပေးဖို့ သဘောတူလိုက်ရတယ်လို့ ပြောင်းရွှေ့ရမယ့်သူတွေက ပြောပြပါတယ်။
ငွေကြေး တတ်နိုင်သူတချို့ကတော့ ပြောင်းသွားကြပါပြီ။ ငွေမရှိသူ အများစုကတော့ ခုထိ မပြောင်းနိုင်ကြသေးပါဘူး။
“နေရာချပေးတာလည်း မရှိဘူး။ ကိုယ့်နည်း ကိုယ့်ဟန်နဲ့ ကိုယ်ပြောင်းရမယ်။ အိမ်ယာကွက် တကွက်က အနည်းဆုံး (ထိုင်းဘတ်) ငါးသောင်း အထက် ရှိတယ်။ ဘယ်လိုလုပ် ပြောင်းနိုင်မှာလဲ” လို့ ဝန်ထမ်းဟောင်း အမျိုးသမီးတဦးက ပြောပါတယ်။
လွန်ခဲ့တဲ့ ၁၅ နှစ်ကဆို ဘုရားသုံးဆူဒေသဟာ အခုလို အခြေအနေ မဟုတ်ပါဘူး။ အဲဒီတုန်းက ဒေသတွင်း လှုပ်ရှားနေတဲ့ မွန်ပြည်သစ်ပါတီက ယခင်စစ်အစိုးရနဲ့ အပစ်အခတ် ရပ်စဲထားပေမယ့် ကရင်အမျိုးသား အစည်းအရုံး KNU ကတော့ အပစ်အခတ် မရပ်စဲသေးပါဘူး။ ဒါ့ပြင် DKBA ကလည်း ဒီဒေသမှာ လှုပ်ရှားကြပါတယ်။
ဘုရားသုံးဆူဟာ နယ်စပ် ဖြစ်တာနဲ့အညီ ရာဘစိတ်ကြွဆေးတွေ ထိုင်းနိုင်ငံကို ပို့ဖို့ လမ်းကြောင်းတခု ဖြစ်နေပါတယ်။ ဒါ့ပြင် လောင်းကစားဝိုင်း၊ ဇိမ်ခန်းတွေလည်း ပေါ၊ အဖွဲ့အစည်း ဝေခွဲရခက်တဲ့ လက်နက်ကိုင်တွေကလည်း မြို့တွင်းမှာ ဥဒဟို သွားလာလှုပ်ရှား။
ဒီလိုအခြေအနေကြောင့် တပ်စည်းရိုး အပြင်ဘက်မှာ အကာအကွယ် ရဖို့ ဆိုပြီး ယခင်တပ်ရင်းမှူးတွေက ဝန်ထမ်းဟောင်း၊ စစ်မှုထမ်းဟောင်း မိသားစုတွေကို နေခွင့်ပြုလာခဲ့ပါတယ်။
ခုတော့ ဒီဒေသမှာ လှုပ်ရှားတဲ့ လက်နက်ကိုင်တွေ အားလုံးဟာ အပစ်အခတ် ရပ်စဲထားကြပြီ။ အရင်ကလိုလည်း ကြောက်စရာ မလိုတော့။ ဂျပန်ခေတ်က ဖောက်လုပ်ခဲ့တဲ့ သေမင်းတမန် ရထားလမ်းကိုလည်း ပြန်ဖောက်တော့မယ်။ ဒီတော့ ဘုရားသုံးဆူက မြေကွက်တွေဟာ ဈေးကောင်းနေပြီ။
ဒေသတွင်း ပေါ်ပေါက်လာမယ့် ထားဝယ်ရေနက်ဆိပ်ကမ်း၊ ကုလားဂုတ် ရေနက်ဆိပ်ကမ်း နဲ့ စီးပွားရေးဇုန်များကြောင့်လည်း မြေဈေးက ကောင်းနေတာပါ။
တပ်အာဏာပိုင်တွေအတွက်တော့ ဘုရားပြီးသွားပါပြီ။ ဒီတော့ တပ်စည်းရိုး အပြင်က ငြမ်းတွေကိုလည်း မလိုအပ်လို့ ဖျက်လိုက်တယ်လို့ပဲ ဆိုကြပါစို့။ ။

0 comments :
Post a Comment