ဖြစ်နိုင်ရင် မီဒီယာတွေမှာ မဖော်ပြဖို့ ...

Monday, December 10, 2012

~
 


ဂျွန်ချစ်ငြိမ်း (တောင်ကြီး) ~
       


ယနေ့ နံနက် တောင်ကြီးမြို့ ၊ မိန်းလမ်းအောက်ဘက်၊ ကန်အောက်ရပ်၊ ပင်လုံလမ်း။ နယ်မြေ (၇) ၊ အိမ်အမှတ် (၄၆) ရှိ ဦးသိန်းအောင်+ဒေါ်နန်းခမ်းလှပိုင် ရွှေမြို့စံ မွေ့ယာဆိုင်တွင် မီးလောင်မှု တစ်ခု ဖြစ်ပွားခဲ့သည်။

တိုက်နံရံ နှင့်ကပ်လျက် ဘုရားစင်တွင်ဖယောင်းတိုင်မီး  ပူဇော်ထွန်းညှိရာမှတဆင့် နံနက် ၉း၀၀နာရီတွင်  မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ကြောင်း၊ ရပ်ကွက်အရံမီးသတ်တပ်ဖွဲ့က အရံမီးသတ်ကားသုံးပြီး  အချိန်မီ ငြှိမ်းသတ်နိုင် သဖြင့် ဆယ်မိနစ်အကြာတွင် မီးငြိမ်းသွားကြောင်း၊  ဘုရားကျောင်းဆောင်၊ ဆက်တီခုံ ၊ တိုက်မှန် နံရံ အစိတ်အပိုင်းတချို့ ပျက်စီးဆုံးရှုံးခဲ့ကြောင်း အိမ်ရှင်ဖြစ်သူ ဦးသိန်းအောင်က ပြောသည်။

         ပင်လုံလမ်းရပ်ကွက် နေသူ တစ်ဦးက -  ယခုကဲ့သို့ ပွင့်လင်းရာသီတွင် မီးလောင်မှုများဖြစ်ပွားမည်ကို စိုးရိမ်နေရကြောင်း၊   ၂၀၀၃ ခုနှစ်ကလည်း ပင်လုံလမ်းရှိ မွေ့ယာ အရောင်းဆိုင်မှ တဆင့် မီးအကြီးအကျယ် လောင်ကျွမ်းခဲ့ဖူးကြောင်း၊ သိန်းထောင်ကျော် ဆုံးရှုံးခဲ့ဖူးကြောင်း ၊ ယခုလည်း အချိန်မီသာ မသိရှိလျှင် ယခင် ၂၀၀၃ ခုနှစ်က ကဲ့သို့ ပြန်လည် ဖြစ်ပွားနိုင်ကြောင်း ပြောကြားသည်။

       ယခု မီးလောင်ကျွမ်းမှုဖြစ်စဉ်အား မည်သည့်ပုဒ်မဖြင့် အမှုဖွင့် အရေးယူမည်နည်း ဟု  မီးလောင်ကျွမ်းမှုဖြစ်စဉ်အား လာရောက်စုံစမ်းစစ်ဆေးနေသည့် တောင်ကြီးမြို့နယ် မီးသတ်တပ်ဖွဲ့ တာန်ရှိသူတဦးကို  မေးမြန်းရာ -
မိမိသည် ပြည်သူ့ဝန်ထမ်းတဦးဖြစ်ကြောင်း၊ ပြည်သူတွေ ဘ၀ကိုစာနာနားလည်ကြောင်း မည်သူကမှ မိမိအိမ် မီးလောင်စေရန် မီးရှို့လိမ့်မည်မဟုတ်ကြောင်း၊  သည့်အတွက် ကြီးသည့်အမှုငယ်အောင်၊  ငယ်သည့်အမှုပပျောက်အောင်သာ ဆောင်ရွက်ပေးဖို့ ရည်ရွယ်ထားကြောင်း၊  ယခု မီးလောင်မှုဖြစ်စဉ်အားလည်း ဖြစ်နိုင်ရင် မီဒီယာတွေမှာ မဖော်ပြဖို့မေတ္တာရပ်ခံပါကြောင်း ယင်းကပြောကြားခဲ့သည်။

(အယ်ဒီတာ မှတ်ချက် - မီးသတိရှိစေနိုင်သော ဤဖြစ်ရပ်ကို သတင်းထောက် တွေ့မြင်ကြားသိသည့်အတိုင်း ဖော်ပြလိုက်ပါသည်။)



























--

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved