လိုအပ်နေတဲ့ မြန်မာစာအကြောင်းဟောပြောပို့ချပွဲ

Monday, December 24, 2012

~



ဗညားမန်း ~


မြန်မာစာပေဆိုင်ရာ ဟောပြောပို့ချပွဲတခုကို မနေ့က ရန်ကုန်မြို့လယ်တနေရာမှာ တွေ့ရပါတယ်။

ဟောပြောပို့ချသူများကတော့ တကယ့် အထင်ကရများပါပဲ။

မောင်ခင်မင် ဓနုဖြူ (မြန်မာစာပါမောက္ခ ဒေါက်တာဦးခင်အေး) - မြန်မာစကားပြေ အရေးအသား
မြန်မာစာအဖွဲ့က ဒေါက်တာထွန်းတင့် - စည်းနဲ့ကမ်းနဲ့ မြန်မာစာ
ဂုဏ်ထူးဦးသိန်းနိုင် - စာကို ရှင်းအောင် ဘယ်လို ရေးမလဲ
ဆိပ်ကမ်းသာလမ်းမှာရှိတဲ့ ဂုဏ်ထူးဦးသိန်းနိုင်ရဲ့သင်တန်းကျောင်းမှာ ကျင်းပတဲ့ ဟောပြောပွဲ ဖြစ်ပါတယ်။မြန်မာစာပေ ချစ်မြတ်နိုးသူများအသင်းက ကျင်းပတဲ့ ဒီပွဲကို တက်ရောက်သူ ပရိသတ်ကတော့ ၅၀ ၀န်းကျင်ပဲ ရှိတာ တွေ့ခဲ့ရပါတယ်။

မြန်မာစာပေဆိုင်ရာ မေးခွန်းတွေကို ဆရာကြီး ၃ ယောက်က ဖြေကြားပေးခဲ့ပါတယ်။

မြန်မာစာကို နေ့စဉ် ရေးသားနေကြသူတွေ ဒီပွဲကို တက်နိုင်ရင် အင်မတန် အကျိုးရှိကြမှာ ဖြစ်ပါတယ်။

ဂျာနယ်တိုက်များ၊ မီဒီယာအဖွဲ့များနဲ့ စိတ်ဝင်စားသူများက ဖိတ်ခေါ်မယ်ဆိုရင် မြန်မာစာပေရေးရာတွေကို အချိန်မရွေး ဟောပြောပို့ချ ဆွေးနွေးပေးဖို့ အဆင်သင့်ရှိတယ်၊ လိုလိုလားလား ရှိပါတယ် လို့  မြန်မာစာဆရာကြီးများနဲ့ ပွဲစီစဉ်သူများက ဆိုပါတယ်။

မြန်မာပြည်မှာ မြန်မာလို ရေးသားပြောဆိုနေသူများကို ဒီလိုဟောပြောစရာ ပို့ချစရာ လိုနေသေးလား ဆိုတဲ့ မေးခွန်းလည်း ရှိလာနိုင်ပါတယ်။

အဖြေကတော့ မြန်မာစာနယ်ဇင်း အွန်လိုင်း/ပုံနှိပ် ရေးသားချက်များကို ဖတ်ရင် ရနိုင်ပါလိမ့်မယ်။


ပွဲအစအဆုံး ထိုင်နားထောင်ရင် ၅ နာရီ ၀န်းကျင်ကြာပါလိမ့်မယ်။ နာရီအတန်ကြာ ထိုင်ရသူများ သက်တောင့်သက်သာ ရှိစဖို့ နေရာထိုင်ခင်း စီစဉ်ပေးနိုင်ရင် ပိုပြီး အဆင်ပြေမှာ ဖြစ်ပါတယ်။ 
ဒီလိုပွဲမျိုးကို ဆက်တိုက် လုပ်ဆောင်သွားမယ်လို့ သိရပါတယ်။

စာသင်ကျောင်းတွေမှာ လုပ်နိုင်ရင် အင်မတန် အကျိုးရှိပါလိမ့်မယ်။ ကျောင်းဆရာ ဆရာမ မွမ်းမံသင်တန်းများမှာ သွားရောက် ပို့ချဖို့ စီစဉ်နိုင်မယ်ဆိုရင်တော့ အကောင်းဆုံး ဖြစ်မယ်၊ ပိုပြီး ထိရောက်မယ်လို့ ယူဆပါတယ်။

မြန်မာစာနဲ့ ပတ်သက်ပြီး အမှားတွေ သင်ယူခဲ့ကြ၊ အမှားကို ပြင်ဆင်ပေးသူ မရှိတဲ့ အနေအထား ကာလအတန်ကြာ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပေါ်နေချိန်မှာ မြန်မာစာပေ ချစ်မြတ်နိုးသူများအသင်းရဲ့ ဟောပြောပွဲလို အစီအစဉ်မျိုးကို အာဏာပိုင်တို့ကပါ ကူညီအားပေးသင့်ပါတယ်။


ပထမဆုံး ဟောပြောသူ မောင်ခင်မင် (ဓနုဖြူ)


ဒုတိယမြောက် ဟောပြောသူ ဒေါက်တာထွန်းတင့်


တတိယမြောက် ဟောပြောသူ ဂုဏ်ထူးဦးသိန်းနိုင်
အခမ်းအနားမှူးတဦးဖြစ်တဲ့ စာရေးဆရာ ကိုရိုးကွန့်


















--

1 comments :

  1. Anonymous said... :

    please verify U Tun Tin or U Tun Tint?

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved