ခွန်းအဏ္ဏ၀ါကုမ္ပဏီဆီက ဘယ်သူတွေ နစ်နာကြေးတောင်း

Friday, December 7, 2012



သန့်စင်ငြိမ်းချမ်း ~

အကြောင်းပြချက်မပေးဘဲ ၎င်းတို့အားအလုပ်မှထုတ်ပယ်ခဲ့သည်ဟုဆိုကာ ဧရာဝတီတိုင်း ဒေသကြီး၊ ပုသိမ်မြို့ အခြေစိုက် ခွန်းအဏ္ဏ၀ါကုမ္ပဏီတွင် အလုပ်လုပ်ခဲ့ကြသည့် အလုပ်သမား ၆ ဦးက ကုမ္ပဏီကို နစ်နာကြေးတောင်းခံထားကြောင်း သိရသည်။ 

အလုပ်သမားများ၏ တိုင်တန်းမှုကြောင့် တိုင်းဒေသကြီး ၀ါနိဇ္ဇခုံရုံးက အလုပ်ရှင်နှင့် အလုပ်သမားများကို ယနေ့ခေါ်ယူစစ်ဆေးခဲ့ပြီး ယခုလ ၁၀ ရက်နေ့တွင် အပြီးသတ် ဆုံးဖြတ်ပေးမည်ဖြစ်ကြောင်း သိရသည်။ 

“အလုပ်သမား ၆ ယောက် ဒီနေ့ခေါ်ပြီးတော့တွေ့တယ်။ အလုပ်ရှင်ကိုလည်း ခေါ်တွေ့တယ်။ သူတို့ရဲ့ စစ်ချက်တွေလည်း ကျနော်တို့ ယူပြီးပြီ။ အဲဒါကို ကျနော်တို့အဖွဲ့ အစည်းအဝေး ထိုင်ပြီးတော့ တနင်္လာနေ့ မှာ ဆုံးဖြတ်ချက်ချပါမယ်။ နှစ်ဦးနှစ်ဖက် တရားမျှမျှတတဖြစ်အောင် လုပ်ဆောင်ပေးသွားမှာပါ”ဟု ခုံရုံးဥက္ကဌဖြစ်သူ တိုင်းဒေသကြီး အထွေထွေအုပ်ချုပ်ရေးဌာနမှ ဦးမြကြိုင်က ဧရာဝတီကို ပြောသည်။ 

နစ်နာကြေးတောင်းခံသည့် အလုပ်သမားများမှာ ယင်းကုမ္ပဏီတွင် ၃ နှစ်မှ ၁၀ နှစ်အထိ အလုပ်လုပ်ခဲ့ကြ သည့် ဦးမြင့်နွယ်၊ ဦးမောင်မောင်ကြည်၊ ဦးညိုယဉ်နှင့် မမော်မော်မြင့်တို့ အပါအ၀င် ၆ ဦးဖြစ်ပြီး ၎င်းတို့အား အကြောင်းပြချက်မပေးဘဲ ရုတ်တရက် အလုပ်မှ ထုတ်ပယ်ခဲ့သည်ဟု ဆိုသည်။ 

“ကျနော်တို့ညဘက် အလုပ်လုပ်နေတုန်း ခင်ဗျားတို့ကို အလုပ်ထုတ်ပစ်လိုက်ပြီလို့ ပိုင်ရှင်ရဲ့ကိုယ်စားလှယ် ကိုလေးကိုက လာပြောတယ်။ ကျနော်တို့ကို ဘာကြောင့် အလုပ်ထုတ်တာလဲလို့မေးတော့ ကိုလေးကိုက အဲဒါတော့ ကျနော်လည်း မသိဘူး။ ပိုင်ရှင်က ပြောခိုင်းလို့ လာပြောတာလို့ပဲ ပြောတယ်”ဟု ယခု 
နှစ် အောက်တို ဘာလအတွင်းက အလုပ်ထုတ်ခံခဲ့ရသူ ဦးမောင်မောင်ကြည်က ပြောသည်။ 

ပြီးခဲ့သည့်ဇူလိုင်လတွင် အလုပ်ထုတ်ခံခဲ့ရသည့် မမော်မော်မြင့်ကလည်း“ပုသိမ်ဒိုင်မှာ သမီးအတွက် လုပ်ဖို့နေရာမရှိဘူး။ ဒီဒိုင်မှာ မလိုအပ်တော့ဘူးလို့ ပိုင်ရှင်ကိုယ်တိုင် သူ့နှုတ်ကနေ ပြောတာပါ။ 

ဘာအကြောင်းပြချက်မှမပေးဘဲ ထုတ်ပစ်ခဲ့တာပါ”ဟု ပြောသည်။ အပြစ်မရှိဘဲထုတ်ပယ်ခဲ့သည့်အတွက် အလုပ်သမားများကကုမ္ပဏီထံမှ နစ်နာကြေးအဖြစ် လုပ်ခလစာ ၄ လစာ ရလိုကြောင်း အလုပ်သမားရေး ရာဌာနသို့ ပြီးခဲ့သည့်အောက်တိုဘာလက တိုင်ကြားခဲ့ကြခြင်း ဖြစ်သည်။ 

ယင်းအလုပ်သမားများကို မိမိတို့ အလုပ်ထုတ်ပစ်ခဲ့ခြင်းမဟုတ်ကြောင်း ခွန်းအဏ္ဏ၀ါကုမ္ပဏီမှ မန်နေဂျင်း ဒါရိုက်တာ ဒေါ်မြင့်မြင့်ထွေးက ပြောသည်။ “တကယ့်တကယ်မှာ အစ်မတို့အလုပ်ထုတ်တာ တယောက်မှ မရှိဘူး။ 

သူတို့ဘာသာ သူတို့သဘောနဲ့ ထွက်သွားကြတာပါ။ ရေသာခိုတယ် အလုပ်မလုပ်ဘူး။ အဲဒီမှာ အလုပ် သမားခေါင်းနဲ့ ပြဿနာတက်တယ်။ ထွက်သွားတယ်။ အဲဒါကို ပိုင်ရှင်တွေအပေါ်မှာ တာဝန်ရှိတယ်ဆိုပြီး လာစကားပြောတာပေါ့”ဟု သူမက ဧရာဝတီကို ပြောသည်။ 

သူမကဆက်ပြီး “အစ်မတို့က ကိုယ့်ဘက်က မမှားဘူးလို့ယူဆတယ်။ အဲတော့ သူတို့ကို စေတနာကြေးပေး မယ်။ လက်ခံရင်လက်ခံ၊ လက်မခံရင် မြန်မာတင်မဟုတ်ဘူး ကမ္ဘာအထိပါ လိုက်ရှင်းရဲတယ်”ဟု ပြော သည်။ 

ရုတ်တရက်အလုပ်ထုတ်ပယ်ခံရခြင်းကြောင့် လက်ရှိတွင် မိသားစုစားဝတ်နေရေး ကြပ်တည်းပြီး ဒုက္ခရောက်နေကြသည်ဟု ပုသိမ်မြို့ဆင်ခြေဖုံးရပ်ကွက်များတွင် နေထိုင်ကြသည့် အလုပ်သမားများ က ပြောသည်။

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved