ဝန်ခံချက် ချိုးဖေါက်သူကို ထောင်ဒဏ် တနှစ်ချ

Friday, December 21, 2012

ပဋိပက္ခကာလက စစ်တွေမြို့ မြင်ကွင်း (ဓာတ်ပုံ - ခင်သြ / ဧရာဝတီ)

ငြိမ်းချမ်း ~

ဒီဇင်ဘာလ ၂၀ ရက်၊ ၂၀၁၂ ခုနှစ်။ ရခိုင်ပြည်နယ် ရမ်းဗြဲမြို့နယ် ကျောက်နီမော်ကျေးရွာတွင် ရဲက ရွာထဲ မှ နှင်ထုတ်ခံရသူတဦးကို ရွာ ပြန်လာသည့်အတွက် ဒီလ ၂၀ ရက်နေ့က ရဲက ဖမ်းဆီးကာ တရားရုံးကို တိုက်ရိုက် ခေါ်ဆောင်သွားပြီး တရားသူကြီးက ထောင်ဒဏ် တနှစ်ချမှတ်လိုက်ကြောင်း သိရသည်။ 

၎င်းကို မသီးတာထွေး အသတ်ခံရပြီးနောက်ပိုင်း လှုံဆော်မှုများပြုလုပ်သည်ဟုဆို တာ ကျောက်နီမော် ရဲစခန်းက ရွာမှ နှင်ထုတ်ခံခဲ့ရခြင်းဖြစ်ပြီး ကိုလှသွယ် အနေဖြင့် အခြေအနေများ တည်ငြိမ်ပြီး သူကို မဖမ်းဆီးနိုင်ဟု ယူဆကာ ရွာသို့ ပြန်လာချိန်တွင် ဒီလ ၁၉ ရက်နေ့က ရဲက ဖမ်းဆီးပြီး တရားရုံးသို့ ပို့ဆောင်ပေးခဲ့ရာက တရက်ထဲမှာ ပင် အမိန်ချလိုက်ခြင်းဖြစ်ကြောင်း အမည်မဖေါ်လိုသူ ရွာသား တယောက်ကပြောသည်။ 

“ပြသနာဖြစ်ထားတာလည်း ကြာပြီး၊ နောက်ပြီးတော့ ပါတီအလုပ်တွေလည်းရှိနေတယ်ဆိုပြီးတော့ ရွာကိုပြန်လာတဲ့ အချိန်မှာ အိမ်ကိုတောင်မရောက်သေးဘဲ လမ်းမှာတင် ရဲကဖမ်းပြီး တခါထဲ တရားရုံးကို တင်လိုက်တာပါ။ ကျွန်တော်တို့လည်း ဒီလောက်ထိ မြန်မြန်ဆန်ဆန် ထောင်ချလိမ့် မယ်လို့ မထင်ဘူး” ဟု ယင်းရွာသားက ပြောသည်။ 

ထောင်ဒဏ်တနှစ်ချမှတ်ခံရသူမှာ ကျောက်နီမော်ကျေးရွာနေ ဦးမောင်ဖိုးဦး၏ သား ကိုလှသွယ် အသက် (၃၈) နှစ်ဖြစ်ပြီး ပြည်ထောင်စု ကြံခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဝင်တဦးဖြစ်သည်။ 

ကိုလှသွယ်ကို ရဲက ဖမ်းပြီးသည့်နောက်တနေ့တွင် ရမ်းဗြဲတရားရုံးသို့ ခေါ်ဆောင်သွားပြီး ရမ်းဗြဲမြို့နယ် တရားသူကြီး ဦးမျိုးအောင်က နေ့လည်း ၁၂ နာရီမှာ ထောင်ဒဏ်တနှစ်ချမှတ်ခဲ့ပြီး ညနေပိုင်း တွင် ကျောက်ဖြူ အကျဉ်းထောင်သို့ ပို့ဆောင်လိုက်ကြောင်း မြင်တွေခဲ့ရသူ တဦးကပြောသည်။ 

ရခိုင်ပြည်နယ်အတွင်း နိုင်ငံရေးပါတီဝင်များ ပါဝင်ပတ်သက်နေသည့် အပေါ် ကိုလှသွယ်ကို အစိုးရ အနေဖြင့် စံပြ လုပ်ပြလိုက်ခြင်းဖြစ်နိုင်ကြောင်း ရမ်းဗြဲမြို့ခံတဦးကပြောသည်။ 

“ရခိုင်ပြဿနာတွေက ပါတီတွေက ပါနေတယ်လို့ နိုင်ငံတော်ကလည်း ပြောနေတယ်။ အဲ့ဒီအပေါ် မှာ နောက် လူတွေ မလုပ်ရဲအောင်လုပ်လိုက်တဲ့ သဘောဖြစ်နိုင်တယ်။” လို့ ရမ်းဗြဲမြို့ခံကပြောသည်။ 

မသီတာထွေးကို ဘင်္ဂလီ လူငယ် ၃ ဦးက အဓမ္မပြုကျင့် သတ်ဖြတ်ခဲ့မှု အပြီး မူစလင် ဘာသာရေး 
ခေါင်းဆောင် ၁၀ ဦး တောင်ကုတ်တွင် သတ်ဖြတ်ခံခဲ့ရပြီး ရခိုင်တပြည်နယ်လုံးတွင် ရခိုင် - ဘင်္ဂလီ အဓိဂရုဏ်းများ စတင်ဖြစ်ပွါးခဲ့သည်။

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved