နိုးကြားပေလော့ ဧရာဝတီ

Thursday, January 10, 2013

ဧရာဝတီတိုင်းအတွင်း ဧရာဝတီ မြစ်ရေကြီးနေတဲ့အချိန်၊ ဓာတ်ပုံ- မေစစ်ပိုင်/ဧရာဝတီ

နေမျိုးဇင် ~

တောင်သူလယ်သမား ၊ ကပ်ပါး ရေလုပ်သားတို့ ဘ၀ အတွက် လွတ်လပ်ခွင့် သင့်ချိန်ကျပြီ။

မိမိ ညှိနှိုင်းဆောင်ရွက်သူ အဖြစ် တာဝန်ယူနေသော မြန်မာ့လူမှုဘ၀ ဖွံ့ဖြိုးတိုးတက်ရေး ကွန်ယက် သည် စတင်ဖွဲ့စည်းကာမှ စပြီး၊ ပြည်သူလူထု အပေါ်ကျရောက်လာသော သဘာဝဘေး၊ လူလောကလုပ် ဘေး များ အားလုံးကို တတ်စွမ်းသရွေ့ ကာကွယ် စောင့်ရှောက် ကယ်တင်ခဲ့သည်။

ဦးဆုံး ခရမ်း၊ သုံးခွ ဒေသ ဘက်မှ သောက်ရေ ရှားပါးသော သဘာဝဘေးကြီး အတွက် စက်ရေတွင်းပေါင်း ၁၁ တွင်း ( ကျပ်သိန်းပေါင်း ၁၅၀ ခန့်)ဖြင့်  ပြည်သူမှ ပြည်သူသို့ ကူညီသော အလှူ အကူများကို ရိုးဖြောင့် စွာ ထမ်းရွက်ပို့ဆောင်ကူညီပေးခဲ့သည်။

သုံးခွ ဒေသ ရေလုံလောက်သလောက်ဖြစ်လာချိန် မိုး ရာသီကျရောက်လာသည်။ ရွာလွန်းသော မိုး၊ သွန်းဖြိုးလွန်ပြီး ဧရာဝတီဒေသ ရေမြုပ်ပြန်လေသည်။ ပန်း တနော်၊ သာပေါင်း ဒေသ အဆိုးဆုံးဖြစ်သည်။ ရွာများစွာ မှ တဲအိမ်ပုတို့ ခေါင်ထိ မျှ ရေမြုပ်သည်။ ထိုကျေးရွာလေးများ ရှိ စေတီဘုရားတို့ မြုပ်ကုန် သည်။  
 
မှတ်မိသလောက် နွေအခါ ရေရှိသော ရေချောင်းတို့ ရေမျက်နှာပြင် ထက်  ၀ါး တပြန်မက အမြင့် ထိ ရေတက် နစ်မြုပ်သည်။ ၀ါး တပြန်စာ ဆိုသည်မှာ ပေ ၂၀ အထက် ခန့်ရှိသည်။
 
ကျနော်တို့ ကယ်ဆယ်ရေး အဖွဲ့ ရောက်သွားချိန်တွင် အမြင့်ဆုံး တက်ခဲ့သည့် ရေပြင်အမြင့်မှာ တပေခန့်ပြန်ကျချိန်ဖြစ်သည်။ သတင်းဆက်သွယ်မှုများ နောက်ကျနေခြင်း၊ အစိုးရ သတင်းပြန်ကြားရေး ဌာနများမှ မည်သည့် သတင်းမှ မကြားရခြင်းတို့ကြောင့် ပြည်တွင်း နေ အချင်းချင်း ပုသိမ် သာပေါင်းဒေသ ရေမြုပ်နေသည်ကို ကျနော်တို့ မသိရ။ 
 
အင်တာနက် သတင်း တချို့အရ ၊ ရေကြီးခြင်း ဒါဏ် သည် စိုးရိမ်ရသည့် အနေအထားရှိကြောင်း တစွန်းတစသိရသည်မို့ ကျနော်တို့ စွန့်စားမေးမြန်းပြီး သာပေါင်း ၊ ပန်းတနော် ဒေသများသို့ သွားခဲ့သည်။

ရေဘေးသင့်သော  ကျေးရွာနေပြည်သူလူထုမှာ တဲအိမ်လေးများ အတွင်း ခေါင်မိုးနှင့် ကပ်လျှက် ( အချို့ကား ခေါင်မိုးပေါ်တွင် ဖြစ်သလို နေလျှက်) အဆင့်ငယ်လေးများကို ၀ါးဖြင့် ထိုးကာ ၀မ်းလျားမှောက်ပြီး နေနေကြရသည်။ 
 
 ထိုသို့ ၀မ်းလျားမှောက်နေကြရသည်မှာ တပတ်ခန့် ရှိနေပေပြီ၊ အများစုမှာ အစာငတ်မွတ်နေကြသည်။ အများပြည်သူ လူထု လှူဒါန်းသော ကယ်ဆယ်ရေး အကူများကြောင့်သာ ဧရာဝတီနေ ပြည်သူတို့ အသက်ဘေး ကယ်ဆယ်နိုင်ခြင်းဖြစ်သည်။ ထို့ကြောင့်လည်း မြန်မာတို့ က ပြောစမှတ်ပြုကြခြင်းဖြစ် မည်။ 
 
 မြန်မာနိုင်ငံတွင် အလွန် တန်ခိုးထက်သော သူရဲကောင်း နှစ်ဦးကယ်ဆယ်သောကြောင့်သာ ပြည်သူတို့ အသက်ချမ်းသာရာ အမြဲရနေခြင်းဖြစ်သည်တဲ့။ ထို သူရဲကောင်း နှစ်ဦးမှာ ကိုထူ နှင့် ကိုထ ဟူသတည်း။

သာပေါင်း ဒေသ နှင့် ပန်းတနော် ဒေသ ကျေးရွာများစွာဆီသို့ အကြိမ်ကြိမ်သွားရောက်ပြီး အသက် ကယ်ဆယ်ရေး အစားအသောက် ဆန်၊ ဆေး ၊ ဆီ၊ ဟင်းချက်ဖွယ်ရာများ မိမိတို့ ကွန်ယက်က သွားရောက် လှူဒါန်းပေးခဲ့သည်။ ဆန်အိတ်ပေါင်း တစ်ထောင်ကျော်၊ တန်ဖိုးကျပ်သိန်းပေါင်း သုံးရာကျော်ဖိုးကို ဧရာဝတီ ရေကြီးနေစဉ် ကာလ အတွင်း မိမိအား ယုံကြည်သူမိတ်ဆွေများ ပေးပို့သည့်အလှူအကူ ငွေ များ ၊ ပစ္စ္စည်းများကို ဖြောင့်မတ်သော ကူညီခြင်းဖြင့်ပံ့ပိုးကူညီ ပေးခဲ့ပါသည်။

ထိုသို့ အကြိမ်ကြိမ်သွားလာရင်း ထို ဧရာဝတီသားတို့ ဘ၀ ကို အနီးကပ် လေ့လာ ကိုယ်ချင်းစာလာ မိသည်။

သူတို့ ယခုကဲ့သို့ နှစ်စဉ်နီးပါးမျှ ကြုံလာရသော သဘာဝ ရေဘေးသည် မြစ်ကြောင်းအသွယ် သွယ် ပေါကြွယ် လှသည့် တြိဂံမြစ်ဝှမ်း လွင်ပြင်တွင် ဘာကြောင့် ဒါတွေဖြစ်နေပါသနည်း ။ လေ့လာမိ သည်။  
 
ဆန်ရေစပါး ပေါများကြွယ်ဝ စဉ်လာလှနှင့် ပြည့်စုံကုံလုံခဲ့ပါသော ဆန်စိုက် တောင်သူ ဦးကြီးတို့ စားစရာ ဆန်မျှ မရှိပြီ။ လယ်လုပ်စရာ လယ်မှ မရှိပြီ။ နေရာ တကာ ရေပြင်လွှာနှင့် အင်းများ၊ ရှောများ၊ နှင့် အင်းသူကြီး များ တို့ ကြီးစိုး ချယ်လှယ်နေကြသည်မှာ အံ့ဖွယ်ပင်။

အင်းသူကြီး တန်ခိုး ထွားချက်များ သူ့ အမိန့် သူမလိုသူကို သူ့တပည့် တပန်း ( တခါတရံ ရဲတပ်ဖွဲ့ကိုပင် အမိန့်ပေးသေးသည်) တို့ပေါ် သြဇာသက်ေ၇ာက်မှုကလည်း ကြောက်ခမန်းလိလိ။ သူပိုင်သော အင်းရေပြင် ဟုတ် ဟုတ် မဟုတ်ဟုတ် ၊ အနီးဝန်းကျင် ရေပြင်ကျယ် တခွင် ငါးရှာဖါးရှာ တွေ့လာသူကို ကြိုးတုပ်နှိပ်စက် နောင်ကြဉ်အောင် ဆုံးမသည်။ 
 
အချို့ကို ရဲလက်သို့ အပ်ပြီး အနည်းဆုံးသောပြစ်ဒါဏ် အဖြစ် ထောင်သုံးလ မှ အထက် ချသည်။ အင်းခြံဝင်း အတွင်း ဖမ်းဆီးထားခံရသော ငါးခိုးဖမ်းသူဟု စွပ်စွဲခံရသူကို အသံမြည်အောင် ရိုက်နှက် နှိပ်စက်ခိုင်းပြီး တယ်လီဖုန်းက တဆင့် နား အရသာ ခံကာ ငိုညည်းသံ ပြင်းထန်မလာမချင်း နှိပ်စက်ခြင်း ပြစ်ဒါဏ်ကို ဖုန်းလေလှိုင်းမှ တဆင့် ထပ်ချစမ်း၊ ထပ်ရိုက် စမ်းဟု ပြစ်ဒါဏ်တော် ချမှတ် သော အင်းသူကြီးမျိုး ရှိနေသည်ဆိုလျှင် ၂၀၁၂  ခုနှစ် မြန်မာပြည် သားတို့ ယုံမည် မထင်။

အမှန်ပင် ထိုဖြစ်စဉ်များ ရှိခဲ့ပါသည်။ ရှိနေဆဲဖြစ်ပါသည်။ မိမိမှ ဖေါ်ထုတ်တင်ပြနေသော မတရားဟု ယူဆနိုင်သည့် သက်သေ အထောက်အထားမဲ့ ဖမ်းဆီးခြင်းများ ၊ ဥပဒေပါ ပြဌာန်းချက်များနှင့် ကွဲလွဲသော စွပ်စွဲချက်များဖြင့် ဖမ်းဆီး တရားစွဲခံနေရသော ဖြစ်စဉ်များ၊ အင်းသူကြီး မတရားသိမ်းယူထားသော သူတို့ မြေယာများ ပြန်လည်တောင်းဆိုမှုကြောင့် အညိုးထား နှိပ်စက်ခံရသော တောင်သူများ၊  သူတို့ ဘိုးဘွားပိုင် ယာမြေ အနီး ချောင်းမြောင်းတွင် ငါးမျှား ရှာစားမိသဖြင့် ပြင်းထန်စွာ ရိုက်နှက် နှိပ်စက်ခြင်း ခံရသော ကိုယ်ဝန်သည် အမျိုးသမီးဖြစ်စဉ်မျိုးများ၊ စသည့် များမြောင်ထွေလီသော မတရားမှု ဖြစ်စဉ်များသည် တမျိုးနှင့် တမျိုး မရိုးအောင်ပင် ။   

ယခုသော် ရေလုပ်သားများ၊ တောင်သူလယ်သမားများ ပြည်သူတို့သည် နိုးကြားထကြွမှု ရှိလာကြပေပြီ။ သမဂ္ဂများ ဖွဲ့စည်းဆောင်ရွက် ချိတ်ဆက်ကာ မိမိတို့ ဘ၀ ၊ ဖိနှိပ်ခံ နင်းပြားဘ၀များမှ လွတ်မြောက်အောင် ရုန်းထ၇န် ကြိုးစားလာကြပေပြီ။

ပန်းတနော် - ဓနုဖြူ - ညောင်တုန်း (အနောက်ခြမ်း သုံးမြို့နယ် ) သုံးပွင့်ဆိုင် နယ်မြေမှ တောင်သူ လယ်သမား ၊ ကပ်ပါး ရေလုပ်သား သမဂ္ဂဖွဲစည်းရခြင်း ရည်ရွယ်ချက်တွင် ပြည်သူတို့ ဘ၀ ကို အထင်း သား တွေ့မြင်နိုင်သည်။ အောက်ပါ စာသားများမှာ တောင်သူလယ်သမားတို့ ရည်ရွယ်ချက်များဖြစ်သည်။

ကျွန်ုပ်တို့ မြန်မာနိုင်ငံသည် မြေယာကုန်ထုန် လုပ်ငန်းကို လုပ်ကိုင်ကြသော လယ်သမား၊ ကိုင်း သမား၊ ချောင်းမြောင်း ၊ အင်းအိုင်များတွင် သားငါး ရှာဖွေစားသောက်ပြီး၊ ကျဘမ်း လုပ်ငန်းများကို တည်ငြိမ်မှု မရှိ လုပ်ကိုင်နေကြရသော ကပ်ပါး အလုပ်သမားများ စသည့် အခြေခံ လူတန်းစားများ မှာ မြန်မာနိုင်ငံဧ။် လူဦးရေ အများဆုံးသော လူတန်းစားများဖြစ်ကြပါသည်။  ၄င်းလူတန်းစား အများစုမှာ လည်း ဆင်းရဲပြီး မူလတန်း အဆင့် လော်ကသာ ပညာတတ်သော လူများသာ ဖြစ်ကြပါသည်။

ယခင် စစ်အစိုးရများ လက်တက်တွင် လယ်သမား အရေး ကိစ္စ၊ အလုပ်သမား အရေး ကိစ္စ များကို ပြုလုပ်ဆောင်ရွက်သည့် အခါ လယ်သမား၊ အလုပ်သမား အများစုဧ။် သဘောထားကို ရယူခြင်း မပြုလုပ်ပဲ လယ်သမား၊ အလုပ်သမားများထဲမှ  အ သောသူ၊ ရှုပ်သောသူ၊  ကြောက်သော သူ လူနည်းစု သဘောထားကိုသာ ရယူပြီး တိုင်းပြည်ဧ။် စီမံကိန်းများ ပြုလုပ်ဆောင်ရွက်သည့် အတွက် စီမံကိန်း ဟူသမျှ အောင်မြင်မှု မရှိဘဲ အရှုံးပြကာ ရေသယံဇာတ၊ မြေသယံဇာတ ပေါကြွယ်လှသည့် ကျွန်ုပ်တို့ မြန်မာနိုင်ငံမှာ ကမ္ဘာ့ အလယ်တွင် ဆင်းရဲသော နိုင်ငံ အဖြစ် ကျရောက်ခဲ့ရခြင်းဖြစ်ပေသည်။
...............................
သို့ အတွက် ကျွန်ုပ်တို့ အဖိနှိပ်ခံ တောင်သူလယ်သမားများ၊ ကပ်ပါး ရေလုပ်သားများ အပေါ် ခေတ် အဆက်ဆက် အနိုင်ကျင့် ခံရမှုများ၊ ဆင်းရဲမွဲတေခဲ့ရမှုများ၊ လူလုံးမလှဖြစ်ခဲ့ရခြင်းများကို သတိမူ ၍  မြန်မာနိုင်ငံဧ။် လူဦးရေ အများဆုံးဖြစ်သော တောင်သူလယ်သမားများ၊ ကပ်ပါး ရေလုပ်သားများဧ။် ဘ၀ ဖွံ့ဖြိုးတိုးတက်ရေး၊ တည်ငြိမ်အေးချမ်းရေးနှင့် ဒီမိုကရေစီ နိုင်ငံသစ် တည်ဆောက်ေ၇းတွင် ကယာ၊ ဥာဏ စသည့် လူသား အရင်းအမြစ်များကို နိုင်ငံ အတွက် တန်ဖိုးရှိရှိပေးဆပ်နိုင်ရေးကို ရှေးရှု၍ ဧရာဝတီ တိုင်း ဒေသကြီး၊ ပန်းတနော်မြို့နယ်၊ ဓနုဖြူမြို့နယ်၊ ဧရာဝတီမြစ် အနောက်ခြမ်း၊ ညောင်တုန်းမြို့နယ်များမှ လယ်သမား ကပ်ပါး ရေလုပ်သား လူဦးရေ ငါးထောင်ကျော်ဖြင့် သုံးမြို့နယ် (၃) ပွင့်ဆိုင်  တောင်သူ လယ်သမား ၊ ကပ်ပါး ရေလုပ်သားများ သမဂ္ဂကို  အောက်ပါ ရည်ရွယ်ချက်များဖြင့် ဖွဲ့စည်း လိုက်သည်။
 
 
(၁)  တောင်သူလယ်သမားများ ၊ ကပ်ပါး ရေလုပ်သား များ အပါအ၀င် ပြည်သူလူထု အားလုံးဧ။် ဘ၀ တိုးတက်စေရန်နှင့် လုံခြုံအေးချမ်းစေရန် ဖြစ်သည်။
(၂) သုံးပွင့်ဆိုင် နယ်မြေရှိ လယ်သမား၊ ကပ်ပါး ရေလုပ်သား သမဂ္ဂ သည် ဒေသတွင်း လူထု အကျိုးစီးပွား များကို အစဉ်တစိုက် ရှေးရှုလျှက် လက်တွဲဆောင်ရွက်သွားမည်။
(၃) သုံးပွင့်ဆိုင် နယ်မြေရှိ လယ်သမား၊ ကပ်ပါး ရေလုပ်သား သမဂ္ဂ သည် ဒေသတွင်းရှိ ရေနက်ကွင်း ဖေါ်ထုတ်ရေး စီမံကိန်းအတိုင်း ဒေသတွင်း လယ်သမား အကျိုးစီးပွားနှင့် ကပ်ပါး ရေလုပ်သားတို့ ဧ။် အကျိုးစီးပွားများကို တည်ဆဲ တရားဥပဒေနှင့် အညီ၊ ဒီမိုကရေစီ အရေး၊ လူ့အခွင့်အရေးတို့နှင့် တပြေးညီ ဆောင်ရွက်သွားမည်။
(၄) သုံးပွင့်ဆိုင် နယ်မြေရှိ လယ်သမား၊ ကပ်ပါး ရေလုပ်သား သမဂ္ဂ သည် ရေကြီးနစ်မြုပ်မှုများဖြစ်စဉ်ကို ရှာဖွေ ပြုပြင်ရန်နှင့်  စိုက်ပျိုးရေး ကိစ္စများကို ခေတ်မှီ ဖွံ့ဖြိုးတိုးတက်စေရန် ဆောင်ရွက်သွားမည်း
(၅)  သုံးပွင့်ဆိုင် နယ်မြေရှိ လယ်သမား၊ ကပ်ပါး ရေလုပ်သား သမဂ္ဂ သည်  ဒေသတွင်း ပြည်သူလူထု အကျိုးစီးပွားများ အပြင် မြန်မာနိုင်ငံ တ၀ှမ်းလုံးရှိ တိုင်းရင်းသား ညီအကို မောင်နှမတို့ ဧ။် အကျိုးစီးပွား များကို အားလုံး တပြေးညီ ရှေးရှု၍ ဒီမိုကရေစီ ရေး၊ လူ့အခွင့်အရေးတို့နှင့် အညီ မြန်မာ့ ဒီမိုကရေစီအင်အားစု အားလုံးနှင့် လက်တွဲ ညီညီ ဆောင်ရွက်သွားမည်း

စသည်ဖြင့် ရည်ရွယ်ချက်များ ထားရှိပြီး လယ်သမားများ စုဖွဲ့စည်းကာ တဖြည်းဖြည်း အင်အား တည်ဆောက်ခဲ့ရာ ယခုဆိုလျှင် အင်းအား သောင်း ဂဏန်းမျှပင် ရှိလာခဲ့လေပြီ။

လတ်တလော ပန်းတနော် သုံးပွင့်ဆိုင် ဒေသ အတွင်း အရေးတကြီး ပြုပြင်ပြင်ဆင် သင့်သည့် အချက်များ အဖြစ် လေ့လာမိသမျှမှာ -

နှစ်စဉ်နှစ်တိုင်း ဆိုးဝါးစွာ ဖြစ်ပေါ်လာသော ရေကြီးမှု ဖြစ်စဉ်အား အမြန်ဆုံး ကာကွယ်ပြင်ဆင် ဆောင်ရွက် သွားနိုင်ရေး၊ ဆည်မြောင်း တာတမံများ၊ ရေစီးရေလာ လမ်းကြောင်းများ၊ ချောင်းမြောင်း တိမ်ကောလာမှု များနှင့် ဆည်ဖို့ လမ်းဆောက် ၊ တာတမံပိတ် လုပ်ငန်းစဉ်များအား အမြန်ဆုံး ပြန်လည် သုံးသပ်ပြင်ဆင် ရန်။ 
 
အထူး သဖြင့် ဆည်ပိတ် တာတမံများအနက်မှ ရေထု အများဆုံး စီးထွက်ရန် လမ်းကြောင်း လိုအပ်သော တာတမံများရှိ ရေထွက်ပေါက် များအား ထပ်ချဲ့ ပြီး ရေတံခါးများ ကောင်းမွန်စွာ တပ်ဆင်ခြင်းကို အမြန်ဆုံး ပြုလုပ်ပါမှ လာမည့် မိုးအခါတွင် ပိုမို ဆိုးဝါးသော ရေကြီးခြင်း ဒါဏ်ကို တင်ကြို ကာကွယ်နိုင်ပေလိမ့်မည်။ 
 
သို့တိုင်အောင် သက်ဆိုင်ရာ ဆည်မြောင်းနှင့် စိုက်ပျိုးရေး ဌာနများ ထို ရေကြီးခြင်း ဘေးမှ ကြိုတင် ကာကွယ်ရေး ထိရောက်သော လှုပ်ရှားမှုများ ယခုတိုင် လုပ်ဆောင်လာခြင်း မရှိသေးသဖြင့် လူထုကာ ကိုယ်ထူ နှင့် ကိုယ်ထ ဆိုသည့် သူရဲကောင်း နှစ်ဦး အားကိုးဖြင့် လူထု ဆန္ဒ  ဖေါ်ထုတ်ကာ တောင်းဆိုမှ သက်ဆိုင်ရာတို့က အလုပ်လုပ်ကြမည်လောဟု ထင်မြင် ယူဆချက်များ ခိုင်မာလာခဲ့သည်။

စစ်အာဏာရှင် အဆက်ဆက် အာဏာပိုင်များနှင့် ပူးပေါင်းပြီး စီမံကိန်း အမျိုးမျိုး ခေါင်းစဉ်တပ်ကာ အများပြည်သူ ပိုင်ဆိုင်သော ယာမြေ၊ လယ်မြေများ အတင်း သိမ်းဆည်းပြီး မဖြစ်စလောက် 
သော လျှော်ကြေးဖြင့် ချွှေးသိပ် တိတ်ဆိတ်စေကာ လူညွှန့်တုံးစေခဲ့သော လယ်မြေ မတရား အသိမ်းဆည်း ခံခဲ့ရခြင်း အကြောင်းများ အတွက် ယခု အခါ လူထုက ပြန်လည်ဖေါ်ထုတ် အရေးယူပြီး လူထုပိုင်သော လယ်ယာလူထု ထံသို ပြန်လည် ပေးအပ်ကာ ၀မ်းစာ စပါး ပြောင်းနှံစိုက်ပျိုးခွင့် ပြန်လည် ရရှိလိုလာကြသည်။ ခရိုနီ အင်းသူကြီးများကား တုတ်တုတ်မျှ မလှုပ်၊ သက်ဆိုင်ရာ အုပ်ချုပ်သူတို့ဘက် ကလည်း တိတ်ဆိတ်ရေငုံ မြုံနေပေသေးသည်။

ဒီကြားထဲ ခရိုနီ အင်းသူကြီးများက တန်ခိုးကြွ ဆိုးထနေလာပြန်သည်။ အင်းလုပ်ကွက် ရေပြင်ထဲ ၀င် ၀င် မ၀င်ဝင် ငါးဖမ်းကရိယာ ကင်းလွတ် ၁၆ မျိုးဖြင့် ဖမ်းဖမ်း မဖမ်းဖမ်း။ သူတို့ စိတ်နှင့် မတည့်သော သူ၊ သူ့လက်ပါးစေ များနှင့် မသင့်တင့်သောသူတို့ ငါးခိုးမှုဖြင့် ထောင်ကျ အကျဉ်းစံ  ပြစ်ဒါဏ်တို့ ခံရသူ များလာသည်။ 
 
ဖမ်းဆီးမှုများက ဒင်းကြမ်းဖြစ်လာသလို ဒေသခံ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ မှ ရဲဝန်ထမ်းတို့ မျက်လုံးသည်လ ည်း မြေခွေးသဏ္ဍာန်တောက်ပ လင်းလက်လာကြသည်။ လူထု ထံပါးမှ တိတ်ဆိတ် ကြိတ်မှိတ် အံကြိတ် သံတို့ကား လျှံကျလာတော့မယောင် ကာလ သို့ တိုင်လာသည်။

မိမိတို့က အတတ်နိုင်ဆုံး အပြေလည်ဆုံးဖြစ်စေရန် အင်းသူကြီးများနှင့် လူထု အကြား ဆက်စပ် ညှိနှိုင်းပေးရန် ကြိုးစားသည်။  အင်းသူကြီးအများစုက လက်မခံ။
 
မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က လည်း ဗြောင်ဗြောင် ပင် တာဝန်မဲ့သည်။ ပြောလိုက်လျှင် ဥပဒေ နှင့် တာဝန် ဆိုသည့် စကားကို ပါးစပ်ဖျားက မချ။

တိုင်ကြားသူ ရှိလာရင် ဖမ်းရမှာပဲဟု ငါးခိုးဖမ်းသူ သုံးဦးကို တိရိစ္ဒာ္ဆန်များနှယ် ကြိုးတုပ်ခေါ်ဆောင်လာပြီး ပန်းတနော် တရားရုံးတွင် ရုံးတင်စစ်မေး နေစဉ်က ကျနော့်  မေးခွန်းကို ရဲ အရာရှိကြီး တဦးက ဖြေသည်။ တိုင်ကြားသော အချက် အလက် အထောက်အထားမှန်လျှင် တကယ် ဥပဒေ အတိုင်း အေ၇းယူ ဖမ်းဆီးပါမည်လားဟု မေးသော အခါ အရေးယူပေးပါမည်။ ဟု ဆိုသည်။ 
 
ဒါဆို အခု အင်းသူကြီးတွေ အခုပိုင်နေတဲ့ လယ်ယာမြေတွေကို မတရားသိမ်းခံထားရတဲ့ ပြည်သူ ယာ လုပ်သားတွေက ပြေစာ အထောက်အထားတွေနဲ့ စနစ်တကျ တရားစွဲတိုင်ကြားမယ်။ မတရား အသိမ်းခံ ရတာဖြစ်ကြောင်းတွေ ပေါ်လွင်နေမယ်ဆို အဲဒီ အင်းသူကြီးကို ဖမ်းဆီး တရားစွဲပေးမှာလား ဆိုသော အခါ ရဲ အရာရှိကြီး အတိတ်မေ့သလို လို ရွှေပျောက်သလိုလို။ တခုခု ကျပျောက်သွား သလိုလို ဖြင့် ကြောက်ပြ 
နေလေတော့သည်။
 
ငွေများ တရား နိုင် ၊ ငွေနည်း တရားရှုံး ဟူသည် စကားပုံ မဟုတ်ပါ။ အပြင်ပ မြန်မာ့ တရားစီရင်ရေး စနစ်တွင် ကြွင်းကျန် အရင်းသန် နေဆဲဖြစ်ပါသည်။

နိုင်ငံတော် အစိုးရ ခေါင်းဆောင်များက ပြောင်းလဲမှု များ ဆက်လက်ဖေါ်ဆောင်မည်ဟု ကြေငြာချက်များ မိန့်ခွန်းများ တွင်တွင်ခြွေနေသော်လည်း ၊ ဒူးနန့်နေသော ခရိုနီနှင့် လက်ပါးစေ အာဏာအလွဲ သုံး ပြည်သူ့ ၀န်ထမ်း အယောင်ဆောင် လုပ်စား သမားများက အပြုံးမပျက်ကြသေ။ မြေခွေးတို့ မျက်ဝန်းများ အရောင်တောက်ပ နေကြဆဲ။

ပြည်သူတို့က ဒီမိုကရေစီ အကူးအပြောင်းကို ညင်သာသိမ်မွေ့သော အလျင်ဖြင့် တသွင်သွင် စီးစေလိုသည်။  
 
ယနေ့ နိုင်ငံရေး အကူးအပြောင်းကား စီးပွားရေး ခရိုနီ ဘူဇွာကြီးများ အတွက်သာ အရွှေ့ သဖွယ်ဖြစ်နေပြီး၊ အများပြည်သူ အောက်ခြေလူတို့ အတွက်မူ  ပတ်ပျိုး သီချင်း တပုဒ်နှယ်။


ထူး     ............... မခြား   နား။  မီး ရေ မလာသေး။ လူ့အခွင့်အရေးလည်း မပီ၊ ပြီတီတီ အနာဂတ်၊ ချွဲကျပ်နေသည့်နှယ်၊ အပြောင်းအလဲရယ် ဘယ်ဆီမှာလိမ့် မျှော်သူမှာ ရွှေရင်မောလို့ သြ ချပါလိမ့်။

စာချိုးပင် ချိုးမိပြီ။

လူထုအနေနဲ့ ဘာဆက်လုပ်သင့်ပါသနည်း။

ပြေးစရာလည်း မြေမရှိတော့။ တရုတ်နှင့် ကုလား တို့က မတန်တဆ ငွေများပေးကာ မြန်မာ့မြေကို ၀ယ်ယူဝါးမြိုပြီးကြလေပြီ။
 
အချမ်းသာဆုံး ချမ်းသာလွန်းသောကြောင့် ထားစရာ နေရာ မရှိတော့သော ခရိုနီအာဏာရှင် လူတန်းစားနှင့် ဆင်းရဲ မွဲတေရှာလွန်းသောကြောင့် စားစရာ ထွေတလာပင် မရှိတော့သည့် လူဆင်းရဲတို့ ရပ်ဝန်းကြီး အတွက် လူ့ဘ၀ ဇာတ်ရုပ် သရုပ်ပြကွက်တို့ကား ဇာတ် ရှိန်အမြင့်ဆုံး အခန်းသို့ ရောက်ရှိလာချေပြီ။

နူးညံ့သိမ်မွေ့သော ပြောင်းလဲ ပြုပြင်ခြင်းများဖြင့် လူထု အကျိုးကို ရှေးရှုပြင်ဆင် ဆွဲတင် နှစ်သိမ့်မည်လား။ ခရိုနီကြိုးဆွဲရာ မလူးသာပဲ မရဲတရဲ ကျွဲပြဲ ဆက်စီးနေဦးမည်လား။

သေချာသည်ကတော့ လာမည့် ၁၃ ရက်၊ ဇန်န၀ါရီလ (၁၃) ရက်နေ့သည် ဧရာဝတီသား ပန်းတနော်သား၊ ဓနုဖြူသား၊ ညောင်တုန်းသားတို့ အတွက် သမိုင်း တခေတ် ထုဆစ်မည့် သမိုင်းဝင် နေ့ တနေ့ဖြစ် လာပေလိမ့်မည်။

အဘယ်ကြောင့် ဆိုသော် ညီညွတ်သွေးစည်းလာပြီဖြစ်သော    သုံးပွင့်ဆိုင် နယ်မြေရှိ လယ်သမား၊ ကပ်ပါး ရေလုပ်သား သမဂ္ဂ အဖွဲ့ဝင် တောင်သူရေလုပ်သားများနှင့် မိမိတို့ မြန်မာ့လူမှုဘ၀ ဖွံ့ဖြိုးတိုးတက်ရေး ကွန်ယက်တို့ ပူးပေါင်းပြီး လူ့အခွင့်အရေး၊ အလုပ်သမား အခွင့်အရေး၊ နိုင်ငံသား အခွင့်အရေးများ ဆိတ်သုဉ်းနေမှုများအား တရားဝင် ငြိမ်းချမ်းသော နည်းလမ်းများဖြင့် ဆန္ဒ  ဖေါ်ထုတ်ကာ လက်ရှိ အုပ်ချုပ်မှု စနစ်အား သရုပ်ဖေါ် ရုပ်လုံးကြွလာစေမည့် နေ့တနေ့ဖြစ်သောကြောင့်ပင်။

ပြည်သူ့ အသံ လွှတ်တော် တကယ်ပင် နာခံ နားစွင့် မစွင့် ကြည့်ကြပါအုံးစို့

ဧရာဝတီ ဒေသမှ နှစ်ပေါင်းများစွာ မြိုသိပ် ကြိတ်မှိတ် အံကြိတ်ခံခဲ့ရသော မတရားမှုဖြစ်စဉ်များ၊ ဖြစ်စဉ်များ အစပျိုး မီးမွှေး၊ ပျိုးထောင်၊ ကိုင်းကူး၊ မျိုးပွားချန်ခဲ့သော ၀ိသမ လောဘ စီးပွားရှာသော အာဏာရှင် တို့တွင် ယနေ့ လက်ရှိ အစိုးရ အဖွဲ့မှ မည်သူ မည်သည့် အရာရှိကြီးများပါဝင် ပတ်သက်ခဲ့ဖူးသည်ကို ဆက်လက် စောင့်ကြည့်လေ့လာ ဖေါ်ထုတ်ရမည့် နိုင်ငံပြုပြင်ရေး အခြေခံ အုတ်မြစ် တူးဖေါ်မှု ကြီး တခုလည်း ဖြစ်လာပေတော့မည်။

မသထာရေစာများဖြင့် ကြွယ်ဝခဲ့သူတို့၊ အားဏာကို အလွဲသုံးကာ ချမ်းသာခဲ့သူတို့၊ မတရားသော နည်းလမ်းများဖြင့် သုခစည်းစိမ်တို့ တည်ဆောက်ခဲ့ဖူးသူတို့ မျက်ခုံးရော မျက်လုံးပါ လှုပ်ကြပေရော့ ။  လူထု အားတို့ နိုးကြားရှင်သန်လာပေပြီ။  ပြည်သူတို့ နိုးကြားရှင်သန်လာပေပြိ။ လူမသမာတို့ နိဂုံး အဆုံးသတ်ကို ဆုံးဖြတ်မည့် ပွဲစဉ်များ ကား အသက်ရှင် ရုန်းထ လာလေပြီ။ နင်းပြား အဖိနှိပ်ခံတို့ကား အပြုံး လှလှတို့ဖြင့်  လက်ခမောင်း ခတ်ရန်ပြင်ကြလေပြီ။ 


နေမျိုးဇင်

မြန်မာ့လူမှု ဘ၀ ဖွံ့ဖြိုးတိုးတက်ရေးကွန်ယက်
---

1 comments :

  1. Anonymous said... :

    မြန်မာနိုင်ငံသား အများစုဟာ ဗုဒ္ဓဘာသာဝင်တွေပါ။ ဒါပေမယ့် လူလည်တွေက အကျင့်ပျက်ဝန်ထမ်းတွေနဲ့ ပေါင်းပြီး ရိုးသားတဲ့ လယ်သမားတွေအပေါ်အနိုင်ကျင့် ခေါင်းပုံဖြတ်ပြီး မတရားစီးပွါးဖြစ်နေကြဆဲပါ။ လောဘအမှောင်ဖုန်းနေကြတဲ့ လူ့တိရစ္ဆာန်တွေကို ဖေါ်ထုတ်ပေးနေကြတဲ့ ကိုနေမျိုးဇင်၊ ကိုနေမျိုးဝေ....စတဲ့မွန်မြတ်သော နှလုံးသား၊ ရဲရင့်သော စိတ်ဓါတ်ပိုင်ရှင် ပြည်သူ့ဘက်တော်သား သူရဲကောင်းများကို လေးစားစွာ ဦးညွှတ်ပါတယ်။

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved