ငပုတောက ဆင်တွေ အသတ်ခံနေရတယ်

Friday, January 25, 2013


~


သန့်စင်ငြိမ်းချမ်း ~

ဧရာဝတီတိုင်းဒေသကြီး ငပုတောမြို့နယ်အတွင်းက တောဆင်တွေဟာ ဆင်စွယ်အလိုရှိသူ ဆင်မုဆိုးတွေလက်ချက်နဲ့ သေဆုံးနေရတယ်၊ ပြီးခဲ့တဲ့ ၇ လအတွင်း ဆင် ၅ ကောင် အသတ်ခံခဲ့ရတယ်လို့ ငပုတော လွှတ်တော်ကိုယ်စားလှယ်နဲ့ ဒေသခံတွေက ပြောပါတယ်။

(Google ရဲ့ ဂြိုလ်တုဓာတ်ပုံမှာ မြင်ရတဲ့ ငပုတောမြို့ ၀န်းကျင်)
 ယခုလ ၃ ရက်နေ့က ငပုတောမြို့နယ် ငရုတ်ကောင်းမြို့နယ်ခွဲမှာရှိတဲ့ ဆင်မှုံကြိုးဝိုင်းထဲမှာ ခေါင်းပြတ်နေတဲ့ ဆင်သေတကောင်ကို သစ်တောအရာရှိတွေ  တွေ့ခဲ့ပါတယ်၊ ဒါဟာ ၇ လအတွင်း အစွယ်ဖြတ် အသတ်ခံလိုက်ရတဲ့ ၅ ကောင်မြောက် တောဆင်ပဲ ဖြစ်ပါတယ်။

 “ဆင်ကတောနက်ကြီးထဲမှာ စားဖို့သောက်ဖို့မရှိလို့ အစာရှာရင်း ကားလမ်းဘေးတွေ ရောက်လာတော့ တချို့ ဆင်စွယ်လိုချင်တဲ့လူက ဒေသခံတွေကို ပိုက်ဆံပေးပြီး လိုက်ပြခိုင်းတယ်။ ပြီးတော့မှ ဆင်ကိုသတ်၊ အစွယ်ဖြတ်ပေါ့။ လုပ်တာတော့ တနယ်တကျေးက လူတွေပဲ။
အစုလိုက် အဖွဲ့လိုက်နဲ့ လာလုပ်ကြတာပေါ့။ ဒေသခံတွေပြောတာဆိုရင် ပါဂျဲရိုးနဲ့တောင် လာကြတယ်ပြောတယ်”  ဟု ငပုတောမြို့နယ် တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးအေးကြည်က ပြောပါတယ်။

 ဆင်စွယ်အရောင်းအ၀ယ်ဈေးကွက်မှာတော့ ဆင်စွယ်ကို ပိဿာချိန်နဲ့ရောင်းဝယ်ကြပြီး  ၁ ပိဿာ ကျပ် ၆ သိန်းကနေ ၁၀ သိန်းအထိ ပေါက်ဈေးရှိကြောင်း သိရပါတယ်။

 ဆင်စွယ်တချောင်းဟာ အနည်းဆုံး ၁၀ ပိဿာကနေ ၁၅ ပိဿာအထိ အလေးချိန် ရှိတဲ့အတွက် ဆင်စွယ်တချောင်းတန်ဖိုးဟာ မှောင်ခိုဈေးကွက်မှာ အနည်းဆုံး သိန်း ၆၀ ကနေ သိန်း ၁၀၀ ကျော်အထိ ရှိနေပါတယ်။

 ငပုတောမြို့နယ်ထဲမှာ ဆင်တွေ အဓိက အသတ်ခံနေရတဲ့ကြိုးဝိုင်းကတော့ မြစ်တရာ ကြိုးဝိုင်းဖြစ်ပြီး အဲဒီကြိုးဝိုင်းအနီးက တောကြီး၊ စမ်းကြီး၊ တောင်ချောင်းနဲ့ ပိုးလောင်း ဆိုတဲ့ရွာတွေမှာ ခေါင်းပြတ်နေတဲ့ ဆင်သေတွေကို တွေ့ခဲ့ရတာ ဖြစ်ပါတယ်။

သက်ဆိုင်ရာ ရဲဌာနအနေနဲ့ ဆင်စွယ်ခိုးဂိုဏ်းတွေကို သက်သေခံပစ္စည်းနဲ့တကွ ဖမ်းမိတာမျိုး မရှိသေးဘဲ လမ်းပြသူ၊ အဖော်လိုက်ပါသူ ဒေသခံတချို့ကို ဖမ်းဆီးမိတာမျိုးသာ ရှိနေပါတယ်။

 “ဖမ်းမိတဲ့ ဒေသခံတွေကလည်း ဒီမြို့နယ်ထဲက သစ်ခုတ်၊ ၀ါးခုတ်တဲ့လူတွေပါ။ သူတို့ ကူညီလိုက်တဲ့လူဟာ ဘယ်သူဘယ်ဝါ ဘယ်မှာနေတယ်ဆိုတာ မပြောနိုင်ကြဘူး” လို့ ငပုတောမြို့နယ်က ရဲဝန်ထမ်းတဦးက ပြောပါတယ်။

 ဆင်တွေခုလို စည်းမဲ့ကမ်းမဲ့ သတ်ဖြတ်ခံနေရမှုကို ထိထိရောက်ရောက် မနှိမ်နှင်း အရေးမယူရင် ဒီဒေသမှာ တောဆင်တွေ ရှိတော့မှာမဟုတ်ဘူး လို့ သာပေါင်းမြို့နယ်အခြေစိုက် Beautiful Land (လှပသောမြေ) သဘာဝပတ်ဝန်းကျင် ထိမ်းသိမ်းရေးအဖွဲ့ခေါင်းဆောင် ဦးမြင့်အောင်က ပြောပါတယ်။

 “တောရဲ့သဘောက ဇီဝမျိုးစုံ မျိုးကွဲတွေကို ထိမ်းသိမ်းဖို့လိုပါတယ်။ ခုလိုတွေ စည်းမဲ့ကမ်းမဲ့ အသတ်ခံနေရရင် နောက်နောင် ဆင်တွေ မျိုးတုန်းပျောက်ကွယ်သွားမှာကို စိုးရိမ်မိပါတယ်”လို့ သူက ပြောပါတယ်။

 မြန်မာတနိုင်ငံလုံး  ဆင်ကောင်ရေ  ၅,၀၀၀ ကျော် ရှိမယ်လို့ ခန့်မှန်းထားကြပြီး ငပုတောမြို့နယ်မှာ ကောင်ရေ ၈၀၀ ခန့် ရှိနေကြောင်း သစ်တောဝန်ထမ်းတွေ အဆိုအရ သိရပါတယ်။























-

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved