ရန်ကုန်ကားသင်္ချိုင်းမှာ ပိုက်ဆံပေး ရန်မလို

ကာကွယ်ရေးဝန်ကြီးဌာန လက်အောက်ရှိ MEC မှ စီမံခန့်ခွဲလျက်ရှိသော ကားဟောင်းများ အပ်ရသည့် သံမဏိစက်ရုံ၏ အကျင့်ပျက်ချစားမှုအကြောင်း
ကျွန်တော်သည် ကားဟောင်းပိုင်ရှင်တစ်ဦးဖြစ်ပါတယ်။ အစိုးရက အခွန်မူဝါဒ ပြင်ဆင်ပြောင်းလဲ သတ်မှတ်ပြီး အခွန်လျော့ချကောက်ခံသည့်အတွက် used car အစားထိုးတင်သွင်းရန် ကျွန်တော့်ကားကို ၅.၇.၂၀၁၂ ရက်နေ့တွင် သွားအပ်ရန် အင်းစိန်ရွာမရှိ သံမဏိစက်ရုံသို့ သွားခဲ့ပါတယ်။
သံမဏိစက်ရုံသို့ရောက်သောအခါ ကားလာအပ်လာသူများစွာကို တွေ့ရပါတယ်။ လာအပ်တဲ့ လူတွေထဲမှာ ကိုယ်တိုင်ကားလာအပ်သူက (၁၀) ယောက်တွင် (၂) ယောက်သာရှိပြီး (၈) ယောက်မှာ ပွဲစားများသာ ဖြစ်ပါတယ်။ ပွဲစားတွေက ကားအပ်ရန် လေး/ငါးသောင်း ယူပါတယ်။ ၄င်းသံမဏိစက်ရုံတွင် ၀န်ထမ်းများနှင့် ပွဲစားများပေါင်းစားနေသည်ကို တွေ့ခဲ့ရပါတယ်။
ပြည်သူ့ဝန်ထမ်းတွေထဲမှာ အကျင့်ဖျက်ချစားမှုမျိုးတွေ လုံးဝမရှိသင့်တော့ပါ။ ပြည်သူ့ဝန်ထမ်းတွေက မိမိတို့ရဲ့ဝန်ထမ်းကျင့်ဝတ်ကို စောင့်ထိန်းသင့်ပါတယ်။ အကျင့်ပျက်ချစားနေသူများထဲတွင် စက်ရုံလုံခြုံရေးဝန်ထမ်းအချို့အပြင် MEC မှ စစ်သားများ၊ စစ်သားများကို စီမံနေသော ဗိုလ်ကြီးရဲနိုင် ဆိုသူမှာလည်း ပါဝင်နေပါတယ်။ သံမဏိစက်ရုံဂိတ်က လုံခြုံရေးဝန်ထမ်းကို နှစ်သောင်းပေးလျင် တန်းစီစရာမလိုဘဲ တန်းဝင်နိုင်ပါတယ်။ ၄င်း အဖြစ်အပျက်များကို ဗိုလ်ကြီးရဲနိုင်ဆိုသူမှာ သိပါလျက် ခွင့်ပြုထားပါသည်။ ဘာကြောင့်ခွင့်ပြုထားသည်ကို စဉ်းစားကြည့်လျင် သူကိုယ်တိုင် အကျင့်ပျက်ချစားမှု တွင် ပါဝင်ပတ်သက်နေသည်ကို သိနိုင်ပါသည်။
ကျွန်တော် သံမဏိစက်ရုံသို့ ရောက်သောအခါ တန်းစီထားသော ကားတွေရဲ့မှန်ပေါ်တွင် အမှတ်စဉ်နံပါတ်များကို မနက်စောစော၌ တစ်ကြိမ် လိုက်ရေးပါတယ်။ နောက်တစ်ကြိမ်ကို ထမင်းစားပြီးအချိန်မှဘဲ လိုက်မှတ်ပါတယ်။
တကယ်ဆို ကားတစ်စီးတိုးတိုင် နံပါတ်စဉ်ကို စောင့်၍လိုက်ရေးသင့်ပါတယ်။ အဲ့ဒိလို နံပါတ်မမှတ်ထားတဲ့ ကားတွေက ကျော်တက်လာပြီး ဂိတ်နားရောက်လာတဲ့အခါကျတော့ ငါ့ကားကရှေ့က၊သူ့ကားက ရှေ့ကဆိုပြီး အငြင်းပွားမှုတွေ ဖြစ်စေပါတယ်။ ကျွန်တော်စုံစမ်းကြည့်လိုက်တော့ ကားတိုင်းကို နံပါတ်အချိန်ပြည့် လိုက်မမှတ်နိုင်ခြင်းမှာ စက်ရုံဝန်ထမ်း (၇) ယောက်ခန့်သာရှိတယ် ဆိုပြီး အကြောင်းပြပါတယ်။
MEC တွင် ကားဟောင်းအပ်နှံမှုနှင့်ပတ်သက်၍ အဓိကစီမံနေသူ ဗိုလ်ကြီးရဲနိုင် အပါအ၀င် အခြားအရာရှိတို့မှာ အောက်တွင်ဖြစ်ပျက်နေသော ၀န်ထမ်းမလုံလောက်မှု ကို အထက်သို့ မတင်ပြပါ။ လူနည်းတော့ ပိုလုပ်စားလို့ကောင်းတယ်လို့ ကျွန်တော်ထင်ပါတယ်။
ကျွန်တော် သံမဏိစက်ရုံဝင်းအတွင်းသို့ ရောက်သွားသောအခါ စာရင်းသွင်းသူက တစ်ထောင်၊ ခဲခြစ်သူက စာရွက်ဖိုးတစ်ထောင် (ခဲခြစ်သောစာရွက်မှာ ကား chassis အရွယ်သာရှိသည်)၊ စားပွဲတစ်ခုက တစ်ထောင်၊ နောက်စားပွဲတစ်ခုက လဘ္ဘရည်ဖိုး တစ်ထောင်၊ မိတ္တူဖိုး တစ်ထောင် စုစုပေါင်း (၅၀၀၀) ကုန်ပါတယ်။
စားပွဲတစ်ခုတွင် အရုပ်ဆိုးသော မြင်ကွင်းတစ်ခုမှာ စစ်ဦးထုပ်ထဲတွင် ပိုက်ဆံများထည့်ထားခြင်း ဖြစ်ပါတယ်။ တာဝန်ထမ်းဆောင်နေသော ရဲဘော်များမှာ မည်သူနှင့် တူသွားပါသနည်း။
ဌာနအတွင်း ဒီလိုအကျင့်ပျက်ချစားမှုမျိုးရှိနေသည်ကို ပြည်သူတစ်ဦးအနေနဲ့ မလိုလားပါ။ Good Governance, Clean Government ဆိုတဲ့ စကားနဲ့အညီ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်အလို့ငှာ အခုလိုဌာနအတွင်း အကျင့်ပျက်ချစားမှုမျိုးတွေ မရှိသင့်ကြောင်း နိုင်ငံတိုးတက်မှုကို လိုလားသော ပြည်သူတစ်ဦးအနေဖြင့် ရေးသားဖြန့်ဝေခြင်းဖြစ်ပါတယ်။
လွှတ်တော်၌လည်း အကျင့်ပျက်ချစားမှု ပပျောက်ရေး ဥပဒေမူကြမ်းအား ရေးဆွဲပြီးဖြစ်ပါတယ်။
အကျင့်ပျက်ချစားမှုကို မလိုလားသော ပြည်သူများ ဤ စာကို share ပေးပါ။
ဒီမှာ http://www.facebook.com/human.element.9?sk=wall တွေ့ရတဲ့ ပုံနဲ့စာ ဖြစ်ပါတယ်။
ပခုက္ကူမှာ ဦးအောင်သိန်းလင်းကို ဆန္ဒပြခွင့်မရ
“ပြည်သူတွေက ရူးနေလို့” “မြစ်ဆုံဆည်ကို ပြန်ဆောက်ရမယ်” “မြစ်ဆုံဆည်ကို ရပ်လိုက်တာ သမတတယောက်တည်းရဲ့ ဆန္ဒ” .. စသဖြင့် .. စသဖြင့် ပြောခဲ့တဲ့ ကြံ့ခိုင်ရေးပါတီက ဦးအောင်သိန်းလင်းကို ကန့်ကွက်ဆန္ဒပြဖို့ ပခုက္ကူက ပြည်သူတွေ ဆန္ဒပြခွင့်တင်တာ ငြင်းပယ်ခံလိုက်ရပါတယ်။
ငြင်းပယ်ခံရတဲ့အကြောင်း ပခုက္ကူက ပေးပို့လာတဲ့ ဗီဒီယို ပါ။
ငြင်းပယ်ခံရတဲ့အကြောင်း ပခုက္ကူက ပေးပို့လာတဲ့ ဗီဒီယို ပါ။
"ပြည်ပအကူအညီမှမပါဘဲ ကျွန်ုပ်တို့ဖြေရှင်းနိုင်ပါသည်"

အပြည့်အစုံက ဒီလိုပါ -
ပြည်ထောင်စုမြန်မာနိုင်ငံသား အစ္စလာမ်ဘာသာဝင်များ၏ သဘောထား။
နိုင်ငံတကာသို့ မေတ္တာရပ်ခံခြင်း။
နိုင်ငံတကာသို့ မေတ္တာရပ်ခံခြင်း။
ပြည်ထောင်စုမြန်မာနိုင်ငံတော်အတွင်း အေးချမ်းတည်ငြိမ်စွာနေလိုသော နိုင်ငံတော်ကိုချစ်မြတ်နိုးသော မြန်မာနိုင်ငံသား အစ္စလာမ်ဘာသာဝင် တစ်ယောက် အနေနှင့် နိုင်ငံတကာရှိ အစ္စလာမ်ဘာသာဝင်များ၊ အစိုးရအဖွဲ့များ၊ ကုလသမဂ္ဂအဖွဲ့အစည်းများ၊ လူ့အခွင့်အရေးအဖွဲ့အစည်းများ၊ အစ္စလာမ် ဘာသာရေး အဖွဲ့အစည်းများ သို့ အောက်ပါအတိုင်း မေတ္တာရပ်ခံအပ်ပါသည်။
ကျွန်ုပ်တို့ မြန်မာမွတ်စလင်မ် လူ့အဖွဲ့အစည်းသည် ရှေးယခင် နှစ်ပေါင်းများစွာ ရှေးမြန်မာဘုရင်များလက်ထက်ကထဲက လူမျိုးစုံ ဘာသာတရားမျိုးစုံနှင့် အတူ အေးအတူပူအမျှ ကောင်းတူဆိုးဖက် ငြိမ်းချမ်းစွာအတူလက်တွဲနေထိုင်နေခဲ့ကြသူများ ဖြစ်ပါသည်။
တမိထဲမှမွေးဖွားလာသော တအူတုံဆင်း ညီအစ်ကိုမောင်နှမ အရင်းအချာများအတွင်းတွင်ပင် ပြသနာဆိုသည်မှာရှိတတ်ပါသည်။
ကျွန်ုပ်တို့ လူ့အဖွဲ့အစည်းတွင်လည်း လူမျိုးစုံ ဘာသာစုံဖြစ်သည့်အားလျှော်စွာ သဘောထားအမြင်ကျဉ်းမြောင်းသူများ - အယူသီးသူများ - တယူသန်သူများ ထိပ်တိုက်တွေ့သောအခါ ပဋိပက္ခ အထိကရုန်းအသွင်ဆောင်သောပြသနာများ ဖြစ်ပွားခဲ့သည်မှာ မငြင်းနိုင်သော ကိစ္စများဖြစ်ပါသည်။
မကြာခဏ ဖြစ်ပွားခဲ့သောပြသနာများကို နိုင်ငံတော်မှ တာဝန်ရှိသူများက မှန်မှန်ကန်ကန်ဖြေရှင်းပေးသည်ဖြစ်စေ - မဖြေရှင်းပေးသည်ဖြစ်စေ ကျွန်ုပ်တို့ အချင်းချင်း ဖြစ်သည့်နည်းနှင့် ပြေလည်အောင် တည်ငြိမ်မှုရှိအောင် ဖြေရှင်းခဲ့သည်သာဖြစ်ပေသည်။
ကျွန်ုပ်တို့အချင်းချင်းဖြစ်သောပြသနာများအတွက် မည်သည့်ပြည်ပအကူအညီမှမပါဘဲ ကျွန်ုပ်တို့ဖြေရှင်းနိုင်ပါသည်။
ပြည်ပမှ ကျွန်ုပ်တို့၏ပြသနာများအတွင်းဝင်ရောက် စွက်ဖက်မှုများရှိလာသည့်အခါ ကျွန်ုပ်တို့ ပြည်ထောင်စုမြန်မာနိုင်ငံအတွင်း နေထိုင်ကြသော အစ္စလာမ် ဘာသာဝင်များအတွက် ပိုမိုခက်ခဲသော အခြေအနေများကိုသာဖြစ်ပေါ်စေခဲ့သော သာဓကများရှိခဲ့ပါသည်။
မည်သည့် အကြောင်းပြချက်နှင့်ပြုလုပ်သည်ဖြစ်စေ တာလီဘန်များက ဗုဒ္မရုပ်ပွားတော်များကို ဖျက်စီးခဲ့သည့် အကျိုးဆက်များသည် ကျွန်ုပ်တို့အတွက် ဆိုးယွားလှစွာသော ဘာသာရေးစော်ကားမှုအမည်းစက်အဖြစ် အပြစ်တင်ခံနေရဆဲဖြစ်နေပါသည်။ ရုပ်ပွားတော်များကို ဖျက်ဆီးခဲ့သူများ သက်ရှိထင်ရှား ရှိနိုင်တော့မည် မဟုတ်တော့ပါ။ သို့သော် သူတို့၏ မှားယွင်းသော လက်တုန့်ပြန် ဖျက်ဆီးမှုဒဏ်ကို ကျွန်ုပ်တို့က ယနေ့တိုင်ခံစားနေရဆဲဖြစ်ပါသည်။
ယခုတဖန် ရခိုင်ပြည်နယ် တွင်ပြသနာများဖြစ်ပွားလာသောအခါ နိုင်ငံတကာမှ ဂယက်ရိုက်မှုများ ဖြစ်ပွားလာပြန်ပါသည်။
ရခိုင်ပြသနာသည် မြန်မာ့နိုင်ငံရေးခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် မိန့်ကြားခဲ့သလို တရားဥပဒေ စိုးမိုးရေးပြသနာကို နိုင်နင်းစွာ ကိုင်တွယ်ဖြေရှင်းမှု မရှိသည့်အတွက် မလိုလားအပ်သောပြသနာများ ဆက်လက်ပြန့်ပွားဖြစ်ပေါ်ခဲ့ခြင်းသာဖြစ်ပါသည်။
နိုင်ငံအုပ်ချုပ်သူများ၏ လျှင်မြန် မှန်ကန်စွာဖြေရှင်းမှုမရှိခြင်း၊ ပြည်တွင်းမီဒီယာများ၏ မှားယွင်းသော သတင်းတင်ပြမှုများ - စိတ်ဆန္ဒစောတင်ပြမှုများအပေါ် အခြေခံကာ ပြည်တွင်းအင်တာနက်စာမျက်နှာများပေါ်တွင် နယ်စပ်ပြသနာကို ပြည်တွင်းနေထိုင်သော အစ္စလာမ်ဘာသာဝင်များထံသို့ပါ ကူးစက်ပြန့်ပွား လာစေရန်ကျိုးပမ်းအားထုတ်မှုများ၊ အစ္စလာမ်ဘာသာဝင်များကိုဆဲဆိုစော်ကားမှုများ၊ ခြိမ်းခြောက်မှုများ များစွာဖြစ်ခဲ့သော်လည်း ငြိမ်းချမ်းရေးကို လိုလားသော ဗုဒ္မဘာသာဝင် သံဃာတော်များ၊ လူပုဂ္ဂိုလ်များ၏ ပူးပေါင်းကူညီမှုဖြင့် ပြသနာရပ်များပြန့်နှံ့မလာအောင် ကျွန်ုပ်တို့ တားဆီးထားနိုင်ခဲ့ပါသည်။
ကျန်ရှိနေသေးသော ပြသနာများကို ဖြေရှင်းရန်မှာ နိုင်ငံတော်ကို အုပ်ချုပ်နေသော အစိုးရ၏တာဝန်သာဖြစ်ပါသည်။
ထိုသို့ဖြေရှင်းရာတွင် နှစ်ရှည်လများဖြစ်ခဲ့သည့်ပြသနာဖြစ်ခြင်း - နယ်စပ်မှ တရားမဝင်ဖြတ်ကျော်ဝင်ရောက်မှုများ ရှိနေခြင်း - တဘက်နှင့်တဘက် မဖြစ်နိုင်သောတောင်းဆို အပြစ်တင်မှုများရှိနေခြင်း - များပြားလှစွာသော ပြသနာများ ဖြေရှင်းရန်ရှိနေခြင်း တို့ကြောင့် လည်းကောင်း ၊ နိုင်ငံတော်၏ ဘဏ္ဍာရေး အခြေအနေအရလည်းကောင်း ထိုက်သင့်သည့် အချိန်ယူဖြေရှင်းရမည့် ကိစ္စဖြစ်နေပါသည်။
နိုင်ငံတကာအဖွဲ့အစည်းများ၊ အစိုးရများအနေဖြင့် ပြည်ထောင်စုမြန်မာနိုင်ငံအတွင်း နေထိုင်ကြသော အစ္စလာမ်ဘာသာဝင်များအတွက် စစ်မှန်သော အကူအညီ ပေးအပ်လိုသည်ဆိုပါက - နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန်ခေါင်းဆောင်သော အစို့ရအဖွဲ့နှင့် ဆွေးနွေးညှိနှိုင်းပြီး လိုအပ်သောရုပ်ဝတ္ထုပစ္စည်း အကူအညီများ၊ ငွေရေးကြေးရေးအကူအညီများ၊ နည်းပညာအကူအညီများပေးရန်သာ အကြောင်းရှိပါသည်။
ယခုလုပ်ဆောင်နေသော နိုင်ငံတကာရှိမြန်မာသံရုံးများရှေ့တွင် ဆန္ဒပြခြင်း၊ ပြည်ထောင်စုမြန်မာနိုင်ငံတော်အလံအား စော်ကားမော်ကားပြုမီးရှို့ပြခြင်း၊ ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံသမ္မတကြီး၏ဓာတ်ပုံအား မဖွယ်မရာပြုလုပ်ခြင်း၊ မြန်မာနိုင်ငံ၏ အကျိုးစီးပွားများအား တိုက်ခိုက် ဖျက်ဆီးမည်ဟု ခြိမ်းခြောက်ခြင်းများသည် မည်သည့် အကျိုးတရားကိုမှ ရရှိလာမည်မဟုတ်ဘဲ - ပြည်တွင်းမှ အစ္စလာမ်ဘာသာဝင်များအတွက် ပိုမို ခက်ခဲကျပ်တည်းသော အခြေအနေတရပ်သို့ တွန်းပို့ပေးသလိုသာဖြစ်မည်ကို သတိချပ်သင့်ပါသည်။
အီရန်နိုင်ငံအနေနှင့် မြန်မာနိုင်ငံကိစ္စအပေါ် ကုလသမဂ္ဂတပ်များစေလွှတ်ရန် တိုက်တွန်းမည့်အစား အခြေအနေပိုမိုဆိုးယွားနေသော ဆီးရီးယားကိစ္စကို အာရုံစိုက်သင့်ပါသည်။ ထိုနည်းတူစွာ ဟစ်ဘိုလာအဖွဲ့သည်လည်း အီရန်နိုင်ငံ၏နောက်မှ သံယောင်မလိုက်သင့်ပါ။ ပါကစ္စတန်နိုင်ငံအနေနှင့်လည်း မြန်မာ နိုင်ငံအပေါ်ရန်လိုသော သဘောထားများမထားသင့်ပါ။ တာလီဘန်အဖွဲ့အနေနှင့်လည်း မြန်မာနိုင်ငံသူ နိုင်ငံသားများ - မြန်မာနိုင်ငံ၏အကျိုးစီးပွားများ၊ သံတမန်များ၊ အစိုးရအဖွဲ့ဝင်များကို ခြိမ်းခြောက်မှုလုပ်ခွင့် မရှိပါ။
မြန်မာနိုင်ငံ၏အကျိုးစီးပွားကို ကာကွယ်ရန်မှာ ကျွန်ုပ်တို့ မြန်မာနိုင်ငံသားအစ္စလာမ်ဘာသာဝင်များ၏ တာဝန်လည်း ဖြစ်ပါသည်။ သို့ဖြစ်သည့်အတွက် မြန်မာနိုင်ငံ၏ အကျိုးစီးပွားကို ထိခိုက်လာပါက ကျွန်ုပ်တို့မှလည်း အသက်ပေး ကာကွယ်တိုက်ခိုက်သွားမည်ဖြစ်ကြောင်းသိစေအပ်ပါသည်။
သို့ဖြစ်သည့်အတွက် သက်တမ်းနုနယ်လှသေးသော မြန်မာ့ဒီမိုကရေစီစနစ် တိုးတက်ရာ တိုးတက်ကြောင်းအတွက်လည်းကောင်း၊ ဖွံ့ဖြိုးမှုနိမ့်ကျနေသော နိုင်ငံတော် လျှင်လျှင်မြန်မြန်ဖွံ့ဖြိုးတိုးတက်လာစေရေးအတွက်လည်းကောင်း၊ နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးအတွက်လည်းကောင်း အပြုသဘောနှင့် ဝိုင်းဝန်း အကူအညီပေးကြပါရန် မေတ္တာရပ်ခံပန်ကြားအပ်ပါသည်။
အစ္စလာမ်သာသနာတော်၏ အဆုံးအမများနှင့် ကိုက်ညီမှုမရှိသော - နိုင်ငံတကာမှလက်မခံနိုင်သော - ပြည်ထောင်စုမြန်မာနိုင်ငံသား လူမျိုးမရွေး ဘာသာ မရွေး က လက်မခံနိုင်သော အကျပ်ကိုင်ခြင်း၊ ခြိမ်းခြောက်ခြင်း၊ သတင်းမှားထုတ်ပြန်ခြင်း၊ သတင်းမှန်ကို ချဲ့ကားဝါဒဖြန့်ခြင်း၊ နိုင်ငံတော် - နိုင်ငံတော်အလံနှင့် နိုင်ငံခေါင်းဆောင်ကြီးများအား စော်ကားမော်ကားပြုလုပ်ခြင်းများကို ရပ်တန့်ပေးပါရန် လေးနက် တည်ကြည်စွာ မေတ္တာရပ်ခံ တောင်းဆိုအပ်ပါသည်။
မြန်မာမွတ်စလင်မ်အဖွဲ့
မန္တလေးမြို့။
၂၀၁၂ခုနှစ်၊ ဇူလိုင်လ(၃၀)ရက်၊ တနင်္လာနေ့။
ဒေါင်းအိုကြီး သို့မဟုတ် ဟံသာဝတီ ဦးဝင်းတင်

ဟံသာဝတီသတင်းစာ၊ အန်အယ်ဒီ ဦးဝင်းတင်၊ ဓာတ်ပုံ- အောင်မြင့်သန်း
တေးမဆိုနိုင်တော့တဲ့ ငှက်အို ဖြစ်ချင် ဖြစ်မယ်
ငှက်ပျိုတွေကြား အမြင့်ပျံဖို့တော့ ခက်တယ်
အပျံသင်ကာစ ငှက်ပျိုလေးတွေကို၊
အတောင်ပံ တစုံကို ဘယ်လိုခပ်
ခြေနှစ်ချောင်းက ဘယ်လို အလိုက်သင့်ထား
အစာရှာလိုကောင်းတာ ဘယ်နေရာ
လေးသံ အန္တရယ် ကြိုတင်ကာကွယ်
ငှက်ခတ်သမားကို အမြဲသတိထား
လေသိပ်ကြမ်းက အကာနောက်နေ
လေနုအေးမှာ မြန်မြန်ထွက်
လိုအပ်လာရင် တကြော်ကြော်အော်
အမျိုးငှက်အပေါင်းကို တွဲ ကူ ခေါ်
အစားအစာရလျှင် မျှလို့ ကျွေး
မိုးမလာခင် လုံးလပြု အင်အား စု
ငှက် သူရဲကောင်းတွေအကြောင်း ပြော
ငှက်ကိုယ်တွေ့ အဖြစ်အပျက်ကိုပေး
ငှက်သင်တန်းတွေ ဆက်ကာ သင်
ငှက်တွေညီညာကြဖို့ ရှေ့ဆောင်နည်းညွန်
ငှက်တွေထဲမှာ ဆရာတဆူ ဖြစ်ရမှာ-
ဒီတခါ ငှက်သဘင် အစည်းအဝေးမှာ-
နားချင်ပေမယ့် နားလို ဘယ်လိုမှ မဖြစ်သေး
ငှက်အတောင်တွေ မသန်တော့ပေမယ့်
ငှက်ရာဇ၀င်အကြောင်း ရေးရအုံးမယ်
ငှက်အခွင့်အရေးအတွက် လှုပ်ရှားချင်တယ်
ငှက်သမိုင်းမှာ-----
ငှက်ဆိုတာ ပျံသန်းနေရင်း ဘ၀ဆက်နေမယ်
ဒေါင်းငှက် အသက်ကြီးလာလေ မတရားမှုကို သူ မုန်းလေ။ ။
ငှက်ပျိုတွေကြား အမြင့်ပျံဖို့တော့ ခက်တယ်
အပျံသင်ကာစ ငှက်ပျိုလေးတွေကို၊
အတောင်ပံ တစုံကို ဘယ်လိုခပ်
ခြေနှစ်ချောင်းက ဘယ်လို အလိုက်သင့်ထား
အစာရှာလိုကောင်းတာ ဘယ်နေရာ
လေးသံ အန္တရယ် ကြိုတင်ကာကွယ်
ငှက်ခတ်သမားကို အမြဲသတိထား
လေသိပ်ကြမ်းက အကာနောက်နေ
လေနုအေးမှာ မြန်မြန်ထွက်
လိုအပ်လာရင် တကြော်ကြော်အော်
အမျိုးငှက်အပေါင်းကို တွဲ ကူ ခေါ်
အစားအစာရလျှင် မျှလို့ ကျွေး
မိုးမလာခင် လုံးလပြု အင်အား စု
ငှက် သူရဲကောင်းတွေအကြောင်း ပြော
ငှက်ကိုယ်တွေ့ အဖြစ်အပျက်ကိုပေး
ငှက်သင်တန်းတွေ ဆက်ကာ သင်
ငှက်တွေညီညာကြဖို့ ရှေ့ဆောင်နည်းညွန်
ငှက်တွေထဲမှာ ဆရာတဆူ ဖြစ်ရမှာ-
ဒီတခါ ငှက်သဘင် အစည်းအဝေးမှာ-
နားချင်ပေမယ့် နားလို ဘယ်လိုမှ မဖြစ်သေး
ငှက်အတောင်တွေ မသန်တော့ပေမယ့်
ငှက်ရာဇ၀င်အကြောင်း ရေးရအုံးမယ်
ငှက်အခွင့်အရေးအတွက် လှုပ်ရှားချင်တယ်
ငှက်သမိုင်းမှာ-----
ငှက်ဆိုတာ ပျံသန်းနေရင်း ဘ၀ဆက်နေမယ်
ဒေါင်းငှက် အသက်ကြီးလာလေ မတရားမှုကို သူ မုန်းလေ။ ။
အောင်မြင့်သန်း
၃၀၊ ၇။ ၂၀၁၂
၃၀၊ ၇။ ၂၀၁၂
၂၀၁၃ ခုနှစ်မှာ ဒေါ်အောင်ဆန်းစုကြည် ဂျပန်သွားမည်

မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ လာမယ့် နှစ် ၂၀၁၃ ခုနှစ် ချယ်ရီပန်း တွေ ပွင့်ချိန် မတ်လ ကုန်လောက် ဂျပန်နိုင်ငံကို သွားဖို့ရှိတယ်လို့ AP သတင်း တပုဒ်မှာ ဖော်ပြထားပါတယ်။
ပြီးခဲ့တဲ့ ဒီဇင်ဘာလက ဂျပန် နိုင်ငံခြားရေး ၀န်ကြီး မြန်မာနိုင်ငံကို လာစဉ်က ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ခဲ့ပြီး ဂျပန်နိုင်ငံကို လာရောက်လည်ပတ်ဖို့ ဖိတ်ကြားခဲ့ပါတယ်။
ဦးအောင်သိန်းလင်းကို မဲဆန္ဒရှင်တွေက ဘာလုပ်မှာလဲ ???

တောင်ဥက္ကလာပမြို့နယ် က ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဖြစ်တဲ့ ဦးအောင်သိန်းလင်းဟာ တရုတ်သတင်းစာနဲ့ ပြောဆိုခဲ့မှုကို ဘယ်သူတွေက မကြေမနပ်ဖြစ်နေလဲ၊ ဖွဲ့စည်းပုံအခြေခံ ဥပဒေအရ မဲဆန္ဒရှင်တွေက ဘာတွေ လုပ်နေလဲ ? သိချင်ကြသူများအတွက် ...
အခုအခါမှာ တောင် ဥက္ကလာပမြို့နယ်က မဲဆန္ဒှရှင် ပြည်သူတွေက ၂၀၀၈ ဖွဲံ့စည်းပုံမှာ သက်ဆိုင်ရာ မဲဆန္ဒ နယ်မြေ လွှတ်တော် ကိုယ်စားလှယ်တွေနဲ့ ပတ်သက်ပြီး ပြဌာန်းထားတာက "ဖွဲ့စည်းပုံ အခြေခံဥပဒေ
အခန်း ၉၊ ပုဒ်မ ၃၉၆ (ခ) တွင် သက်ဆိုင်ရာ မဲဆန္ဒနယ်၏ မူလ မဲဆန္ဒရှင်များ အနက် အနည်းဆုံး “တစ်” ရာခိုင်နှုန်းက ရွေးကောက် တင်မြှောက်ထားသော လွှတ်တော်ကိုယ်စားလှယ်ကို တာဝန်မှ ပြန်လည် ရုပ်သိမ်း လိုလျှင် လွှတ်တော် ကိုယ်စားလှယ်နှင့် ပတ်သက်သည့် တိုင်တန်းချက်ကို ပြည်ထောင်စု ရွေးကောက် ပွဲကော်မရှင်ထံ တင်ပြရမည်" လို့ အတိအလင်းပြဌာန်းချက်ကြောင့် အခုတော့ တောင်ဥက္ကလာပမြို့နယ်က မဲဆန္ဒရှင် ပြည်သူတွေက ဦးအောင်သိန်းလင်းကို ဘာတွေ လုပ်မလဲ ဆိုတာ ဧရာဝတီ မြန်မာပိုင်း စာမျက်နှာမှာ အပြည့်အစုံဖတ်နိုင်ပါပြီ။
ဦးအောင်သိန်းလင်း၏ ဖြေဆိုချက်များကို တောင်ဥက္ကလာပ မဲဆန္ဒရှင်များက ပြည်တွင်း ဂျာနယ်များမှ တဆင့် ဖတ်ရကြောင်း၊ ယင်းပြောဆိုချက် များသည် မဲဆန္ဒရှင် ပြည်သူများကို စိတ်ပျက်စေသဖြင့် လွှတ်တော် ကိုယ်စားလှယ် အဖြစ်မှ ရုပ်သိမ်းရန်ဝိုင်းဝန်း လှုပ်ရှားခြင်း ဖြစ်ကြောင်း၊ ယင်းလှုပ်ရှားမှု ကို ဖွဲ့စည်းပုံ အခြေခံ ဥပေဒနှင့် အညီ ဆောင်ရွက်ခြင်း ဖြစ်ကြောင်း လက်မှတ်ရေးထိုး လှုပ်ရှားမှုကိုဦးဆောင်သူ တောင်ဥက္ကလာပ မြို့နယ်မှ ဦးမင်းအောင်က ဧရာဝတီသို့ ပြောသည်။
ဤနေရာကို နှိပ်၍ ကြည့်နိုင်ပါတယ်။
မီးရထားဝန်ကြီးဌာနမှ ဆိုင်ခန်းများ ပြဿနာ

ရန်ကုန်၊ဇူလိုင်၂၈ ဆိုင်ခန်းပိုင်ရှင်နာမည်မပေါက်ခြင်းကြောင့် ကာလရှည်ကြာပြသနာဖြစ်နေခဲ့သည့် မီးရထား ၀န်ကြီးဌာနအပိုင်၊ အင်းစိန် ဗဟိုလမ်း၊ဈေးကုန်းအရှေ့မှ ဆိုင်ခန်း ၁၄ ဆိုင် ထဲမှ ၆ ဆိုင်အား ယနေ့နံနက် ၅ နာရီခွဲခန့်မှစတင်ပြီး မိးရထားဝန်ကြီးဌာနမှ ၀န်ထမ်းများ ဖျက်သိမ်းနေကြပါတယ်။
ဆိုင်ခန်း၁၄ ဆိုင်လုံးအား ဖျက်သိမ်းပစ်မည်ဟု ပြောထားသော်လည်း ၆ ဆိုင်ထဲကိုသာဖျက်သိမ်းခြင်းဖြစ်ပြီး၊ဆိုင် ပိုင်ရှင်များအနေဖြင့် ပစ္စည်းများကို အပြီးပြောင်းရွှေ့ရန် သတိပေးစာရွက်များအား ယမနေ့ ညနေ ၅ နာရီခန့် တွင် မီးရထားဝန်ကြီးဌာနမှ လာပေးခဲ့ပါတယ်။

“မိမိပစ္စည်းကိုဖယ်ရင်ဖယ် ၊မဖယ်ရင် ၁၉၅၅ အက်ဥပဒေနဲ့တ၇ားစွဲမယ်လို့ ပြောတယ်” လို့ အဖျက်ခံနေရသည့် ဆိုင်ခန်း ၆ ဆိုင်တွင်ပါဝင်သည့် မြတ်ထမင်းဆိုင်ပိုင်ရှင် ဒေါ်ကြူကြူလွင်မှပြောပါတယ်။
မီးရထားဝန်ကြီးဌာနမှတရားဝင်ထုတ်ပေးသည့် ဆိုင်ရှင်နာမည်ပေါက် တရားဝင် အခွန်ဆောင် စာအုပ်များက ပိုင်ရှင် အဆင့်ဆင့်ပြောင်းပြီး ရောင်းချခဲ့တာကြောင့် လက်ရှိ ဆိုင်ခန်း ပိုင်ရှင် နာမည်ပေါက် များမဟုတ် ကြတော့ပါ။
သို့ကြောင့် ပိုင်ရှင်နာမည်လွဲ များအား ပြုပြင်ပေးမည်၊စာအုပ်များအား ခဏပေးထားရန်ပြောဆိုပြီး မီးရထား ၀န်ကြီးဌာနက ၂၀၁၀ ခုနှစ်က သိမ်းယူခဲ့တာပါ။

ထို့နောက် မိးရထားဝန်ကြီးဌာန အပိုင်ဝင်းအတွင်း ဆိုင်ခန်းဖွင့်ထားခဲ့သည့် ဆိုင်ခန်းပိုင်ရှင် ၁၄၇ ဦးလုံးအား ၂၀၁၀ သြဂုတ်လ တွင် အင်းစိန်စက်ခေါင်စက်ရုံ ခန်းမအတွင်းသို့ ခေါ်ယူတွေ့ဆုံပြီး နာမည်ပေါက်စာအုပ်များ အားဖျက်သိမ်းလိုက်ပြီးဖြစ်ကြောင်းပြောဆိုခဲ့ပါတယ်။
“ ၀န်ကြီးက ဒီဆိုင်တွေကိုဖျက်ဖို့အမိန့်ချပြီးတာတောင် ကျွန်တော်တို့လဲ ရလိုရငြားသမ္မတကြီးဆီကိုအသနား ခံစာ တင်လိုက်သေးတယ် ၂၆ ရက်နေ့ကပါ ဒါပေမယ့် အခုတော့လဲ အဖျက်ခံရတာပါဘဲ” လို့ ရန်အေး ကားဘော်ဒီရုံ မန်နေဂျာ ကိုနေ၀င်းမှ ပြောပါတယ်။
ဆိုင်ခန်းပိုင်ရှင်များသည် တစ်လကိုကျပ်တစ်သောင်းခွဲနှင့် ၃လတစ်ကြီမ် လစဉ်ကြေးပေးသွင်းခဲ့ပါသည်။ဆိုင် ခန်းပိုင်ရှင်များကပြောင်းရွှေ့ရန်ငြင်းဆန်နေခဲ့မှုကြောင့် လွန်ခဲ့သည့် ၃လခန့်မှစပြီး ပြသနာဖြစ်နေသည့်ဆိုင် ခန်းများအများ အား သံဆူးကြိုးခတ်ပြီး အင်းစိန်း-မြို့ ပါတ်စက်ရုံတိုးချဲု့ မြေနေရာ ဆိုသည့်ဆိုင်းဘုတ်ထောင်ခဲ့ ပါတယ်။

မီးရထားဝန်ကြီးဌာနမှ အလုပ်သမားများကိုယ်တိုင် ဆိုင်ခန်းများကို ဖျက်သိမ်းနေပြီး၊ နယ်မြေခံရဲများ၊ မီးရထားရဲ နှင့် မီးရထားမှ တာဝန်၇ှိသူများအပါအ၀င် လူအင်အား ၁၅၀ ခန့်ရှီနေပါတယ်။ ဆိုင်ခန်းပိုင်ရှင်များအနေဖြင့် ကိုယ့်ဆိုင်အား ကိုယ်တိုင်ဖျက်ယူခြင်သည်ဆိုပါက ယူနိင်ကြောင်းခွင့်ပြုထားပါတယ်။
သစ်ချောင်းများ၊သွပ်များ အား မီးရထားဝန်ကြီးဌာနမှ ကားများဖြင့်တိုက်ယူပြီး ဘောလုံးကွင်းနှင့် ဘုန်းကြီး ကျောင်းတွင် စုပုံပေးထားမည်ဟုလည်းသိရပါတယ်။
အဖျက်ခံရသည့်ဆိုင်ခန်းပိုင်ရှင်များအား နေရာပြန်လည်ချထားပေးဖို့ရှီမရှီနှင့်ပတ်သက်ပြီး ယခု ဖျက်နေသည့် နေရာတွင် ရောက်ရှီနေသည့် မိးရထားမှ တာဝန်ရှီသူများအားမေးမြန်းရာတွင် ဆိုင်ခန်းများယခု နေရာ မှပြောင်းရွှေ ၇န်သာ သူတို့နှင့်ဆိုင်ပြီး ကျန်သည့် ကိစ္စများမှာ သူတို့တာဝန်မဟုတ်ကြောင်း ပြောဆိုခဲ့ပါတယ်။
ပိုင်ရှင်အများစုသည် နယ်တွေမှလာပြီး ဆိုင်ခန်းဖွင့်ထားကြတာဖြစ်ပြီး၊အလုပ်သမားများကလည်း နယ်က လူတွေများပါတယ်။ လက်ရှိမှာ နေရာပြန်ချပေးမည်ဆိုတာလည်းမရှိတာကြောင့် အလုပ်သမားတွေအလုပ် လက်မဲ့ ဖြစ်နေရပြီး၊ ဆိုင်ခန်းများပြန်မဖွင့်မခြင်း မိသားစု စားဝတ်နေရေးပြသနာများကြုံတွေ့ လာတော့ မှာဖြစ် ကြောင်း ဆိုင်တွေမှအလုပ်သမားများက ပြောပါတယ်။
သတင်း,ဓာတ်ပုံ-မေလေး
ဦးအောင်သိန်းလင်းကို စုံစမ်းစစ်ဆေးမယ်

ဦးအောင်သိန်းလင်းရဲ့ ပြောရဲဆိုရဲရှိမှုနဲ့ ပတ်သက်ပြီး ကြံ့ခိုင်ရေး ပါတီက စနေနေ့မှာ ထုတ်ပြန်တယ် ဆိုတဲ့ ကြေညာချက်တစောင်ကို တွေ့ရပါတယ်။
မြစ်ဆုံစီမံကိန်း ပြန်လည်ပတ်ရေး၊ ပြည်သူတွေကရူးလို့ NLD ကို မဲပေးလိုက်မိတယ်၊ ဘန်ကီမွန်းနဲ့ ကုလသမဂ္ဂဟာ ယုံရသူတွေ မဟုတ်ဘူး၊ အခြေခံဥပဒေ ပြင်ဆင်ရေးဟာ အောင်မြင်မယ်မဟုတ်၊ ဟီလာရီကလင်တန် မြန်မာပြည်လာတာ ကျုပ်တို့ရဲ့ အားနည်းချက်ပဲ - သူက မြန်မာပြည်သူတွေဆီလာတာ မဟုတ်ဘူး၊ ဟိုအမျိုးသမီးဆီကို လာတာ စသဖြင့် တရုတ်စာစောင်တခုကို သူက ပြောကြားခဲ့ပါတယ်။
ဒီလို ပြောကြားခဲ့ခြင်း ရှိမရှိ စုံစမ်းစစ်ဆေးပြီး "တွေ့ရှိချက်များအပေါ် မူတည်၍ ပါတီစည်းကမ်းအရ ဆက်လက် အရေးယူ ဆောင်ရွက်သွားမည်" လို့ ဆိုထားတဲ့ ကြေညာချက်ကို ကူးယူ ဖော်ပြပေးလိုက်ပါတယ်။
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ထုတ်ဖော်ကြေငြာချက်
၂၈-၇-၂၀၁၂
၁။ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၊ ဗဟိုအလုပ် အမှုဆောင် ဦးအောင်သိန်းလင်း နှင့် Southen Weekend (China) ဟု ဖော်ပြထားသော တွေ့ဆုံမေးမြန်းမှု ရေးသားဖော်ပြချက် များအား Internet စာမျက်နှာများပေါ်တွင်လည်းကောင်း၊ ပြည်တွင်းရှိ ဂျာနယ် များတွင် လည်းကောင်း ဖော်ပြလျှက်ရှိနေကြပြီး အဆိုပါကိစ္စနှင့် စပ်လျဉ်း၍ မေးမြန်းမှုများလည်း ရှိနေကြပါ သည်။
၂။ အဆိုပါ ရေးသားဖော်ပြချက်များသည် ဗဟိုအလုပ်အမှုဆောင် ဦးအောင်သိန်းလင်းမှ အမှန်တကယ် ပြောကြားခဲ့မှုများဖြစ်ပါက ဦးအောင်သိန်းလင်း၏ ပုဂ္ဂလိက ပြောဆိုချက် များသာဖြစ် ပြီး ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ သဘောထားများ မဟုတ်ပါ။
၃။ ဦးအောင်သိန်းလင်းအနေနှင့် အမှန်တကယ် ပြောကြားခြင်း ရှိ မရှိ ကိုလည်း စီစစ်ဆောင် ရွက်လျှက်ရှိပြီး၊ တွေ့ရှိချက်များအပေါ် မူတည်၍ ပါတီစည်းကမ်းအရ ဆက်လက် အရေးယူ ဆောင်ရွက်သွား မည်ဖြစ်ပါသည်။
ဗဟိုအလုပ်အမှုဆောင်အဖွဲ့
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ
Aung Thein Linn Denies Comments
ဦးအောင်သိန်းလင်း လွှတ်တော်ထဲက ထွက်ရမှာလား
ဦးအောင်သိန်းလင်း ပြောကြားချက် -
ဆရာ့ကိုလွမ်းတဲ့စာ

မြသန်းတင့် (23 May 1929 - 18 February 1998)
အမျိုးသားဘာသာပြန် စာပေဆု (၅)ကြိမ်ရ (1972 , 1978 , 1989 , 1993 , 1995) ဘာသာပြန်/ပင်ကိုယ်ရေးစာရေးဆရာ
အမျိုးသားဘာသာပြန် စာပေဆု (၅)ကြိမ်ရ (1972 , 1978 , 1989 , 1993 , 1995) ဘာသာပြန်/ပင်ကိုယ်ရေးစာရေးဆရာ
စစ်နှင့် ငြိမ်းချမ်းရေး (၁၉၇၂ အမျိုးသားဘာသာပြန်စာပေဆု) War And Peace - Leo Tolstoy
1. လေရူးသုန်သုန် (၁၉၇၈ အမျိုးသားဘာသာပြန်စာပေဆု) Gone With the Wind - Magaret Mitchell
2. ခန်းဆောင်နီအိပ်မက် (၁၉၈၈ အမျိုးသားဘာသာပြန်စာပေဆု) Dream of the Red Chamber - Cao Xueqin
3. သုခမြို့တော် (၁၉၉၂ အမျိုးသားဘာသာပြန်စာပေဆု) City of Joy -Dominique Lapierre
4. အချစ်မိုးကောင်းကင် (၁၉၉၅ အမျိုးသားဘာသာပြန်စာပေဆု) Beyond Love - Dominique Lapierre
ဆရာမြသန်းတင့် ဆုံးပြီ ဆိုတဲ့ သတင်းကို ကြားလိုက်ရတဲ့အချိန်မှာ မြတ်စွာဘုရားကို တ, မိရင်း ပထမဆုံး ဖြစ်ပေါ်လာတဲ့စိတ်က နှမြောတသ စိတ်ပါ။
မြန်မာနိုင်ငံရဲ့ စာပေလောကမှာ အင်မတန်ကြီးမားတဲ့ နစ်နာဆုံးရှုံးမှုကြီး
တခု ဖြစ်ပေါ်သွားခဲ့ပြန်ပြီ။ ဟောဒီ နေရာ ကနေ ဆရာ ရုတ်တရက် လစ်လပ် ကွယ်ပျောက်သွားလို့ ကျန်ရစ်ခဲ့မယ့် ကွက်လပ်တခုကို ကျွန်မတို့ ဘယ်သူ့ နာမည်နဲ့ အစားထိုးလို့ ရနိုင်မှာလဲ။ ဘယ်အရာမျိုးနဲ့များ အစားထိုးလို့ ရနိုင်မှာတဲ့လဲ။ အဲဒီ အသိမျိုး တုန်လှုပ်မှုမျိုးနဲ့ နှမြောတသမိပါတယ်။ မြန်မာနိုင်ငံမှာ ရှိတဲ့ စာပေကို တန်ဖိုးထား မြတ်နိုးကြတဲ့၊ စာပေနဲ့ ကိုယ့်ဘ၀ကို တည်ဆောက်ကိုယ် တည်ဆောက် မြှင့်တင်နေရတဲ့ ပြည်သူလူထုတရပ်လုံးနဲ့အတူ နှမြော တသရတဲ့ စိတ်ပါ။
ဒုတိယ ဖြစ်ပေါ်လာရတဲ့စိတ်က ၀မ်းနည်းကြေကွဲစိတ် ဖြစ်ပါတယ်။
ရင်းနှီးစွာ ချစ်ခင်အားကိုးရတဲ့ ဦးလေးတယောက် ကိုယ့်ဘ၀ထဲက ရုတ်တရက် ထွက်ခွါသွားလို့ ခံစား ကျန်ရစ်ခဲ့ရတဲ့ ၀မ်းနည်းစိတ်ပါ။
ကျွန်မဘ၀မှာ စာကို နှစ်သက်လေးစားစွာ ဖတ်နေခဲ့တဲ့ စာရေးဆရာတွေ အများကြီး ရှိပါတယ်။ ဒါပေမယ့် စာကို နှစ်သက်လေးစားရုံမက လူကိုပါ ကျွန်မ ချစ်ခင်လေးစားရတဲ့ စာရေးဆရာကြီးတွေတော့ အင်မတန် နည်းပါတယ်။ သိကျွမ်းခွင့် မကြုံခဲ့ရလို့ ... ဒါမှမဟုတ် သိကျွမ်းခွင်းကြုံပေမယ့် ရင်းနှီးခွင့် မကြုံခဲ့လို့.. ဒါပေမယ့် ရင်နှီးခွင့် ကြုံပေမယ့် ချစ်ခင်လေးစားတဲ့ အဖြစ်ကို မရောက်လာခဲ့လို့ အမျိုးမျိုး ဖြစ်နိုင်ပါတယ်။
ဆရာဦးမြသန်းတင့်ကတော့ ရင်းနှီးခွင့်လည်း ကြုံခြဲ့ပီး၊ ကျွန်မချစ်ခင် လေးစားခဲ့ရတဲ့ စာရေးဆရာကြီး တယောက် ဖြစ်ပါတယ်။
ဆရာ့အိမ်နဲ့ ကျွန်မအိမ်က လမ်းလျှောက်သွားလို့ ရလောက်အောင် နီးပါတယ်။
ကျွန်မအိမ်ကို လာတဲ့အခါ မီးရထားဂုံးကျော်တံတားကို ခြေလျင်လျှောက်လာတာလို့ ဆရာပြောဖူး ပါတယ်။ ကျွန်မလည်း ဆရာ့အိမ်ကို သွားရင် ကြည့်မြင်တိုင်ဘူတာ ဂုံးကျော်တံတားပေါ်က ဖြတ်ပြီး ခြေလျင်လျှောက် သွားခဲ့တာပဲ ဆရာ့စာအုပ်တွေ ထွက်တဲ့အခါ ဆရာက ကျွန်မကို စာအုပ်လက်ဆောင် ပေးလေ့ ရှိတယ်။
ကျွန်မစာအုပ်တွေ ထွက်တဲ့အခါတိုင်း ကျွန်မက ဆရာ့ကို စာအုပ်လက်ဆောင် ပေးခဲ့ပါတယ်။
ဒါ့အပြင် ပျဉ်းမနားက ကိုခင်မောင်ဇော် (ဇော်ဝင်းကို) ရန်ကုန်ကို လာတိုင်း ဆရာ့အိမ်ကို သွားဖို့ ကျွန်မကို အမြဲ ၀င်ခေါ်တတ်တာမို့ ကိုဇော်လာတိုင်း ကျွန်မတို့ ဆရာနဲ့ တွေ့နေကျလို့ ပြောနိုင်ပါတယ်။ ဆရာက ကျွန်မတို့ကို စိတ်တိုင်းကျ (မပိုလမ်း) မှာ၊ ဒါမှမဟုတ် တော်ဝင်နှင်းဆီ (ရွှေဂုံတိုင်)မှာ တခုခု ကျွေးတတ်ပါတယ်။
အဲဒီအခါမျိုးမှာ ဆရာနဲ့ ကိုဇော်နဲ့ ပြောနေကြတဲ့ ရှေးဟောင်းနှောင်းဖြစ်တွေ သတ္တိတွေလည်းပါ၊ စိတ်ဓါတ်ကျစရာတွေလည်းပါ၊ အောင်နိုင်ခဲ့တာတွေလည်းပါ၊ ကျရှုံးခဲ့တာတွေလည်း ပါတဲ့ သူတို့နှစ်ယောက် ကြုံတွေ့ခဲ့ရတဲ့ ဘ၀ခရီးကြမ်းတွေ အကြောင်း ကျွန်မ နားထောင်ခဲ့ရတယ်။ ဆရာတို့ဆီကသာ ကျွန်မလေ့လာ နိုင်တဲ့ အရင်ခေတ်က ဘ၀တက္ကသိုလ်တွေအကြောင်းဟာ ကျွန်မအတွက် တန်ဘိုးမဖြတ်နိုင်တဲ့ ပညာတွေပါ။
ဝတ္ထုစာအုပ် ရေးပြီးသွားတိုင်း၊ ဒါမှမဟုတ် ၀တ္ထုတိုတွေ စုထုတ်ဖို့ ကြိုးစားတိုင်း၊ အဲဒီစာအုပ် ပုံနှိပ် ထုတ်ဝေတဲ့ အဆင့်ရောက်ဖို့ ကျွန်မစောင့်ခဲ့ရတဲ့ ကာလတွေဟာ ၆ လ၊ ၇ လ၊ ၈ လ။ ကျွန်မအတွက် စိတ်ပင်ပန်းရ၊ ဒေါသဖြစ်ရ၊ စိတ်ဓါတ်ကျရတဲ့ ကာလတွေပါ။ အဲဒီလိုအခါမျိုးမှာ ဆရာက ကျွန်မကို အမြဲ အားပေး တတ်ပါတယ်။
"ဂျူး ဘာမှ စိတ်ဓါတ်ကျမနေနဲ့၊ ကိုယ့်အလုပ်က စာတွေ ရေးနေဖို့ပဲ၊ နောက်ထပ်စာတွေ ဆက်ရေးနေပါ၊ ဘယ်သူကမှ ဘယ်အရာကမှ ဂျူးကို တွန့်ဆုတ်နှောင့်နှေး မသွားပါစေနဲ့၊ ဒီမှာ ကျွန်တော်ပြောပြမယ်၊ ကျွန်တော် ရေးပြီးသား ပုံနှိပ်ထုတ်ဝေခွင် မကြုံတဲ့ စာအုပ်ဘယ်နှစ်အုပ်လောက် ရှိမယ်ထင်လဲ ခန့်မှန်းစမ်းပါ" တဲ့။
ကျွန်မက "၅ အုပ်၊ ၆ အုပ်လောက် ရှိလားဆရာ" လို့ မေးမိတော့ ဆရာက ပြုံးတယ်။
"အုပ် ၂၀ လောက် ရှိတယ်၊ ကျွန်တော့်ထက် ဂျူးအဖြစ်က ပိုဆိုးနိုင်အုန်းမလား" တဲ့။
အို အဲလိုဆိုတော့ ကျွန်မအဖြစ်က တကယ့် အသေးအဖွဲကလေးပါလား။ စိတ်ဓါတ်ကျနေမိတဲ့ ကိုယ့်ကိုယ်ကို ပြန်ရှက်သွားမိရပါတယ်။
(စာအုပ်တအုပ်ထွက်ဖို့ ကြန့်ကြာနေတိုင်း ဆရာ့ဆီ အဲလို အားပေးစကားမျိုး သွားနာထောင် အားတင်းခဲ့ရတဲ့ ကျွန်မဟာ စာအုပ်တအုပ် ထပ်ရေးဖို့ လက်တွန့် တွေဝေနေမိတဲ့ အခါတိုင်း ဆရာလူထုစိန်ဝင်း (၀င်းဇော်) ဆီကို သွားပြီး အားသစ်တွေ ဆရာ့ဆီက ယူရတတ်တယ်။)
ဆရာနဲ့အတူ စာပေဟောပြောပွဲတွေ သွားရတဲ့အခါ အလွန်စိတ်ဓါတ် တက်ကြွစရာ ကောင်းပါတယ်။ အသွားအပြန် ရထားအိပ်စင်တွဲမှာ စကားလက်ဆုံကြရတာ (အမှန်ကတော့ ဆရာတို့ဆီက ဗဟုသုတတွေကို ကျွန်မတို့က မေးမြန်းပြီး လေ့လာမှတ်သားရတာပါ) နယ်မြို့တွေ ရောက်တဲ့အခါ တည်းတဲ့အိမ်မှာ ည ဟောပြောပွဲ အတွက် စီစဉ်ဆွေးနွေးရင်း ဆရာတို့ စကားတွေကို နားထောင်ရတာ ကျွန်မ မသိခဲ့ရတဲ့ ဆရာတို့ခေတ်နဲ့ ဘ၀အကြောင်းတွေ မေးမြန်းစပ်စုရတာ အဲဒီကာလတွေဟာလည်း ကျွန်မအတွက် တန်ဘိုးရှိတဲ့ ကာလတွေပါပဲ။
စာပေဟောပြောပွဲ မလိုက်ချင်လို့ အမြဲတမ်း တိမ်းရှောင်တတ် ငြင်းပယ်တတ်တဲ့ ကျွန်မကို ဆရာက အမြဲတမ်း အားပေးခဲ့တာပါ။ ကျွန်မရဲ့ စာရေးသက်နဲ့ စာပေအတွေ့အကြုံဟာ ၁၀ ကျော် ၁၅ နှစ်လောက်ပဲ ရှိသေးတာမို့ စာပေဟောပြောပွဲစင်ပေါ် ဆရာတို့နဲ့အတူ တက်ဖို့ဆိုတာ စာပေအဆင့်အတန်းနဲ့ ဂါရ၀တရားကို သိနေသူ အတွက် အင်မတန် ခြောက်ခြားစရာကောင်းတဲ့ ခြေလှမ်းတွေပါ။
အဲဒီ ခြောက်ခြားမှုတွေ လျော့နည်းသွား အောင် ကျွန်မကို အမြဲတမ်းအားပေးခဲ့တာ ဆရာမြသန်းတင့်နဲ့ ဆရာတင်မိုး ဖြစ်ပါတယ်။
ဆရာတို့က ဟောပြောပွဲ သတ္တိတွေ ကျွန်မကို ပေးခဲ့ပေမယ့် ဟောပြောပွဲလိုက်တဲ့အခါ ကိုယ်နဲ့အတူ သွားရမယ့် စာရေးဆရာတွေ ဘယ်သူလဲဆိုတာ သိပြီးမှ လက်ခံဖို့တော့ သတိပေးခဲ့ဖူးတယ်။
"လူတိုင်း စိတ်သဘောချင်း မတိုက်ဆိုင်တတ်သလို၊ စာရေးဆရာတိုင်းလည်း စာပေဆိုင်ရာ၊ ဘ၀ဆိုင်ရာ၊ လူမှုရေးဆိုင်ရာ ခံယူချက်ချင်း မတူတတ်တာမို့ မတူတဲ့ လူနှစ်ယောက် ဒါမှမဟုတ် သုံးယောက် အတူသွားရ၊ စင်ပေါ်တက်ရတဲ့အခါ ကသိကအောင့် ဖြစ်ရတာလေးတွေ ရှိတယ်"
ဆရာမြသန်းတင့်နဲ့ ဆရာတင်မိုးက ကျွန်မကို အဲဒီလို ရှင်းပြတတ်ပါတယ်။
ကျွန်မဆိုတဲ့ ကျွန်မကလည်း အင်မတန် တုံးတဲ့သတ္တ၀ါဆိုတော့ အရိပ်ပြရုံနဲ့ အကောင်မထင်တတ်၊ အကောင် လိုက်ပြမှ မြင်မှာဆိုတော့ ဆရာ့ကို မေးမိတယ်။
'ဒါဖြင့် ကျွန်မ ဘယ်သူတွေနဲ့ မသွားသင့်ဘူးလဲ ဟင်"
ဘယ်လောက်များ မသိသားဆိုးဝါးတဲ့ မေးခွန်းလဲ။ ဆရာတို့ မဖြေမယ့် မေးခွန်းမျိးကို ကျွန်မ မေးခဲ့မိတယ်။ ဆရာတို့က ကျွန်မကို တိုက်ရိုက် ဘယ်ဖြေမလဲ။ တရားရုံးမှာ အဖြေမတတ်တဲ့ သက်သေကို ရှေ့နေက မသိမသာ လမ်းကြောင်းပြ ခေါ်သလိုမျိုး ဆရာတို့က သွယ်ဝိုက်ပြီး ကျွန်မကို ပြောပြခဲ့တယ်။
ဟောပြောပွဲတွေမှာ ဘယ်စာရေးဆရာကတော့ ဘာခေါင်းစဉ်နဲ့ ဘယ်လို အကြောင်းအရာမျိုးကို ပြောတတ်တယ်။ ဘယ်သူကတော့ ဘယ်လိုအကျင့်မျိုး ရှိတတ်လို့ စာရေးဆရာတွေနဲ့ အဖြစ်အပျက်တွေကို ဗဟုသုတအဖြစ် ပြောပြခဲ့တာပါ။
"ဂျူး အတွေ့အကြုံရလာတဲ့အခါ အလိုလို သိလာမှာပါ" လို့ ဆရာတို့က မှတ်ချက်ချခဲ့တယ်။ ဟုတ်ပါတယ်။ အခုတော့လည်း ဒီအကြောင်းတွေ ကျွန်မ သိသွားခဲ့ပါပြီ။
တခါတုန်းက မှတ်မှတ်ရရ စိတ်တိုင်ကျ လက်ဘက်ရည်ဆိုင်မှာ ဆရာက "ကလျာထဲက ကျောက်တိုင်နှစ်ခု ၀တ္ထု ကျွန်တော်ဖတ်ပြီးသွားပြီ၊ ကြိုက်တယ်" လို့ ပြောခဲ့တယ်။ ပြီးတော့မှ "ဂျူး ချင်းတောင်ကို ရောက်ဖူးသလား" တဲ့။ "မရောက်ဖူးပါဘူး ဆရာ" လို့ ကျွန်မက ဖြေလိုက်ပါတယ်။ "ဂျူးရေးထားတာ ပီပြင်သားပဲ၊ ကိုယ်တိုင် ရောက်ဖူးပြီး ရေးထားသလိုပဲ" တဲ့။
ဒါနဲ့ပဲ ကျွန်မ သူငယ်ချင်းတယောက် ဓါတ်ပုံ စနစ်တကျ ရိုက်ယူလာပြီး ကျွန်မကို ဓာတ်ပုံတွေပြ၊ ချင်းတောင်ရဲ့ မြေအနေအထား၊ ရာသီဥတု၊ ပတ်ဝန်းကျင်နဲ့ လူမှုရေးစရိုက် အသွင်အပြင်တွေကို စိတ်ရှည်လက်ရှည် ရှင်းပြခဲ့တဲ့အကြောင်း ဆရာ့ကို ၀န်ခံလိုက်ပါတယ်။ နောက်ပြီးတော့ "လိုက်ခဲ့တော့ မြနန္ဒာကို ဆရာရေးခဲ့ သလိုပေါ့နော် ဆရာ" လို့ မနှိုင်းအပ် နှိုင်းအပ်နဲ့ နှိုင်းယှဉ်ပြီး ဟာသစွက်လိုက်တော့ ဆရာ ရယ်ပါတယ်။
နေ့စဉ်မှန်မှန် စာရေးတဲ့ ဆရာက စာရေးပျင်းတတ်တဲ့ ကျွန်မကို တွေ့တိုင်း မေးလေ့ရှိတဲ့ မေးခွန်းလေး တခုကတော့ "ဂျူး အခု ဘာတွေ ရေးနေသလဲ" တဲ့။
ဆရာ့ရဲ့ အဲဒီမေးခွန်းဟာ ပထမတော့ မေးခွန်းသက်သက်ပဲ ဖြစ်ခဲ့တယ်။
"အင်း... အဲ ကျွန်မက လုံးချင်းရေးတာ အရှိန်ရနေရင် ၀တ္ထုတို မရေးနိုင်တာ များတယ် ဆရာ"
"ဒီလတော့ ကလျာမဂ္ဂဇင်းအတွက်တောင် မရေးဖြစ်ဘူး ဆရာ"
"ဒီတပတ်တော့ မဟေသီအတွက် မရေးဖြစ်ဘူး ဆရာ"
အဲဒီလို ဆရာ့အမေးကို အိုးနင်းခွက်နင်း မရေမရာ ဖြေရတဲ့ အကြိမ်တွေ များများလာတော့ "ဂျူး အခု ဘာရေးနေလဲ" ဆိုတဲ့ ဆရာ့မေးခွန်းဟာ ကျွန်မအတွက် တွန်းအားတခု ဖြစ်လာခဲ့ပါတယ်။
"စာရေးဆရာဆိုတာ စာအမြဲရေးနေရမယ်"
ဆရာ့ဆီက ရလာတဲ့ ခံယူချက်တခုပါ။
ဆရာကတော့ နေ့စဉ်အလုပ်ချိန်ဇယားနဲ့ စာရေးတဲ့သူ။ ဘယ်နေ့မှာ ဘယ်မဂ္ဂဇင်းအတွက် စာမူပေးရန် ဆိုတဲ့ တိကျတဲ့ အလုပ်ဇယားနဲ့ အလုပ်လုပ်တဲ့သူ။ ဥပမာ White Board ပေါ်မှာ ၂၂-၁၀-၉၆ ကလျာ မဂ္ဂဇင်းလို့ ရေးထားရင် အဲဒီနေ့ ကလျာမဂ္ဂဇင်းက စာမူလာယူတဲ့အခါ တိတိကျကျ ပေးတတ်ပါတယ်။
ကျွန်မများဖြင့် ဆရာ့ထက် အသက် မနည်းမနော ငယ်ပေမယ့် ဆရာ့စိတ်ဓာတ် ဇွဲနဲ့ ခွန်အားကို တ၀က် ကလေးတောင် မမီပါဘူး။ ချိန်းတဲ့နေ့မှာ စာမူမပေးနိုင်တာများလို့ ဘယ်နေ့လာယူပါလို့ တောင် မချိန်းရဲတော့တဲ့ အဖြစ်တွေ ကြုံခဲ့ရတယ်။ ဆရာ့တိကျမှုကို သိလာရပြီးတော့ ရက်ချိန်းမမှန်တဲ့ ကိုယ့်ကိုယ်ကို အားမလို အားမရ ဖြစ်မိရာက အခုတော့ ဆရာ့ဆီက အတုခိုးနေပြီ။ အခုတော့ ရက်ချိန်မှန်စ ပြုနေပြီလို့ ဆိုနိုင်ပါတယ်။
ကျွန်မရေးတဲ့ စာတွေကို ဆရာက ဖတ်ပြီး အားပေးစရာရှိရင် အားပေး (၀တ္ထုတိုတွေ)၊ ထောက်ပြစရာ ရှိရင်လည်း ဂျူး ဒီဟာကတော့ နည်းနည်းလွဲသွားပြီ၊ အမှန်က ဒီလို မဟုတ်ဘူးလို့ ထောက်ပြ (ဆောင်းပါးတွေ)၊ ၀တ္ထုတိုတွေ ရေးနေကျ ကျွန်မကို ဘယ်ဝတ္ထုတိုကဖြင့် သိတ်ကောင်းတာပဲ၊ ဂျူး ဖတ်ကြည့်သင့်တယ်။ ဘယ်မှာ ရှာရမယ် စသဖြင့် ညွှန်ပြကူညီ။ အဲဒီလိုနဲ့ ဆရာဟာ ကျွန်မအတွက် "ဆရာ" တယောက် ဖြစ်ခဲ့ပါတယ်။
ဆေးရုံမှာ ဆရာ သတိ လစ်မေ့မျောနေတဲ့အချိန်၊ သေမင်းနဲ့ ရင်ဆိုင်ရုန်းကန် နေရတဲ့အချိန်မှာ ဆရာ့ဘေးနားကို ကျွန်မ ရောက်မလာခဲ့နိုင်ဘူး။ ဆရာ ကွယ်လွန်သွားတဲ့အချိန်မှာ ဆရာ့ကို အပြီးအပိုင် နှုတ်ဆက်ဖို့၊ ဆရာ့ နောက်ဆုံးခရီးကို လိုက်ပို့ဖို့ အနီးအနားမှာ ကျွန်မ မရှိခဲ့ဘူး။ အဲဒီအဖြစ်က ကျွန်မကို ပိုပြီး ၀မ်းနည်း ထိခိုက်စေခဲ့ပါတယ်။
တတိယ ပေါ်လာတဲ့စိတ်က နောင်တပါ။
လူ့ဘ၀မှာ နောက်ပြန်ဆုတ်လို့ မရတော့တဲ့ ခြေလှမ်းတွေ၊ ဘ၀ထဲက ပြန်နှုတ်ယူလို့ မရတော့တဲ့ အမှားတွေ၊ ပြန်ပြင်လို့ မရတော့တဲ့ ဆုံးဖြတ်ချက် အမှားကြောင့် ရလာတဲ့ ဆုံးရှုံးမှုတွေ စသဖြင့် နောင်တ အမျိုးမျိုး ရှိနေတတ်ကြတာ။ တချို့ နောင်တစိတ်ဟာ ကာယကံရှင်ရဲ့ အသက်ကိုတောင် သေစေနိုင်လောက် အောင် ပြင်းထန် ဖိစီးတတ်တာ ကျွန်မသိပါတယ်။
ဆရာနဲ့ ပတ်သက်ပြီး ကျွန်မမှာ ဖြစ်ပေါ်လာတဲ့ နောင်တစိတ်ကတော့ မလုံမလဲ စိတ်ဆင်းရဲရတဲ့ အမျိုးအစားပါ။ အားလုံးဟာ စာအုပ်တွေနဲ့ ပတ်သက်နေခဲ့ရပါတယ်။
ပထမဆုံး နောင်တက ဆရာပိုင်ဆိုင်တဲ့ စာအုပ်တအုပ်ကို ဆရာတောင် မသိခဲ့ဘဲ ကျွန်မ စာအုပ်စင်မှာ သိမ်းထားခဲ့မိတဲ့ အဖြစ်။
လွန်ခဲ့တဲ့ ၇ နှစ် ၈ နှစ်လောက်တုန်းက 'မြသန်းတင့်' လို့ လက်မှတ်မှိန်မှိန်လေး ရေးထိုးထားတဲ့ Modern Short Stories ဆိုတဲ့ စာအုပ်ကို ဆရာမောင်လင်းကြည် (ဆရာဦးမြ၀င်း) ဆီကနေ ကျွန်မ ငှားဖတ်ခဲ့ပါတယ်။
"အဲဒါ ဆရာမြဆီက ကျွန်တော် ငှားထားတာ" လို့ ဆရာဦးမြ၀င်းက ပြောတော့ ကျွန်မမှာ အင်မတန် ရှားပါးတဲ့ အဖိုးတန် ရတနာတခု ကိုယ့်လက်ထဲ ရောက်လာသလိုပဲ၊ စာအုပ်ရဲ့ တန်ဖိုးဟာ ပိုပြီး ကြီးကျယ် သွားခဲ့တာပေါ့။
အဲဒီစာအုပ်ကို ကျွန်မ ဖတ်ပြီးသွားပေမယ့် ဆရာဦးမြ၀င်းကို ပြန်မပေးဖြစ်ပဲ ဒီအတိုင်း သိမ်းထားခဲ့ တော့တယ်။ စဉ်းစားကြည့်စမ်းပါ။ ကျွန်မလို စာရေးဆရာ ပေါက်စနကလေးအတွက် အဲဒီ "မြသန်းတင့်" ဆိုတဲ့ လက်မှတ်ပါတဲ့ စာအုပ်က စာအုပ်စင်မှာ သိမ်းထားဖို့ ဘယ်လောက်ဂုဏ်ယူ ကျေနပ်စရာ ကောင်းလိုက်မလဲ။
အဲဒီတုန်းက ကျွန်မဟာ ဆရာမြသန်းတင့်နဲ့ ခင်မင်ရင်းနှီးခွင့် ရလိမ့်မယ်လို့ ဘယ်လိုတွေးမိနိုင်ပါ့မလဲ။
ဆရာ့စာအုပ်တွေ ထွက်တိုင်း "ဂျူးသို့ မြသန်းတင့်" ဆိုတဲ့ ဆရာ့လက်မှတ်နဲ့ စာအုပ်လက်ဆောင်တွေ ရလာလိမ့်မယ်လို့ ဘယ်လိုလုပ်ပြီး စိတ်ကူးယဉ်ရဲမလဲ။
ရန်ကုန်ကို ပြောင်းလာပြီးတော့ ဆရာနဲ့ ခင်မင်ရင်နှီးလာတဲ့အခါ အဲဒီစာအုပ်အကြောင်း ကျွန်မ ဆရာ့ကို ဖွင့်ပြောတော့ ဆရာတောင် မေ့ချင်ချင် ဖြစ်နေပါပြီ။ "ဟုတ်လား ကိုမြ၀င်းကို ကျွန်တော်ငှားလိုက်မိတာ ကျွန်တော် သတိတောင်မရဘူးဗျ" လို့ ပြောပါတယ်။ "ဒါဖြင့် ပြန်ပေးပါ" လို့ ဆရာက ဘယ်တောင်းလိမ့်မလဲ။
တကယ်ဆို ကျွန်မက အလိုက်သိသိနဲ့ ပြန်ပေးရမှာ။ ဒါပေမယ့် ဆရာမတောင်းခဲ့တာကို အခွင့်ကောင်းယူပြီး နှစ်တွေ ကြာလာတဲ့ တိုင်အောင်ပြန်မပေးဘဲ ထားခဲ့မိတယ်။ အဲဒီစာအုပ် ပြန်မပေးခဲ့မိတဲ့ အတွက်ပဲ ဆရာ ကွယ်လွန် ကြောင်း ကြားရတဲ့အခါ နောင်တနဲ့ စိတ်ဆင်းရဲခဲ့ရပါတယ်။
နောက်ထပ် နောင်တတခုက ဆရာ့စာအုပ်တွေ နောက်ထပ်ငှားပြီး ဆရာ့ကို ပြန်မပေးမိခဲ့တဲ့ အဖြစ်တွေ။
တရက်မှာ ယန်းပေါလ်ဆာ့တ် နဲ့ ဆီမွန်ဒီဘောဗွားအကြောင်း ပြောကြရင်းနဲ့ ဆရာက ကျွန်မဖတ်ချင် တာတွေ ရွေးယူသွားဖို့ အိမ်ပေါ်ထပ်စာအုပ်စင်ရှိရာ ခေါ်သွားပါတယ်။ ကျွန်မဆီမှာ မရှိတဲ့ ဆီမွန်းဒီဗောဘွားရဲ့ တခြားစာအုပ်နှစ်အုပ်တွေ့တယ်။ ဆရာ ကျွန်မအဲဒီစာအုပ်တွေ ကျွန်မ ဖတ်ချင်တယ်ပြောတော့ ယူသွားတဲ့။
ကိုယ်တိုင် စင်ထဲကနေ ဆွဲထုတ်ပေးပါတယ်။ Blood of others နဲ့ She came to stay စာအုပ်တွေပါ။ အဲဒီ စာအုပ်တွေကို ကျွန်မ အားတဲ့အချိန်တွေမှာ ဖတ်ခဲ့တာ ၃ - ၄ လကြာမှ ပြီးသွားတယ်။ ဒါပေမယ့် ဆရာ့ဆီကို ကျွန်မ အခေါက်ခေါက် အခါခါ သွား၊ ဆရာကလည်း ကျွန်ဆီ မကြာခဏ ရောက်ပေမယ့် ဒီစာ အုပ်နှစ်အုပ် ကို ပြန်မပေးခဲ့မိဘူး။ ကျွန်မရဲ့ တခြား ဆီမွန်ဒီဘောဗွားတွေနဲ့ အတူ ရောပြီး စင်မှာ ထားခဲ့မိတယ်။
စာအုပ်စင် ရှင်းတဲ့အခါမျိုးမှာ စာအုပ်နှစ်အုပ်ကို မြင်တွေ သတိရမိတော့ ဒီတခေါက် ဆရာ့ဆီသွားရင်တော့ ဒီစာအုပ်တွေ ယူသွားမှပဲလို့ စိတ်ထဲမှာ တွေးမိပေမယ့် တကယ်သွားတဲ့အခါ မေ့နေပြန်တယ်။
ဒီလိုနဲ့ စာအုပ်တွေ ပြန်မပေးမိတဲ့ ကျွန်မဟာ အခုတော့ ခံစားရမယ့် နောင်တတွေ တိုးခဲ့ရပါတယ်။
နောက်ထပ် နောင်တ တခု ရှိပါသေးတယ်။
အဲဒါကတော့ ကျွန်မက ပေးဖို့ ကတိပေးပြီးမှ ပျက်ကွက်ခဲ့တဲ့ တာဝန်မကျေမှုအတွက် ခံစားရတဲ့ နောင်တစိတ်ပါ။
ဆရာက မော်ဒန်လို့ လောလောဆယ် သတ်မှတ်နေကြတဲ့ စာအမျိုးအစားတွေကို သိပ်စွဲလန်း နှစ်သက် မိပုံမရဘူး။ "ကျွန်တော် အဲဒါတွေ ခံစားလို့ သိပ်မရဘူးဗျ" အဲဒီလို ရိုးရိုးရှင်းရှင်း ပြောတတ်ပါတယ်။ "မော်ဒန်ဆိုလို့ ကျွန်တော် ဖတ်ကြည့်မိသလောက် တချိုကတော့ Mystery နဲ့ ရောမွှေထားတဲ့ ပုံပြင်တွေလိုပဲဗျာ" တဲ့။
"ဂျူးရော ဒီဝတ္ထုတွေအပေါ် ဘယ်လိုမြင်လဲ" လို့ ကျွန်မကို မေးပါသေးတယ်။
ကျွန်မက ကျွန်မဖတ်ဖူး နှစ်သက်ဖူးတဲ့ ဂျာမန်ခေတ်သစ် ၀တ္ထုတိုတွေ၊ ပြင်သစ်ခေတ်သစ် ၀တ္ထုတိုတွေကို ရွတ်ပြမိပြီး ကျွန်မနားမလည်တဲ့ စာတွေအကြောင်းလည်း ဆရာ့ကို ပြောပြခဲ့တယ်။ ဆရာကလည်း ဆရာဘာသာပြန်တဲ့ ဂျာမန် ခေတ်ဝတ္ထုတိုတွေနဲ့ ဂါဆီယာမားကွက်စ်ရဲ့ ၀တ္ထုတွေအကြောင်း ကျွန်မကို ရှင်းပြ ပြောပြခဲ့တယ်။
နောက်တော့ သစ္စာနီရဲ့ ၀တ္ထုတိုတွေအကြောင်း ဆရာ့ကို ကျွန်မ စကားစကြည့်ပါတယ်။ "ဆရာရယ် မော်ဒန်လို့ သတ်မှတ်ပေမယ့် ကျွန်မ နားလည်ပြီး သိပ်ကြိုက်မိ ခံစားမိတဲ့ ၀တ္ထုတွေလည်း ရှိပါတယ်။ ဥပမာ- သစ္စာနီ ဆရာကြိုက်လား" လို့ မေးကြည့်မိတယ်။ ဆရာက သစ္စာနီရဲ့ ၀တ္ထုတွေကို ကောင်းကောင်းမှတ်မိပုံ မရဘူး။
"ဆရာ အဲဒီဝတ္ထုတွေက ဆရာပြောတဲ့ လျှို့ ၀ှက်ဆန်းကျယ်မှုနဲ့ ရောထားတဲ့ ပုံပြင်တွေ မဟုတ်ပါဘူး၊ ကျွန်မတို့ ရင်ထဲကို တကယ်ထိတဲ့ တကယ့် ဘ၀တွေအကြောင်း ရေးထားတဲ့ စာတွေပါ" လို့ သစ္စာနီရဲ့ "တိမ်နှင့်လူ" "လှေကားနှင့်လူ" "စာအုပ်နှင့်လူ" ၀တ္ထုတွေကို ကျွန်မ ပြောပြမိတယ်။
"ဆရာ့ကို သစ္စာနီရဲ့ ၀တ္ထုတိုပေါင်းချုပ် စာအုပ်လက်ဆောင်ပေးပါရစေ။ ဆရာအားတဲ့အခါ ဖတ်ကြည့်ပါ" လို့ပြောတော့ "အေးဗျ ကောင်းသားပဲ" တဲ့။
ကျွန်မက ပါးစပ်က ကတိဟာ အကောင်အထည် ပေါ်မလာခဲ့ပါ။ အခု ဆရာ ကွယ်လွန်သွားခဲ့ပြီမို့ ကျွန်မ ဆရာ့ကို ပေးရမယ့် အကြွေးတခု တင်သွားခဲ့ပြီ။
ကျွန်မ အိမ်မှာရှိတဲ့ "အခြားသော အရာအရာများနှင့် လူ" စာအုပ်ကို ဆရာ့ကို ပေးဖတ်ဖို့ အကြိမ်ကြိမ် စဉ်းစားဖူးတယ်။ ဒါပေမယ့် ကျွန်မက ဆရာ့ကို စာအုပ်ငှားချင်တာ မဟုတ်ဘူး။
စာအုပ်လက်ဆောင် ပေးချင်တာပါ။ ကျွန်မဆီမှာ ရှိတဲ့ စာအုပ်က အဲဒီစာအုပ် ထုတ်ဝေသူ ကိုကျော်သန်းက လက်ဆောင်ပေးထားတာ ဖြစ်တဲ့အပြင် ဟိုလူငှား၊ ဒီလူငှားနဲ့ စာအုပ်က နွမ်းနေပြီ။ ဒီတော့ ကျွန်မက ဆရာ့ကို ခပ်သစ်သစ်စာအုပ်တခု တွေ့မှ ၀ယ်ပြီး လက်ဆောင်ပေးသင့်တယ်လို့ စဉ်းစားမိပြီး ကြာသွားရတာပါ။
ကျွန်မ ကံဆိုးချင်တော့ စာအုပ်ကလည်း ရှားနေပြန်တယ်။ စာအုပ်တန်းသွားတိုင်း မတွေ့ရဘူး။ တကယ်လို့များ စာအုပ်တန်းမှာ လမ်းလျှောက်ရင်း အခုမှ သစ္စာနီရဲ့ စာအုပ်ကို တွေ့မြင်မိမယ်ဆိုရင် ကျွန်မရဲ့ နောင်တတွေ အသစ်ပြန်ဖြစ်ပြီး သောကရောက်ရဦးမှာ ထင်ပါရဲ့။
နောက်ထပ် နောင်တတခု ရဖို့တော့ ကံအားလျော်စွာ သီသီကလေး လွဲသွားခဲ့တယ်လို့ ဆိုနိုင်ပါတယ်။
ဆရာ့ တိုက်တွန်းချက်တခုကို တနှစ်နီးပါး ငြင်းပယ်တိမ်းရှောင် လာခဲ့ရာက နောက်ဆုံး နာခံလိုက်တဲ့ အတွက် ဒါဟာ တာဝန်ကျေမှုတခုလို့ ကျွန်မဖြေသိမ့်နိုင်ခဲ့တဲ့ ဆရာနဲ့ ပတ်သက်သော အမှတ်တရ အဖြစ်လေးပါ။
လှည်းတန်းက ဆရာဦးဝင်းနိုင်ရဲ့ အင်္ဂလိပ်စာကျူရှင်က လစဉ် လကုန်ရက်ရဲ့ တနင်္ဂနွေညနေတိုင်း ကျောင်းသားတွေအတွက် စာပေဟောပြောပွဲ အသေးစားလေးတခု ကျင်းပပေးလေ့ရှိပါတယ်။
အဲဒီ ဟောပြောပွဲလေးတွေရဲ့ ချစ်စရာကောင်းတဲ့ အစဉ်အလာတခုက ဒီလပြောမယ့် စာရေးဆရာကို အရင်လက ဟောပြောခဲ့တဲ့ စာရေးဆရာက စိတ်ကြိုက်ရွေးချယ်ပေးပြီး ကိုယ်တိုင် တာဝန်ယူပြီး ပရိသတ်နဲ့ မိတ်ဆက် ပေးလေ့ရှိတဲ့ ထုံးစံလေးပါ။
ဆရာမြသန်းတင့် ဟောပြောပြီးသွားတဲ့အခါ နောက်လမှာ ဟောမယ့် စာရေးဆရာအဖြစ် ဆရာက ကျွန်မနာမည်ကို ပြောပြအကြံပေး ရွေးချယ်စေခဲ့ပါတယ်။ ကျွန်မကို ဆရာဦးဝင်းနိုင်တို့ ဟောပြောပွဲ ဖိတ်လာတဲ့အခါ ဆရာမြသန်းတင့်ကိုယ်တိုင် လိုက်လာပြီး ကျွန်မကို တိုက်တွန်းခဲ့တာပါ။ အဲဒါကို ကျွန်မက အကြောက်အကန် ငြင်းခဲ့မိတယ်။
ဟိုကိစ္စ အကြောင်းပြ၊ ဟိုအခြေအနေ ဒီအခြေအနေတွေ အကြောင်းပြနဲ့ ဆရာကလည်း စိတ်ရှည်ရှည်နဲ့ တိုက်တွန်း။ ဆရာဦးဝင်းနိုင်ကလည်း စိတ်ရှည်ရှည် ဇွဲကောင်းကောင်းနဲ့ စောင့်။ နောက်ဆုံးမှာ ကျွန်မ သဘောတူလိုက်ရတယ်။ ဒါပေမယ့် ကျွန်မပြောပါမယ်လို့ ကတိပေးတဲ့လမှာ တကယ် မပြောဖြစ်လိုက်ပါဘူး။ ၂ ရက်အလိုမှာ အကြောင်းကြောင်းကြောင့် ကျွန်မ ကပ်ပြီး ဖျက်လိုက်ရတယ်။
ကျောင်းသားတွေလည်း စိတ်နည်းနည်း တိုလာပုံရတယ်။ ကျွန်မကိုမှ မရရင် မရမချင်း နောက်ထပ် ဟောပြောပွဲမလုပ်ပဲ နားထားမယ်တဲ့။ စင်ပေါ်ပြန်တက်ဖို့ ကျွန်မ အဆင်သင့်ဖြစ်တဲ့အခါ ကျွန်မရဲ့ ဟောပြောပွဲနဲ့ပဲ ပြန်ဖွင့်မယ်ဆိုပြီး ဒီကြားထဲမှာ ကျူရှင်မှာ ဟောပြောပွဲ မလုပ်ဘဲ ပေကပ်နေခဲ့တယ်။
ဆရာမြကလည်း ကျွန်မကို တွန်းအားပေး။ ကျွန်မကိုယ် ကျွန်မလည်း တွန်းအားပေးနဲ့ နောက်ဆုံးကျမှ ကျွန်မဟောပြောနေကျ ခေါင်းစဉ်တွေ မဟုတ်တဲ့ နောက်ထပ်ခေါင်းစဉ်အသစ်၊ အကြောင်းအရာ အသစ်နဲ့ ပြောပါတော့မယ်လို့ ဒုတိယ အကြိမ်မြောက် ကတိပေးလိုက်ရပြန်တယ်။
ပထမအချိန် ကတိပေးတဲ့ အချိန်နဲ့ ဒုတိယ ကတိပေးတဲ့ အချိန်နှစ်ခုကြားက ကာလဟာ တနှစ်နီးပါး (၁၁) လတိတိ ကြာခဲ့တယ်။ ဆရာမြ စိတ်တို စိတ်ကုန် သင့်လောက်အောင် ကြာခဲ့တဲ့ ကာလပါ။
အဲဒီနေ့က တကယ်ပဲ ဟောပြောဖြစ်သွားခဲ့ပါတယ်။
ကျွန်မကသာ ပထမအကြိမ် ဟောပြောပွဲကို နှစ်ရက်နဲ့ ကပ်ဖျက်ခဲ့မိပေမယ့် ဆရာမြသန်းတင့်ကတော့ ကတိဖျက်လို့ရတဲ့ အချိန်မျိုးမှာတောင် မဖျက်ဘဲ ကျွန်မကို မိတ်ဆက်ပေးဖို့ တာဝန်ဆက်ယူခဲ့တယ်။ တကယ်တော့ အဲဒီရက်က ဆရာ့မှာ ခြေထောက်ထိခိုက်သွားလို့ ကျောက်ပတ်တီး စီးထားပြီး အနားယူနေရတဲ့ ကာလပါ။ ဒီခြေထောက်ကို အသုံးပြုပြီး လမ်းမလျှောက်သင့်သေးတဲ့ ကာလပါ။
ဒါပေမယ့် ပတ်တီးစီးလျက်သား ခြေထောက်နဲ့ပဲ ကျွန်မကို ကျောင်းသားပရိသတ်နဲ့ မိတ်ဆက်ပေးဖို့ စင်ပေါ်ကို ဆရာတက်ခဲ့တယ်။ အဲဒီနေ့ဟာ ကျွန်မဘ၀မှာ မမေ့နိုင်တော့မယ့် နေ့တခု ဖြစ်လာခဲ့ပါတယ်။
ကျွန်မရဲ့ ငယ်စဉ်ဘ၀နဲ့ ကျောင်းသူဘ၀တွေ ကာလတွေဟာ ငွေကြေးချို့တဲ့မှုကြောင့် ပတ်ဝန်းကျင်ကို မတ်မတ်ရပ် ရင်ဆိုင်နိုင်ဖို့ ခွန်အားတွေ လိုခဲ့တယ်။ ကျွန်မကို ခွန်အားသတ္တိ မျှဝေပေးခဲ့တဲ့ စာအုပ်တွေထဲမှာ ဆရာမြသန်းတင့် ဘာသာပြန်တဲ့ ဂေါ်ကီရဲ့ ဘ၀တက္ကသိုလ် သုံးအုပ်တွဲ စာအုပ်ဟာ အရေးကြီးဆုံး အခန်းကဏ္ဍက ပါဝင်ခဲ့တယ်ဆိုတာ ဆရာ့ကို ခဏခဏ ပြောခဲ့မိပေမယ့် အဲဒီနေ့က စာပေဟောပြောပွဲမှာ ကျွန်မ မှတ်မှတ်ရရ ကျေးဇူးတင်စွာ ထည့်ပြောပြီး ဆရာ့ကို ဂါရ၀ပြုခဲ့ပါတယ်။
မြန်မာနိုင်ငံ ပြည်သူတွေ အတွက်ရော၊ မြန်မာနိုင်ငံ စာပေလောက အတွက်ရော ဆရာဟာ တာဝန်ကျေ တာထက် အဆပေါင်းများစွာ ပိုပြီး ကျေးဇူးပြုခဲ့သူ တဦးပါလို့ ကျွန်မလို အသက်အရွယ်၊ ကျွန်မလို အဆင့်အတန်းမျိုးနဲ့ ပြောမှ ပြောအပ်ပါရဲ့လား ကျွန်မ မသိပါ။
ဆရာ ကွယ်လွန်သွားလို့ မြန်မာနိုင်ငံမှာ လစ်ဟာသွားတဲ့ ဆုံးရှုးံမှုကွက်လပ်ကြီးကို စာဖတ်သူတယောက် အနေနဲ့ ရင်ဆိုင်ဖြတ်သန်းရတဲ့အခါ ကျွန်မတို့ဟာ မဆုံးနိုင်လောက်အောင် နှမြောတမ်းတမိကြ ရပါလိမ့်မယ်။
တခုတော့ ဖြေမယ်ဆို ရင် ဖြေသာစရာ ရှိပါတယ်။
လူ့ဘ၀မှာ သေခြင်းတရား (Mortality) နဲ့အတူ မသေခြင်းတရား (In-mortality) အမျိုးအစားတခုအဖြစ် ရှိနေတယ်။ လူတော်တော်များများပဲ သေခြင်းတရားကို ရင်ဆိုင်နိုင်ဖို့အတွက် မသေခြင်းတရားကို အရင်ဆုပ်ကိုင် ပိုင်ဆိုင်မိအောင် အသည်းအသန် ကြိုးစားကြရတယ်။
တချို့မှာတော့ အားလုံးက မေ့လျော့ စွန်ပယ်ထားခံရမှုကြောင့် လူ ကိုယ်ခန္ဓာကြီး တကယ်မသေဆုံးခင် မှာပဲ သေနေခဲ့ပြီ။ အဲဒီလိုပဲ လူကိုယ်ခန္ဓာ သေပြီးတဲ့နောက် နှစ်ရာပေါင်းများစွာ အသက်ရှင်ကျန်ရစ်နေတဲ့ လူအမျိုးအစားတွေလည်း သမိုင်းမှာ အများကြီး ရှိနေပါတယ်။ သူတို့ဟာ မသေခြင်းတရား (In-mortality) ကို ရရှိသွားသူတွေလို့ ကျွန်မတို့ အားကျရတယ်။
မြသန်းတင့် ဆိုတဲ့ နာမည်ဟာ မသေခြင်းတရား (Inmortality) ပဲ ဖြစ်ပါတယ်။
ဂျူး
{ကလျာမဂ္ဂဇင်း၊ အမှတ် ၁၅၉၊ ၁၉၉၈ မေလမှ ကူးယူဖော်ပြပါတယ်}
Typing Credit to Mayaonlinemagazine.blogspot.com
ဒေါ်အောင်ဆန်းစုကြည် ပုံနဲ့ သတင်းစာပါ ကြော်ငြာ ၂ ခု

နိုင်ငံပိုင် ကြေးမှုံသတင်းစာတွင် ဖော်ပြပါရှိလာတဲ့ ဒေါ်အောင်ဆန်းစုကြည်ပုံနဲ့ လွတ်လပ်ခြင်း အနုပညာပွဲတော် ပြိုင်ပွဲ ၀င်ခေါ်ဆိုမှုကြော်ငြာ ၂ ခုပါ။ ပထမ တခုကတော့ ပြိုင်ပွဲဝင် ဗိုလ်ချုပ်အောင်ဆန်း သီချင်းပေး ဖို့ကြရန်ဖြစ်ပြီး နောက်တခုကတော့ ပြိုင်ပွဲဝင် ရုပ်ရှင်ကားများ ပေးပို့ကြရန် နှိုးဆော်ထားခြင်းပါ။

လွတ်လပ်ခြင်း အနုပညာပြိုင်ပွဲအတွက် ပြိုင်ပွဲဝင်များအနေနဲ့ သတ်မှတ်ထားတဲ့ အတိုင်း ပေးပို့နိုင်ပါပြီတဲ့။
FREEDOM ဆိုတဲ့ စကားလုံးကို ထင်ထင်ရှားရှားနဲ့ ဒေါ်အောင်ဆန်းစုကြည် ပုံကို အခုလို သတင်းစာတွေမှာ တဖြည်းဖြည်းချင်း မြင်တွေ့လာရတာ ဟာ ထောက်ခံသူများအတွက် ၀မ်းသာစရာဖြစ်ပါတယ်။
ရွေးချယ်စရာ မရှိတဲ့ သက်မွန်မြင့်
-
သရုပ်ဆောင် မင်းသမီး တစ်ယောက်ဖြစ်ဖို့ အချိန်တွေ များစွာကို ရင်းပြီး ကျော်ဖြတ် ကြိုးစား ကြရတဲ့ သူတွေ အများကြီး ရှိမှာပါ။

အစွန်းရောက် လောင်းကစားသမား
~
ခင်အောင်အေး
မျဉ်းဖြောင့်တစ်ကြောင်းဆွဲကြည့်တော့လဲ ကွေးကောက်
ဝ လုံးကလေး တစ်လုံး ဝိုင်းကြည့်တော့လဲ ရွဲ့ယိုင်
ကိုယ့်ဘဝကိုကိုယ် ငုံ့ကြည့်တော့လဲ အဆီမတွေ့ အသားမတွေ့။
ဆံပင် မညှပ်တော့ဘူး ဆိုပြီး ခဏခဏ ညှပ်ရတာပဲ
နှုတ်ခမ်းမွေး မရိတ်သင်တော့ဘူးဆိုပြီး ခဏခဏ ရိတ်ပစ်ရတဲ့ အကြောင်းဆိုက်တာပဲ
သူ့အလိုလို ပေါက်တဲ့ အမွှေးအမျှင်တွေ အပေါ်မှာတောင် မစိုးပိုင်မှတော့
ဘာကို စိုးတယ် ပိုင်တယ် ထင်ရအုန်းမှာတဲ့တုန်း။
ဘဝင်မြင့်ကြည့်ချင်တယ်
(ထိုင်နေကျ ပလပ်စတစ် ခွေးခြေ ဖင်ထိုင်ခုံလေးကို အားနာတယ်)
အပေါ်စီးကနေ တခုခု ပြောကြည့်ချင်တယ်
(ကိုယ့်ဟာကိုယ်တောင် နားလည်အောင် စကားပြောစွမ်းရည် မရှိဘူး)
ဘဝမှာ ပြီးပြီ လို့ လူကြားကောင်းအောင် ကြေညာချက်ထုတ်ကြည့်ချင်တယ်
(မကောင်းမှန်းသိပြီး ဆက်မလုပ်သင့်တော့ဘူးဆိုတာမျိုး ၃-၄ ခုလောက် ကိုတောင်
မစွန့်လွှတ်နိုင်တဲ့ ကောင်ကများ..)
ကဲ … ခင်ဗျားနဲ့ ကျုပ်နဲ့ အလျော်အစားလုပ်ရအောင်
လူ့လောက ကောင်းကျိုး ဘယ်နှစ်ပိဿာလောက် ထမ်းပိုးပြီးပြီလဲ
ကျုပ်ကိုတော့ ဒီကမ္ဘာမြေကြီးက ထမ်းထားရတာ လေးတယ်ဆိုပြီး
ခါခါချနေတာ အနှစ်ငါးဆယ် ကျော်ခဲ့ပြီ။
ကျုပ်က ခင်ဗျားကို လျော်ရမလား
ခင်ဗျားက ကျုပ်ကို ပြန်လျော်မလား။ ။
၁၂၊ ဇွန်၊ ၂၀၁၁ မဲဆောက် ၁၉း၃၈ နာရီ
ပစ္စည်း အမြန်ရောင်းထွက်စေသောနည်း
~
ဆရာဟိန်းတင့်ဇော်
ကဲ... အဘဆရာကြီး မင်းသိင်္ခ၏ ဈေးရောင်းတဲ့ ဓါတ်ရိုက် ဓါတ်ဆင်နည်းကို အပြည့်အ၀ ဖော်ပြပေးလိုက်ပါ တယ်။တနင်္ဂနွေအစ စနေအဆုံး မည်သည့်ပစ္စည်းမဆို အောက်ပါအတိုင်း ဓါတ်ရိုက် ဓါတ်ဆင်ပြုလုပ်ပြီး လျှင်မြန်စွာ ရောင်းချနိုင်ပါကြောင်း စေတနာကောင်းဖြင့် ဖော်ပြပေးလိုက်ရပါတယ်။
အိမ်၊ အိုး စသော တနင်္ဂနွေနံ ပစ္စည်းများ အမြန်ရောင်းထွက်စေလိုလျှင်
ပြုလုပ်ရမည့်နေ့------------------------------------တနင်္ဂနွေနေ့
ပြုလုပ်ရမည့်နာရီ----------------ညနေ ၃း၀၀ မှ ၄း၃၀ အတွင်း
ရောင်းမည့် ပစ္စည်းပေါ်တွင် ရေးရမည့်စာလုံး------( ဠ )အက္ခရာ
ရောင်းမည့်ပစ္စည်းကို ရိုက်ရမည့်အသား----------သရက်ကိုင်း
ရိုက်ရမည့်အချက်ပေါင်း--------------------------- ၆-ချက်
မျက်နှာလှည့်ရမည့်အရပ်-------------------------- အရှေ့တောင်အရပ်
ဥပမာ သင်သည် အိမ်တစ်လုံးကို အမြန်ရောင်းထွက်ချင်သည် ဆိုပါစို့။
တနင်္ဂနွေနေ့ ညနေ ၃း၀၀ မှ ၄း၃၀ အတွင်း အိမ်တံခါးပေါ်တွင် (ဠ)အက္ခရာကို ရေးပါ။
ပြီးလျှင် သင်၏မျက်နှာကို အရှေ့တောင်ဘက်သို့ လှည့်ပါ။
ထို့နောက် ၎င်း (ဠ) အက္ခရာအား သရက်ကိုင်းဖြင့် ၆-ချက်ရိုက်ပါ။
သင်ရောင်းလိုသော အိမ်သည် မြန်ဆန်စွာ တန်ရာတန်ဖိုးငွေဖြင့် ရောင်းထွက်သွားပါလိမ့်မည်။
ကား၊ ခြံ စသော တနင်္လာနံ ပစ္စည်းများ အမြန်ရောင်းထွက်စေလိုလျှင်
ပြုလုပ်ရမည့်နေ့------------------------------------တနင်္လာနေ့
ပြုလုပ်ရမည့်နာရီ-----------------နံက် ၉း၀၀ မှ ၁၀း၃၀ အတွင်း
ရောင်းမည့်ပစ္စည်းပေါ်တွင် ရေးရမည့်စာလုံး------(န)အက္ခရာ
ရောင်းမည့်ပစ္စည်းကို ရိုက်ရမည့်အသား----------တမာကိုင်း
ရိုက်ရမည့်အချက်ပေါင်း---------------------------၇-ချက်
မျက်နှာလှည့်ရမည့်အရပ်--------------------------အနောက်အရပ်
ဆိုင်၊ စက် စသော အင်္ဂါနံ ပစ္စည်းများ အမြန်ရောင်းထွက်စေလိုလျှင်
ပြုလုပ်ရမည့်နေ့------------------------------------အင်္ဂါနေ့
ပြုလုပ်ရမည့်နာရီ--------------နံက် ၇း၃၀ မှ ၉း၀၀ အတွင်း
ရောင်းမည့်ပစ္စည်းပေါ်တွင် ရေးရမည့်စာလုံး------(အ)အက္ခရာ
ရောင်းမည့်ပစ္စည်းကို ရိုက်ရမည့်အသား----------အုန်းညွန့်
ရိုက်ရမည့်အချက်ပေါင်း---------------------------၁-ချက်
မျက်နှာလှည့်ရမည့်အရပ်--------------------------အရှေ့မြောက်အရပ်
ရွှေ၊ လှေ၊ လှည်း စသော ဗုဒ္ဓဟူးနံ ပစ္စည်းများ အမြန်ရောင်းထွက်စေလိုလျှင်
ပြုလုပ်ရမည့်နေ့------------------------------------ဗုဒ္ဓဟူးနေ့
ပြုလုပ်ရမည့်နာရီ-----------နံက် ၆း၀၀ မှ ၇း၃၀ အတွင်း
ရောင်းမည့်ပစ္စည်းပေါ်တွင် ရေးရမည့်စာလုံး------(င)အက္ခရာ
ရောင်းမည့်ပစ္စည်းကို ရိုက်ရမည့်အသား----------ခံတက်သား
ရိုက်ရမည့်အချက်ပေါင်း---------------------------၂-ချက်
မျက်နှာလှည့်ရမည့်အရပ်--------------------------တောင်အရပ်
မြေ ၊ မြင်း စသော ကြာသပတေးနံ ပစ္စည်းများ အမြန်ရောင်းထွက်စေလိုလျှင်
ပြုလုပ်ရမည့်နေ့------------------------------------ကြာသပတေးနေ့
ပြုလုပ်ရမည့်နာရီ------------------ နေ့လည် ၁း၃၀ မှ ၃း၀၀-အတွင်း
ရောင်းမည့်ပစ္စည်းပေါ်တွင် ရေးရမည့်စာလုံး------ (ည)အက္ခရာ
ရောင်းမည့်ပစ္စည်းကို ရိုက်ရမည့်အသား---------- ဇီးသားနှင့် အုန်းသားတွဲ၍
ရိုက်ရမည့်အချက်ပေါင်း---------------------------၃-ချက်
မျက်နှာလှည့်ရမည့်အရပ်--------------------------အရှေ့အရပ်
သွတ်၊ သံ ၊ သစ် စသော သောကြာနံ ပစ္စည်းများ အမြန်ရောင်းထွက်စေလိုလျှင်
ပြုလုပ်ရမည့်နေ့------------------------------------သောကြာနေ့
ပြုလုပ်ရမည့်နာရီ---------------နံနက် ၁၀း၃၀ မှ ၁၂း၀၀အတွင်း
ရောင်းမည့်ပစ္စည်းပေါ်တွင် ရေးရမည့်စာလုံး------(၀)အက္ခရာ
ရောင်းမည့်ပစ္စည်းကို ရိုက်ရမည့်အသား---------- ရင်ခတ်ကိုင်း (၀ါးနှင့် ကံ့ကော်သား)
ရိုက်ရမည့်အချက်ပေါင်း--------------------------- ၄-ချက်
မျက်နှာလှည့်ရမည့်အရပ်-------------------------- အနောက်တောင်အရပ်
အထည် ၊ ထီး စသော စနေနံ ပစ္စည်းများ အမြန်ရောင်းထွက်လိုလျှင်
ပြုလုပ်ရမည့်နေ့------------------------------------စနေနေ့
ပြုလုပ်ရမည့်နာရီ--------------မွန်းတည့် ၁၂း၀၀ မှ ၁း၃၀ အတွင်း
ရောင်းမည့်ပစ္စည်းပေါ်တွင် ရေးရမည့်စာလုံး------(မ)အက္ခရာ
ရောင်းမည့်ပစ္စည်းကို ရိုက်ရမည့်အသား----------ပင်စိမ်းကိုင်း
ရိုက်ရမည့်အချက်ပေါင်း---------------------------၅-ချက်
မျက်နှာလှည့်ရမည့်အရပ်--------------------------မြောက်အရပ်
စေတနာကောင်းဖြင့်
ဆရာဟိန်းတင့်ဇော်
ထိုင်းနိုင်ငံ၊ မဟာချိုင်မြို့
http://www.heintinzaw.com/2012/07/blog-post_15.html
~
Subscribe to:
Posts
(
Atom
)
ဘလော့ဂ် အကြောင်း
ဧရာဝတီ ဘလော့ဂ် ဟာ ဧရာဝတီသတင်းဌာနရဲ့ ကိုယ်ပွားတခုပါ။ လှုပ်ရှားနေတဲ့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ အနုပညာသတင်း အချက်အလက်တွေကို ဧရာဝတီ သတင်းဌာနကတဆင့် ပရိသတ်များ ဖတ်ရှုရပြီး ဖြစ်နေမှာပါ။ ဒါပေမယ့် မြန်မာပြည် တဝန်းက ရပ်ကွက်တွေ၊ လမ်းတွေပေါ်မှာ ပြန့်ကျဲနေတဲ့ ရင်ဖွင့်သံတွေ၊ ပါးစပ်သတင်းတွေ၊ ဒေသတွင်းနဲ့ နိုင်ငံတကာက မြန်မာနိုင်ငံနဲ့ ဆက်စပ်တဲ့ သတင်းတွေကို ပရိသတ်တွေဆီ ပိုမိုပေးနိုင်ဖို့အတွက်နဲ့ ပရိသတ်ဆီက စကားတွေကို တိုက်ရိုက် ကြားနိုင်ဖို့ အတွက် ရည်ရွယ်ပြီး ဒီဘလော့ဂ်ကို ဖွင့်လှစ်ထားတာပါ။
ရုပ် / သံ
တပတ်အတွင်း အဖတ်အများဆုံး
နေ့စဉ်သတင်းလွှာမှာယူရန်
ကွန်မန့်များ
နောက်ဆုံးရ သတင်းများ



