ဖမ်းပြီ

Monday, December 3, 2012

(ဓာတ်ပုံ - ဂျေပိုင် / ဧရာဝတီ)

လက်ပံတောင်း ကြေးနီစီမံကိန်း ရပ်တန့်ရေး ဆန္ဒပြ သပိတ်စခန်းတွေကို အစိုးရ လုံခြုံရေး တပ်ဖွဲ့ဝင်တွေက အကြမ်းဖက် ဖြိုခွင်းမှုတွေ လုပ်ဆောင်ပြီးနောက်ပိုင်း နောက်ဆက်တွဲအနေနဲ့ ဖမ်းဆီးမှုတွေ ဆက်တိုက်ဖြစ်လာပါတယ်။ 

(ဓာတ်ပုံ - ငြိမ်းချမ်း/ဧရာဝတီ)

အကြမ်းဖက် ဖြိုခွင်းမှုကြောင့်ဘဲ သံဃာတော်တွေနဲ့ ဒေသခံ ရွာသားတွေ ထိခိုက် ဒဏ်ရာတွေ ရခဲ့တာ မြင် မကောင်းဖြစ်နေချိန်မှာ အခုလို ငြိမ်းချမ်းစွာ ဆန္ဒပြခဲ့မှုမှာ ဦးဆောင်သူတွေကို ဖမ်းဆီးမှုတွေဖြစ်လာတာပါ။ 

ပထမဆုံးအနေနဲ့ ၂၀၀၇ ခုနှစ်တုန်းက ရွှေဝါရောင် သံဃာ့ တော်လှန်ရေး ဦးဆောင် ရဟန်းတပါးဖြစ်ခဲ့ဖူးတဲ့ အရှင် ဂမ္ဘီရ ခေါ် ကိုညီညီလွင် ကို လွန်ခဲ့တဲ့ သောကြာနေ့က ဖမ်းဆီးထိမ်းသိမ်းပြီး အင်းစိန်ထောင်ကို ပို့လိုက်ပါတယ်။ 

ဒီမတိုင်ခင်ကလည်း ဒေါ်နော်အုန်းလှတို့ အပါအ၀င် ငြိမ်းချမ်းစွာနဲ့ လက်ပံတောင်းကြေးနီစီမံကိန်း ဆန္ဒပြ သူ ၆ ဦးကို ဖမ်းဆီးပြီး အင်းစိန်ထောင်ကို ပို့လိုက်ပါသေးတယ်။ 

နောက်ထပ် ဖမ်းဆီးမှုကတော့ လက်ပံတောင်းအရေး ဆန္ဒဖော်ထုတ်ခဲ့သူတွေဖြစ်တဲ့ ကိုမိုဃ်းသွေးနဲ့ ကိုအောင်စိုး တို့ကိုလည်းရန်ကုန်မြို့လယ်ခေါင်မှာ ဖမ်းဆီးလိုက်ခြင်းပါပဲ။ 

အခုလည်း မျိုးဆက်သစ် ကျောင်းသားခေါင်းဆောင် တဦးဖြစ်တဲ့ ဒီငြိမ်းလင်းကိုလည်း ရဲစခန်းက ဆင့်ခေါ် ထားပြန်ပါတယ်။ ဒီငြိမ်းလင်းကို ရဲစခန်းက ဆင့်ခေါ်စာကို အောက်မှာ ဖော်ပြထားပါတယ်။



"ခုနကလေးတင် ကျွန်တော့်ဆီ ဖုန်းတစ်ကော ၀င်လာပါတယ်။ ဆက်တာက အလုံမြို့နယ်ရဲစခန်းက တဲ့။ သူတို့စခန်းကလဲ ကျွန်တော့်ကို ပုဒ်မ ၁၈ နဲ့ တရားစွဲဆိုထားပါတယ် တဲ့။ ဒီနေ့ကို ကျွန်တော် အဆင်ပြေတဲ့ အချိန်မှာ သူတို့ စခန်းကို စစ်ဆေးမေးမြန်းခံဖို့ လာခဲ့ပေးပါတဲ့။ စမ်းချောင်းရုံးကတော့ စစ်ဆေးပြီးရင် အာမခံပါ တခါတည်းပေးမယ်လို့တော့ ခုနက ဖုန်းထပ်ဆက်တယ်" လို့ ဒီငြိမ်းလင်းက သူ့ဖေ့စ်ဘုတ်စာမျက်နှာမှာ ဖော်ပြထားပါတယ်။ 
 

ဒီအတိုင်းဆိုရင် ပြုပြင်ပြောင်းလဲရေးနဲ့ ဒီမိုကရေစီ နိုင်ငံဆီသွားနေတဲ့ မြန်မာနိုင်ငံက အရင် စစ်အာဏာရှင်၊ စစ်အစိုးရ လက်ထက်တုန်းကလို လုပ်ဆောင်ချက်တွေ အတိုင်း ပြန်သွားနေပြီလားဆိုပြီး မေးခွန်း ထုတ်နေကြပါပြီ။

1 comments :

  1. Anonymous said... :

    (၈၈) အရေးအခင်းကြီးကို မသိမီလိုက်သူ လူငယ်တွေ (၂၀၀၇)မှာ စစ်အစိုးရရဲ့ရက်စက်ယုတ်မာမှုကို မျက်ဝါးထင်ထင်တွေ့မြင်ခွင့် ရလိုက်ပါတယ်။
    ဆုံးရှုံးမှုတွေ ကြီးမားခဲ့ပေမဲ့ လူငယ်တွေစနစ်ဆိုးကြီးကို မြင်ခွင့်ရလိုက်တာကတော့ ကြီးမားစွာသော သင်ခန်းစာကို ပေးလိုက်နိုင်တာပါ။သူတို့တွေက (၈၈)ကို မသိဘူးလေ။
    ခု လာပြန်ပြီ လက်ပန်းတောင်းတောင် မီးလောင်တိုက်သွင်းမှုကြီး၊ ကမ္ဘာ့ ဘယ်နိုင်ငံမှာမှ မကြားဘူးသော ရက်စက်မှုကြီးပါ။
    ဒီနှိမ်နင်းမှုကြီးကို ကျူးလွန်လိုက်တာက လူထုတင်မြှောက်သော အရပ်သားအစိုးရ ဆိုသူပါ။
    စစ်အာဏာရှင်ဆိုတာ ပုဆိုးကောက်ဝတ်ရုံနဲ့ မူလဓါတ်ခံ အနိုင်ကျင့်ချင်တဲ့၊ ပြည်သူကို ကျွန်သဘောက်လို သဘောထားတဲ့ စိတ်ဓါတ်က ပြောင်းလဲမသွားဘူးဆိုတာ ပြည်သူတွေ သိရှိခွင့်ရလိုက်လို့ ဒီပွဲမှာလဲ ပြည်သူတွေအတွက် သင်ခန်းစာတွေ တပုံတပင် ရလိုက်ပြန်ပါပြီ။

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved