ကာကွယ်ရေးဝန်ကြီးဌာန ထုတ်ပြန်ချက်နဲ့ သူတို့ပြောပြချက်

Wednesday, January 30, 2013


~


ကျော်ခ ~

၂၀၁၁ ခုနှစ်က ရှမ်းပြည်နယ် ကလောမြို့မှာ တွေ့ရတဲ့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်

ကချင်လွတ်လပ်ရေး တပ်မတော် (KIA) နဲ့ အစိုးရ စစ်တပ်အကြား တိုက်ပွဲတွေ ဖြစ်ပွားခဲ့တာနဲ့ ပတ်သက်ပြီး ပြည်တွင်းပြည်ပ အဖွဲ့အစည်းအချို့၊ သံဃာ အချို့ နဲ့ စာနယ်ဇင်းအချို့က မမှန်မကန် သတင်းတွေထုတ်လွှင့်တယ်၊ အစိုးရနဲ့ တပ်မတော်အပေါ် ပြည်သူ အမြင်လွှဲမှား စေမယ့် သတင်းနဲ့ ကြေညာချက်တွေကို ထုတ်ပြန်ခဲ့တယ်လို့ ကာကွယ်ရေး ဝန်ကြီးဌာနက ဆိုပါတယ်။

 ကချင်ပြည်နယ်အတွင်း ထိုးစစ်ဆင်ခြင်း မပြုလုပ်ဖို့ သမ္မတညွှန်ကြားခဲ့တဲ့ အချိန်ကစပြီး တပ်မတော်အနေနဲ့ တိကျစွာ လိုက်နာကြောင်း၊ KIA က ဒါကိုအခွင့် ကောင်းယူပြီး တိုက်ခိုက်မှုတွေ၊ ဖောက်ခွဲဖျက်ဆီးမှုတွေ လုပ်လာတာတွေကြောင့် ခုခံ တိုက်ခိုက်ခြင်းသာဖြစ်တယ်လို့ ဆိုပါတယ်။

ဖြစ်ပွားနေတဲ့ ပဋိပက္ခတွေမှာ KIA ရဲ့ချိုးဖောက်မှုတွေကို မျက်ကွယ်ပြုပြီး တပ်မတော်ကို အများပြည်သူနဲ့ နိုင်ငံတကာ အထင် အမြင် လွဲမှားအောင် ရေးသားထုတ်ပြန်နေတယ်လို့ ဆိုထားတဲ့ ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်နဲ့ ပတ်သက်ပြီး ကချင်ပြည်နယ် ဒေသခံ နိုင်ငံရေးသမား၊ ဒေသနဲ့ အနီးကပ် စစ်ရေးစောင့်ကြည့် လေ့လာသူ၊ စစ်ပွဲဖြစ်ပွားရာဒေသကို ကိုယ်တိုင် သွားရောက် ခဲ့ကြတဲ့ လူမှုအဖွဲ့အစည်း တာဝန်ရှိသူနဲ့ သတင်းထောက် တို့ကို ဧရာဝတီ သတင်းဌာနက ဆက်သွယ်မေးမြန်းထား ပါတယ်။ သူတို့ရဲ့ ပြောဆိုချက်တွေက ဒီလိုပါ -

ဦးအောင်ကျော်ဇော
(တရုတ်-မြန်မာနယ်စပ် အခြေစိုက် စစ်ရေးနဲ့ နိုင်ငံရေးလေ့လာသူ)
နှစ်ဖက်ပဋိပက္ခတွေမှာ KIA က ပြည်တွင်းပြည်ပ သတင်းဌာနတွေ အကုန်လုံး ဝင်ခွင့်ပြုတယ်၊ ကုန်ကုန်ပြောရရင် အရင်က အစိုးရ ကောင်းကြောင်းချည်း ရေးနေတဲ့ ပြည်တွင်းက ဂျာနယ်တွေတောင် ဝင်ခွင့်ပြုတယ်၊ သတင်းယူခွင့်ပြုတယ်၊ အစိုးရ စစ်တပ်ကလည်း သူတို့ဘက်က ရိုးသားရင် KIA လို ဘာလို့ သတင်းထောက်တွေကို ဝင်ခွင့် မပြုတာလဲ။ သတင်းသမားကတော့ သူတို့ မြင်ရင်မြင်တဲ့ အတိုင်း အဖြစ်မှန်ကို ရေးကြမှာပဲ။

အစိုးရတပ်က အမြှောက်နဲ့ ပစ်လို့ အရပ်သားတွေ သေကြေနေတာလည်း သတင်းထောက်တွေ မျက်စိနဲ့ ကိုယ်တွေ့မြင်ခဲ့ရပြီး မျက်ရည်တောင် ကျခဲ့ရတာပဲ၊ အဲဒီအချိန် အစိုးရ ပြန်ကြားရေးက ဝါဒဖြန့်လို့ကောင်းနေတုန်း၊ နယ်မြေတွင်းမှာ နဖူးတွေ့၊ ဒူးတွေ့မြင်ရတာကို ရေးနေတဲ့ဟာကို အခု သေနက် ကိုင်နေတဲ့ အစိုးရ စစ်သားတွေက ထပ်ပြီးလိမ်ပြန်ပြီ၊ သူတို့ကို ဘယ်လိုပြောရန်မှန်းကို မသိတော့ဘူး။

အစိုးရနဲ့ KIA ၁၇ နှစ်ကြာ ငြိမ်းချမ်းရေး ယူခဲ့တဲ့ ကာလတုန်းက စုစုပေါင်း မပခ မှာ တပ်ရင်း ၄၆ ရင်း ရှိတယ်၊ တပ်မ ၂ ခုက တပ်ရင်း ၂၀ ပေါ့၊ အဲဒီတုန်းက ဒီတပ်မ ၂ ခုကလည်း အမြဲ မနေဘူး၊ တခုစီလဲပြီးတော့ ကရင်ကို သွားသွားပြီး ထိုးနေတာ၊ အခု ကချင်ပြည်နယ်မှာ ဘာဖြစ်လို့ တပ်ရင်း ၁၀၀ ကျော်လာတာလဲ၊ တပ်မ ၃၃၊ ၉၉ တို့ ၈၈ တို့က ဘယ်ကနေရောက်လာတာလဲ၊ ခုခံစစ်လား ထိုးစစ်လား စဉ်းစားကြည့်လေ သုံးတဲ့ တပ်ရင်းကိုလည်း ကြည့်ဦး မြန်မာနိုင်ငံ ခြေလျင်တပ်ရင်း ၅၆၀ ရှိတဲ့ အထဲမှာ ကချင်မှာ တပ်ရင်း ၁၂၀ ကျော် ရောက်နေတယ်၊ ဒါတောင်အမြှောက်တပ်တွေမပါသေးဘူး၊ ထိုးစစ်မဟုတ်ဘူး ဆိုရင် ဘယ်ကနေ ရောက်လာတာလဲ၊ ဒါကတော့ ရှင်းရှင်းလေးပဲ။

တချို့နေရာတွေမှာ အရပ်သားမောင်းလာတဲ့ ကုန်တင်ကားကို KIA က ဖောက်ခွဲတာတွေရှိခဲ့တယ်၊ အရပ်သားကလည်း အစိုးရ စစ်လက်နက်တွေ၊ ရိက္ခာတွေ ကုန်တင်ကားနဲ့ သယ်လာပေးတယ်၊ ရထားလမ်းကြောင်းနဲ့လည်း သယ်တယ်၊ ဒါတွေဟာ မလုပ်သင့်တဲ့ အရာတွေ၊
အစိုးရက တဖက်လှည့်နဲ့ အရပ်သားတွေကို အသုံးချတယ်။

KIA က သူ့နယ်မြေကို သူကာကွယ်နေတာ KIA ကမြို့တွေကို ဝင်တိုက်လို့ ရဟတ်ယာဉ်တွေ၊ လေယဉ်ပျံတွေသုံးတယ် ဆိုရင် လက်ခံလို့ရသေးတယ်၊ သူ့နယ်မြေသူနေတာပဲလေ၊ သူလည်း ငြိမ်းချမ်းရေး လိုချင်တာပဲလေ၊ အရင် ၁၇ နှစ် လုပ်ပြီးပြီ ဘာမှ မထူးခြားဘူး၊ အပစ်ခတ်ရပ်စဲရေး လုပ်မလား၊ ထာဝရငြိမ်းချမ်းရေးလုပ်မလားဆိုတော့ KIA က ထာဝရငြိမ်းချမ်းရေးလုပ်မယ် ထာဝရ ငြိမ်းချမ်းရေးလုပ်ရင် နိုင်ငံရေး စကားပြောရမယ်၊ အစိုးရဘက်က နိုင်ငံရေးစကားမပြောချင်ဘူး၊ ဒါက အဟန့်အတား ဖြစ်နေတယ်။

---------------------------------------------------------------------------------------------


ဒေါ်ဘောက်ဂျာ
(အမျိုးသား ဒီမိုကရေစီ အင်အားစု ပါတီ(NDF) ပါတီ ၏ ကချင်ပြည်နယ် ခေါင်းဆောင်)
နေပြည်တော်တို့ ရန်ကုန်တို့မှာပဲ နေနေတဲ့ လူဆိုရင်တော့ အစိုးရရဲ့ ဒီထုတ်ပြန်ချက်ကို ဟုတ်မလားတွေးမိမှာပဲ၊ ကချင်ပြည်နယ် အတွင် နေရာအနှံ့သွားနေတဲ့လူ မျက်မြင်ကိုယ်တွေ့တွေ အတွက်တော့ အစိုးရကတော့ ဗြောင်လိမ်တာပဲ၊ ဒါဟာလည်း အခုမှ မဟုတ်ပါဘူး၊ နှစ်ပေါင်းမြောက်များစွာ ဒီလိုပဲ လိမ်နေတာပဲ။ ဒီကိုလာကြည့်လို့ရှိရင် အစိုးရက ကချင်တိုင်းရင်းသား တွေအပေါ်မှာ မတရား အနိုင်ကျင့်နေတာ၊ လူအခွင့်အရေး ချိုးဖောက် နေတာတွေကို မျက်ဝါးထင်ထင်တွေ့ရလိမ့်မယ်။

တချို့ကျေးရွာတွေဆိုရင် KIA နဲ့ ဆက်နွယ်တယ်ဆိုပြီး ပစ်ခတ်မီးရှို့တာ၊ ပစ္စည်းတွေယူတာတွေ လုပ်နေတာပဲ။ အခုလည်း နေ့တိုင်း တိုက်ပွဲတွေဖြစ်နေတာ ကိုယ်တိုင် တွေ့မြင်နေရတာပဲ၊ ထိုးစစ်မဆင်ပါဘူး ဆိုတာကလည်း တပ်တွေဝင်ထွက်၊ သွားလာနေတာတွေ၊ လက်နက်ခဲယမ်း အင်အားတိုးချဲ့တာတွေလျှော့ပြီး တပ်တွေနောက်ဆုတ်ပေးလိုက်ရင် သူ့အလိုလို စစ်ပွဲက အေးချမ်းသွားမှာပဲ၊ ထိုးစစ်ဆင်နေတယ်၊ အင်အားဖြည့်တာတွေ လုပ်နေမှတော့ သူတို့ လက်နက်ကိုင် အချင်းချင်းကတော့ တစ်ဘက်နဲ့ တဘက်ဖြစ်နေမှာပဲ။

---------------------------------------------------------------------------------------------
ဦးနေမျိုးဇင်
(မြန်မာ့လူမှုဘ၀ ဖွံ့ဖြိုးတိုးတက်ရေး ကွန်ရက် အဖွဲ့ခေါင်းဆောင်၊ စစ်အရာရှိဟောင်း)
နှစ်ဖက်စလုံးသော လက်နက်ကိုင် တပ်ဖွဲ့တွေက တိုင်းပြည် အနာဂတ်အတွက် ဖွံ့ဖြိုးတိုးတက်ဖို့ကို မျှော်မြင် ဆင်ခြင်တုံတရားတွေ မွေးဖို့လိုတယ်၊ ဘယ်လောက်ပဲ ခုခံစစ်လို့ပြောနေနေ ကျနော်ရောက်ခဲ့တဲ့ အနေအထားကို ကြည့်ခြင်းအားဖြင့် ရန်လိုမှုနဲ့ လက်ဦးမှု ရယူမှုအတွက် လုပ်ဆောင်နေတဲ့ သဘောတွေကို ကျနော်တို့တွေ့ရတယ်၊  တကယ်ငြိမ်းချမ်းရေးကို လိုလားတယ်၊ တိုင်းပြည် အနာဂတ်အတွက် လက်နက်မပါဘဲ ပဋိပက္ခဖြေရှင်းနည်းနဲ့ ဒေသဖွံ့ဖြိုးရေးကို ကျိုးစားချင်စိတ် ရှိမယ်ဆိုလို့ရှိရင် လက်ဦးမှုနဲ့ လွှမ်းမိုးမှု ရယူလိုမှုရည်မှန်းချက်ကို မထားသင့်ဘူး။

အပြင်းအထန်တိုက်ခိုက်နေတဲ့ နှစ်ဖက်တပ်ဖွဲ့တွေက အင်မတန်နီးကပ်နေတယ်၊ ဟိုဘက် တပ်က ဝါးထင်းနဲ့ ထမင်းချက်လို့ ဝါးကွဲသွားရင် သေနက်နဲ့ ပစ်တယ်ဆိုပြီး ဒီဘက်က လက်နက်အင်နဲ့အားနဲ့ အမြှောက်တွေနဲ့ ပစ်ခတ်ရင် ခုခံစစ်ဖြစ်နိုင်ပါတော့ မလား။ ဒါဖြစ်နိုင်တဲ့ သဘောသဘာဝတွေကိုပြောတာပါ။

အဲတော့ ရန်လိုမာန်စောင်နေတဲ့ နှစ်ဘက်တပ်တွေ အနေနီးနေသမျှ ဘယ်လိုနည်းနဲ့မှ ရိုးသားဖြောင့်မတ် ပွင့်လင်းတဲ့ အပစ်ခတ် ရပ်စဲမှုဖြစ်လာနိုင်မှာ မဟုတ်ဘူး၊ အဲတော့ ခံစစ်အနေနဲ့ပဲ နေမယ်ဆိုလို့ရှိရင် ကိုယ့်စခန်းကို ပြန်ဆုတ်ပါ၊ ဟိုတနေ့က ဘဘ ဦးတင်ဦး (ကာကွယ်ရေးဦးစီးချုပ်ဟောင်း) ဆီကို ကျနော် လိုင်ဇာကို သွားမလို့ ဘာမှာဦးမလဲ ဆိုတော့ တစ်ခွန်းပဲမှာချင်တယ် ကောင်လေးရာတဲ့၊ နှစ်ဖက်တပ်တွေ ကိုယ့်တပ်ကို နေရာပြန်ဆုတ်ပြီး အပစ်အခတ်ကို လုံးဝ တိတိကျကျ ရပ်စဲပြီးမှ စားပွဲဝိုင်းမှာ ဆွေးနွေးနိုင်အောင် ပြောခဲ့ဆိုပြီး မှာလိုက်တယ်၊ ဒီအတိုင်းပဲ ကျနော်ပြောရမှာပဲ၊ အဲလိုမှ မဟုတ်ဘဲ ငါတို့က ခံစစ်အနေနဲ့ပဲနေမယ် အနီးနားမှာ သွားကပ်နေမယ် သေနတ်သံကြားရင် အင်အားနဲ့ ဆော်လိုက်မယ် ဆိုရင်တော့ လူထုဝေဖန်တာကိုခံရမှာပဲလေ။

ထုတ်ပြန်နေတဲ့ သတင်းတွေ၊ ထုတ်ပြန်ချက်တွေဟာ တစ်ဖက်သက် မဖြစ်ချင်ရင် နှစ်ဖက်သက်မဖြစ်ဖို့ ပွင့်လင်းမြင်သာမှုဖြစ်ဖို့ လိုလိမ့်မယ်၊ ကျနော်တို့သွားတာတောင် ဗျူဟာမှူး ကိုယ်တိုင်က ဖုန်းထဲက ပြောနေတာ ဆတ်ဆတ်ကြားခဲ့ရတယ်၊ ဟေ့ကောင် အဲဒီဗိုလ်ကြီးဟောင်းဆိုတဲ့ ကောင်ရဲ့ ကင်မရာတွေကို စစ်ပါ၊ တပ်စခန်းတွေကို လုံးဝ အရိုက်မခံပါနဲ့ အကုန်ပြန်စစ် ဆိုပြီး စသဖြင့် ညွှန်ကြားနေတာကြားရတယ်။

အဲတော့ တဖက်သတ်မဖြစ်ချင်ရင် သတင်းမီဒီယာတွေကို ရှေ့တန်းစခန်းတွေကို ခေါ်ပါ၊ ဘယ်လောက်ထိ အင်အားကို ဘယ်လိုချထားပါတယ်၊ ဘယ်လိုရည်မှန်းချက်နဲ့ ဘယ်လို အကာအကွယ် လုပ်ထားပါတယ်၊ အဲလိုပွင့်ပွင့်လင်းလင်း လုပ်ထားရင် တစ်ဖက်သတ် ဆိုတဲ့ စကား သုံးစရာမလိုတော့ဘူး၊ အဲဒီအခါကျရင် ကြားထဲက သတင်းမီဒီယာနဲ့ ပြည်သူလူထုက ဆုံးဖြတ်လို့ရပြီ ဘယ်သူကဖြောင့်မှန်ပြီး ဘယ်သူက အကောက်ကြံတယ် ဆိုတာ။

မြန်မာစစ်တပ်ဘက်က အင်မတန်ကို လျှို့ဝှက်သိုသိပ်လွန်း အားကြီး ပြီးတော့ တိုင်းရင်းသားပြည်သူလုထုကို ရန်သူသဖွယ် သဘောထားပြီး နေကြတာကို ကျနော်တွေ့ခဲ့ရတယ်။ ကျနော်တို့ တွေ့ခဲ့တာ ဗန်းမော် လမ်းတစ်လျှောက်မှာဆိုရင် တပ်တွေက လမ်းသွား လမ်းလာတွေကို တချိန်လုံး ဓါတ်မီးနဲ့ ချိန်ပြီး စစ်ဆေးမေးမြန်းနေတာကို တွေ့ခဲ့ရတယ်။

အခုဖြစ်နေတာလည်း အစိုးရက ခုခံစစ်ဆိုတာ ပြောလို့မရနိုင်ဘူး၊ ဘာဖြစ်လို့လဲ ဆိုတော့ လွန်ခဲ့တဲ့ ၁၇ နှစ် လုံးလုံး ငြိမ်းချမ်းရေး တပ်ဖွဲ့အနေနဲ့ အပစ်အခတ် ရပ်စဲရေးယူထားပြီးတော့ KIA ကပဲ ဒီဒေသ၊ ဒီဒေသကို သူတို့နည်း သူတို့ဟန်နဲ့ သူတို့ ဥပဒေ၊ သူတို့နည်းပညာနဲ့ အုပ်ချုပ်ခဲ့တာလေ၊ အခုမှ အဆင်မပြေဖြစ်တော့မှ တိုက်ကြ၊ ခိုက်ကြပြီးမှ ခုခံစစ်မို့ ဆိုပြီးတော့ KIA နှစ်ပေါင်းများစွာ ထိန်းချုပ်လာတဲ့ နေရာတွေကို အတင်း ဝင်သိမ်းတာ ခုခံစစ်လို့ပြောမယ် ဆိုရင်တော့ တမျိုးဖြစ်နေလိမ့်မယ်၊ ကျနော်တော့ လက်သင့်မခံပါဘူး၊ ကချင်လူထုကို လက်နက်နဲ့ သတ်ဖြတ်နှိမ်နင်းပြီးတော့မှ ငြိမ်းချမ်းရေးကို တည်ဆောက်မယ် ဆိုတဲ့ ရည်မှန်းချက်ရှိတယ် ဆိုရင်တော့ အင်မတန် ဝမ်းနည်းစရာကောင်းတဲ့ အနာဂတ်တွေဖြစ်လာလိမ့်မယ်လို့ ကျနော်ထင်တယ်။

---------------------------------------------------------------------------------------------
စနေလင်း
ကချင်ပြည်နယ် စစ်မြေပြင်ကို သွားရောက် သတင်းယူခဲ့သည့် ဧရာဝတီ သတင်းထောက်
မီဒီယာအပေါ် ကာကွယ်ရေးဝန်ကြီးဌာန လုပ်နေတာက ကြေညာတာ၊ အသိပေးတာ၊ စုံစမ်းခွင့်ပေးတာ မဟုတ်ဘူး၊ ကာကွယ်ရေးဝန်ကြီးဌာနကို ပြောချင်တာက တကယ်လို့ စာနယ်ဇင်းတွေ တဖက်စောင်းနင်းရေးတယ် လို့မြင်ရင် သူ့စစ်တပ်ရဲ့ရှေ့တန်းကို သွားချင်၊ မြင်ချင်၊ သတင်းရေးချင်နေတဲ့ မီဒီယာသမားတွေကို ၀င်ခွင့်ပေးပါ။KIA  က အဲဒီနေရာမှာ အစိုးရထက် ပိုပြီး မီဒီယာကို ၀င်ခွင့်ပြုတယ်၊ သူတို့စစ်သားတွေကို မေးတယ်၊ ဘာမှ မပြောဘူး၊ အုပ်ချုပ်ရေးပိုင်းကလည်း လာတားတာ မရှိဘူး၊ စစ်တပ်က ရဲဘော်တွေ ခံစားကြုံတွေ့နေရတာတွေကို မေးချင်တယ်၊ သူတို့ရဲ့ သဘောထားကို မေးချင်တယ်၊ အဲဒါကို ကာကွယ်ရေးဝန်ကြီးဌာနက ခွင့်ပြုပေးသင့်တယ်၊ မီဒီယာတချို့ကြိုးစားဖူးပါတယ်၊ ဒါပေမယ့် ခွင်ြ့ပုချက်မရခဲ့ဘူး။

အဲဒီအပြင် အစိုးရစစ်သားတွေ ပြန်ဆုတ်သွားတဲ့နေရာတွေမှာ စာတွေရေးပေးခဲ့တာကို ကျွန်တော်တို့သိခဲ့ရတယ်၊ တကယ်လို့ ငြိမ်းချမ်းမှုတွေရခဲ့တဲ့ အချိန်မှာ KIA ရဲဘော်တွေနဲ့အတူ ကချင်ထုံးစံအတိုင်း စားသောက်ချင်တဲ့အကြောင်း အစိုးရစစ်သားတွေရေးခဲ့တဲ့စာတွေ ကျန်ခဲ့တာ သိရတယ်။
KIA  ဘက်က မီဒီယာအပေါ် ပွင့်လင်းမြင်သာမှု အတိုင်းအတာတစ်ခုအထိ ရှိတယ်၊ အစိုးရဘက်က ဘယ်တော့မှ အဲဒီလိုမရှိခဲ့ဘူး၊ ဒါပေမယ့် ၀င်ခွင့်ပေးတယ်လို့ နာမည် ရအောင်တော့ သူတို့နဲ့ပလဲနံပသင့်တဲ့သူတွေကိုခေါ်ပြ တာမျိုးတော့ လုံးဝ လက်ခံလို့မရဘူး။

အဲဒီလို တစ်ဖက်စောင်းနင်းဖြစ်တယ်လို့မြင်နေရင် ပွင့်လင်းမြင်သာမှုကို အရင် ရှိအောင်လုပ်ဖို့လိုတယ်၊ အခုကေ
KIA က ဒီလိုမြင်တယ်၊ စစ်တပ် ဘယ်လိုမြင်လဲ ဆိုတာ ဘယ်နေရာမှာ သွားမေးရမလဲ၊ KIA ဘက်က စစ်ဦးစီးတွေ သူတို့ရဲ့ သဘောထားကို ပွင့်လင်းအောင်ပြောထားတယ်၊ ကာကွယ်ရေးဘက်က ဦးစီတွေ ဘယ်မီဒီယာနဲ့တွေ့ခဲ့လဲ၊ တစ်ဖက်ကမေးပြီး ဆက်သွယ်မရဖြစ်တာကို အပြစ်မတင်နဲ့လို့ ကာကွယ်ရေးဝန်ကြီးဌာနကို ပြောချင်တယ်။

ကချင်စစ်သားတွေလည်း တော်တော်များများက ဘွဲ့ရ ပညာတတ်တွေပါတယ်၊ အစိုးရတက္ကသိုလ်မှာကို ဘွဲ့ရခဲ့ကြတာ။ ဒါပေမယ့် သူတို့ရဲ့စိတ်ထဲမှာ ဒီကချင်မြေက သူတို့နိုင်ငံ၊ သူတို့မြေကို သူတို့ကာကွယ်တာ ဆိုတာကတော့ အမြဲရှိတယ်။

နောက်သူတို့က ခံစစ်၊ အစိုးရက ထိုးစစ်၊ စစ်ဗျူဟာအရ ပြောရရင် စစ်ရေး အသာစီးရအောင်လုပ်တယ်လို့ အစိုးရက ပြောပေမယ့် တကယ်တမ်းကြည့်ရင် ကချင်က ခုခံရတာ
KIA ရဲ့ အဓိက လိုချင်နေတာက သူတို့လူမျိုးကို သူတို့ကိုယ်တိုင်အုပ်ချုပ်ဖို့၊ ဒီဒေသရဲ့အားလုံးကို သူတို့စီမံခန့်ခွဲဖို့ဆိုတာ စစ်သားတွေတိုင်းမှာ အဲဒီအသိရှိတယ်။

ကျနော်နဲ့စကားပြောခဲ့ရတဲ့
KIA  ကွန်မန်ဒိုရဲဘော်တဦး ဆိုရင် သူတို့က အစိုးရစစ်တပ်က ဗိုလ်ကြီးတွေကို မိတယ်၊ သေနတ်ထိလို့ ဆေးကုပေးခဲ့တယ်။ စစ်တပ်က သူတို့လူတဦးကို မိတယ်။ လဲလှယ်ဖို့လုပ်တော့ သူတို့က အရှင်ပေးလိုက်ပေမယ့် စစ်တပ်က ဘတ်နတ်နဲ့ထိုးချက်တွေနဲ့သေနေတဲ့ အလောင်းကိုပဲ ပေးတယ် တဲ့။



 




















--

13 comments :

  1. Anonymous said... :

    တကယ်အပြင်းထန်ဆုံး တိုက်ပွဲတွေဟာ လဂျားယန် မှာ ဖြစ်ခဲ့တာ။ ဘာလို့ အဲဒီစခန်းလေးအတွက် အစိုးရတပ်က အသက်အများကြီးပေးခဲ့သလဲ။ အဲဒီစခန်းကို ကေအိုင်အေ ရသွားရင် ဗန်းမော်-မြစ်ကြီးနားလမ်း လုံးဝပြတ်တောက်သွား မှာမို့လို့ပဲ။ ရထားလမ်းတွေဖျက်၊ တံတားတွေကိုလဲ ချိုးနေတာဆိုတော့ ကေအိုင်အေရဲ့ မဟာဗျူဟာမြောက် ရည်မှန်းချက်ဟာ နယ်မြေကာကွယ်ရုံမျှမဟုတ်၊ အစိုးရတပ်ကို ကချင်ပြည်နယ်ထဲက လုံးဝမောင်းထုတ်ပစ်ဖို့ ဖြစ်ပုံရတယ်။ နောက်က ထောက်ပို့လမ်းကြောင်း မရှိရင် ဘယ်တပ်မှနေနိုင်မှာ မဟုတ်ဘူး။ ဒါဟာ တပ်ရင်း တစ်ရာကျော် ကချင်ပြည်နယ်ထဲ ရောက်နေရခြင်းရဲ့ အကြောင်းလို့ ထင်တယ်။ ဝေဖန်ဖို့နဲ့ ဆင်ခြင်ဖို့ပါ။

  1. Anonymous said... :

    အစိုးရတပ်က အရပ်သားကုန်တင်ကားနဲ့၊ အများပြည်သူစီး ရထားနဲ့ လက်နက်၊ရိက္ခာတင်တာ၊ စစ်သားတွေ အရပ်ဝတ်နဲ့ ပို့တာ မှားပါတယ်။ ဒါပေမယ့် ကေအိုင်အေစစ်သားတွေ ကကော အမြဲတမ်း ယူနီဖေါင်းဝတ်ပြီးမှ စစ်တိုက်တာ ဟုတ်ရဲ့လား။ တိုက်ခိုက်ရေးသမား (combatant) မှန်ရင် ယူနီဖေါင်းဝတ်ပြီး စစ်ရေးတာဝန်ကို ထမ်းဆောင်ကြရတယ်။ အရပ်ဝတ်နဲ့လှုပ်ရှားရင် နိုင်ငံတကာစစ်ဥပဒေကို ချိုးဖေါက်တာပဲ။ ဒါ ခုခံစစ်ပါ၊ ပြောက်ကျားစစ်ပါဆိုပြီး ဆင်ခြေကန်လို့ မရဘူး။ ဒုတိယကမ္ဘာစစ်တုံးက အင်္ဂလိပ်၊ အမေရိကန်စစ်သားတွေ တစ်ယောက်ချင်း၊ နှစ်ယောက်ချင်း ဂျာမနီ သိမ်းထားတဲ့ ပြင်သစ်နိုင်ငံတွေ ၀င်ပြီး ဂျာမန် ထောက်ပံ့ရေး လမ်းကြောင်းတွေ ကို ပြောက်ကျား နည်းနဲ့ နှောင့်ယှက်ဖျက်ဆီးကြတယ်။ အရပ်ဝတ်နဲ့မဟုတ်၊ ယူနီဖေါင်းအပြည့်အစုံ ၀တ်ပြီး လှုပ်ရှားကြတာပါ။

    ဒီလိုပြောလို့ အစိုးရတပ်နဲ့ကေအိုင်အေတို့ လုပ်နေတာ မှန်ပါတယ် လို့ ထောက်ခံနေတာ မဟုတ်ပါ။ အမှား (၂) ခုပေါင်းလို့ အမှန် (၁)ခု ဖြစ်မလာနိုင်ပါ။

  1. Anonymous said... :

    Whats the problem? Every State Army has duty to fight against any insurgency on their own choice of force and weapons.

    One country,there must have only one army.Isn't it? Is Aung Kyaw Zaw the same guy of communist,staying in China? If yes, then he has no right to say about Burmese Army.

  1. sour grain said... :

    Congratulation!Daw Bauk Jar.U'r true politician.We didn't know who is right or who is wrong.But experience is the best teacher.We sympathize Kachin nationalities.May have peace sooner.

  1. Anonymous said... :

    ကျနော်နဲ့စကားပြောခဲ့ရတဲ့ KIA ကွန်မန်ဒိုရဲဘော်တဦး ဆိုရင် သူတို့က အစိုးရစစ်တပ်က ဗိုလ်ကြီးတွေကို မိတယ်၊ သေနတ်ထိလို့ ဆေးကုပေးခဲ့တယ်။ စစ်တပ်က သူတို့လူတဦးကို မိတယ်။ လဲလှယ်ဖို့လုပ်တော့ သူတို့က အရှင်ပေးလိုက်ပေမယ့် စစ်တပ်က ဘတ်နတ်နဲ့ထိုးချက်တွေနဲ့သေနေတဲ့ အလောင်းကိုပဲ ပေးတယ် တဲ့။.......
    အထက်ပါ စာပိုဒ်ကို ဖတ်ပြီး စိတ်မကောင်းဖြစ်ရပါတယ်။ တကယ်တော့ ဒီလိုဖြစ်ရပ်မျိုးတွေဟာ အခြားသော မွန် ကရင် ရှမ်း စတဲ့ အရပ်ဒေသများမှာလည်း အမှန်တကယ် ဖြစ်ခဲ့ဖူးတဲ့ ဖြစ်ရပ်မှန်တွေပါ။ အရှင်ဖမ်းမိတဲ့ တော်လှန်ရေးရဲဘော်ကို မဆိုထားနဲ့ တောတောင်တွေမှာ တောင်ယာလုပ်ကိုင် စားသောက်နေကြတဲ့ ရိုးသားတဲ့ မွန် ကရင်တိုင်းရင်းသား မိန်းမ ကလေးငယ်တွေတောင် အစိုးရတပ်ရဲ့ အကြောင်းမဲ့ သတ်ဖြတ်မှုကို ခံရတာတွေ ရှိခဲ့ပါတယ်။

  1. Anonymous said... :

    နောက် media ကိစ္စ။ ဦးအောင်ကျော်ဇောတို့ပြောသလို စစ်တပ်က မရိုးသားဘူးလို့ တထစ်ချ စွတ်စွဲဖို့ ခက်တယ်။ ဘာလို့လဲဆိုတော့ ကေအိုင်အေတော့မသိ၊ အစိုးရတပ် မှာတော့ media နဲ့ ဆက်ဆံဖို့၊ ပူးတွဲဆောင်ရွက် ဖို့ လေ့ကျင့်ထားတာ၊ လုပ်ထုံးလုပ်နည်းတွေ ထုတ်ပြန် ထားတာ ရှိပုံမရလို့ပဲ။ အဲဒါမျိုးမရှိရင် ဘယ်အရာရှိ စစ်သည် က ဒီလောက်တာဝန်ကြီးတဲ့အလုပ်ကို ခေါင်းခံပြီး လုပ်မှာလဲ။

    ဒါမျိုးကျတော့ media ပါးဝနေတဲ့ အမေရိကန်လိုနိုင်ငံမျိုးကို စစ်သည်ထဲက ပညာသင်လွှတ်ပြီး လေ့ကျင့်ပေး၊ ဆိုင်ရာ လုပ်ထုံး လုပ်နည်းတွေ ထုတ်ပြန်ပေးထားရင် နောင်ဒီလို မဖြစ်ရဘူးပေါ့။

  1. Anonymous said... :

    ခုဖြစ်နေတဲ့ကိစ္စနဲ့ထင်မြင်ချက်ပေးရရင် ဂျာနယ်အများစု အထူးသဖြင့် နိုင်ငံခြား မီဒီယားအများစုသည် အစိုးရအပေါ်ထင်မြင်ချက်ပေးရန် အစိုးရဘာပဲလုပ်လုပ် အင်မတန် အဆိုးမြင်လွန်းသော သူများကို ချဉ်းကပ်လေ့ရှိပြီး မေးမြန်း သတင်းထုတ်ပြန်လေ့ရှိပါသည်။ ဒါဟာလဲ အစွန်းတမျိုးပါဘဲ။ လက်ရှိအစိုးရ ထုတ်ပြန်ရေးကလဲ ငါတို့ကို အဆိုးမြင်လှချည်းလားဆိုပြီး ကောင်တာကျတော့ မပြောဘူးဆိုပြီး စိတ်နာပြီး မိမိတို့မှန်ကန်ကြောင်းကိုသာ ပြန်ပြောသည်။ ဒါဟာလည်း အစွန်းတမျိုးပါဘဲ။ ဒါ့ကြောင့် ပြည်သူတွေဟာ အစွန်း ၂ မျိုးကြားမှာ နေနေရပါသည်။ သတင်းသမားဆိုလဲ တည်တည်တန့်တန့် ဂုဏ်သရေရှိ ဗဟုသုတပြည့်စုံ ဝါသနာထုံသည် သတင်းသမားဖြစ်စေချင်ပါသည်။ မီဒီယာတိုက်ဆိုလည်း ဒီလိုဖြစ်စေချင်ပါသည်။ အမှောင်ခေတ် သတင်းသမား မီဒီယာတိုက်များ မဖြစ်လိုတော့ပါ။ အမှတ်အတိုင်းသုံးသပ်ပါ မြန်မာပြည်ထုတ် ဂျာနယ် ၉၀ ရာခိုင်နှုံးသည် တင်းမပြည့် ကျပ်မပြည့် လမစေ့ဘဲ မွေးလာသည့် ခလေးငယ်အလားတူနေပါသေးသည်။ နိုင်ငံခြား မီဒီယာကို အားကိုးမယ်ဆိုတော့လဲ သူများကို အမြဲတမ်း လက်ညှိုးနေတာများတော့ ပြည်သူတွေ ဘာဖတ်ပြီး ဘာယူရမယ်ဆိုတာ မရှိတော့ပါ။ နှစ်ဖက်စလုံး အမြန်ဆုံး အလင်းတန်းတွေ့ရှိပါစေ။

  1. Anonymous said... :

    သတင်းကို တဖက်တည်းကရပေမယ့် တဖက်စောင်းနင်း မဖြစ်အောင် ရေးတတ်ရပါတယ်။ ဥပမာ လိုင်ဇာ လူနေရပ်ကွက်ထဲကို လက်နက်ကြီးကျတဲ့ကိစ္စ။ Eleven Media က "၂၀၁၃ ခုနှစ်၊ ဇန်န၀ါရီလ (၁၄)ရက် နံနက် (၈း၁၅) မိနစ်အချိန်တွင် ဒေါ့ဖုန်းယန် တပ်မတော်စခန်းမှ (၁၀၅)မမ လက်နက်ဖြင့် လိုင်ဇာမြို့လူနေရပ်ကွက်များသို့ (၄)ချက်ပစ်ခဲ့ပြီး (၃)လုံးပေါက်ကွဲခဲ့ကြောင်း သိရသည်။" လို့ရေးပါတယ်။ (ဒါ ဒေါက်တာဆိတ်ဖွား စိတ်ဆိုးတဲ့ကိစ္စ တခုပါ) အဲဒီသတင်းကို ဆက်ကြည့် ရင် ကေအိုင်အေ ပြန်ကြားရေး အရာရှိ ဦးလနန်က ပြောတဲ့အကြောင်းပါပါတယ်။ ဦးလနန်ဆီကပဲ ဒီသတင်းရပါတယ်ဆိုရင် "သိရသည်" လို့မရေးသင့်၊ "ဟုဆိုသည်/ဟုကြားသိရသည်" ဆိုတဲ့ စကားမျိုးသုံးရပါတယ်။ ဆိုလိုတာ ဒီသတင်းအမှားအမှန်ကို ဦးလနန်ကပဲတာဝန်ယူရမယ်၊ သတင်းထောက်က တာဝန်မယူဘူးဆိုတဲ့ သဘော။

    ဒါမှမဟုတ်၊ လိုင်ဇာမှာ ကိုယ်စိတ်ချရတဲ့ သတင်းထောက် ရှိနေလို့ သူ့ဆီက ရတဲ့သတင်း ဆိုပါတော့။ အချိန်၊ နေရာတိတိကျကျ ပြောပြီး "လက်နက်ကြီးကျဉ် (၃) လုံး ကျရောက်ပေါက်ကွဲသည်" လို့သာရေးရမယ်။ ဘယ်နေရာက ပစ်တယ်ဆိုတာက သတင်းထောက်မပြောနဲ့၊ ၀ါရင့်စစ်သားကြီးတွေတောင် အကြမ်းဖျဉ်းသာ ခန့်မှန်းနိုင်တာမျိုး ဖြစ်လို့ ခုလို အပိုင် မရေးသင့်ပါဘူး။ ဒါဟာ မရည်ရွယ်ဘဲ တဖက်စောင်းနင်း ဖြစ်သွားတဲ့ ပုံစံပါ။

  1. Anonymous said... :

    All of above comments are good. Thanks for all commentators.

  1. ကောင်းတာလုပ်တဲ့သူတွေကိုကောင်းတာ
    မြင် တာသဘာဝပါ။သမိုင် ကမှတ်
    ကျောက်တင် ပါတယ်။လူတွေအားလုံးက
    လဲသိပြီးသားပါရေးပြမ နေပါနဲ့
    ဝက်သားဟင်းစားနိုင် တဲ့သူတွေအ ကောင်းပြောအ ကောင်းမြင်းတာမဆန်း
    သလိုဆန်ကွဲပြုတ်သောက် ရတဲ့သူတွေ
    ကအ ကောင်းမမြင် နိုင် တာနိယာမပါ
    ရခိုင်ပြည်မှာဘင်္ဂါလီနေတာရခိုင် မကြိုက်
    ပေမဲ့ဒီလိုပဲအောင့်အီးနေခဲ့ကြ ပေမဲ့နေတဲ့
    ဘင်္ဂါလီကလဲသိမ်ငယ်စိတ်နဲ့နေရ တော့
    နှိပ်တယ်ထင် တာပေါ့။ရှမ်းနီတွေလဲ
    ဒီသ ဘောပါပဲ။

  1. Anonymous said... :

    I'm kachin....The most I wish is all burmese troops stay away from kachin land.As long as they living in kachin land we kachin people need to fight back until the end of the world.This is kachin people desire.Know that!!!!!!!!!! all comments......

  1. Unknown said... :

    တိုင်းရင်းအားလုံးညီညီညွတ်ညွတ်နဲ့ ပူးပေါင်းရင်
    အားလုံးအဆင်ပြေမှာပါ။ ညီညွတ်ခြင်းဟာ power ပါပဲ

  1. Unknown said... :

    Kachin အားလုံးညီညွတ်ကြပါ။

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved