စိုက်ပျိုးရေးခြံလည်း စည်းကမ်းရှိရမယ် ဆိုပဲ

Tuesday, January 8, 2013

~



သတင်း၊ ဓာတ်ပုံ -  အဲမလီ ~
 


မွန်ပြည်နယ်၊ ရေးမြို့နယ်က ခြံ ၅ ဧကဟာ စည်းကမ်းမရှိတဲ့အတွက် အသိမ်းခံထားရပါတယ် တဲ့။ ၂၀၀၀ ပြည့်နှစ် ၀န်းကျင်ကတည်းက အသိမ်းခံထားရတာ ဖြစ်ပြီး အခုတော့ အဲဒီနေရာမှာ အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန (၅) ဧက စိုက်ခင်း ဆိုတဲ့ ဆိုင်းဘုတ်ကို တွေ့ရမှာပါ။

ဖြစ်စဉ်ကို ပြန်ပြောပြရရင် -
ရေးမြို့နယ်၊ အဘော်ကျေးရွာ အကွက် (၉) နဲ့ အကွက် (၅) မှာ နေထိုင်တဲ့ ဦးမြင့်စိန်၊ ဦးစိုးထွန်းညီ အကိုနှစ်ဦးရဲ့ ဥယျာဉ်မှာ သခွား၊ ခရမ်း၊ ငရုပ်၊ မရမ်းသီးနဲ့ ပဲစတဲ့ ရာသီပေါ် ခြံထွက်သီးနှံ တွေ စိုက်ပျိုးခဲ့တယ်။

ရော်ဘာနဲ့ ကွမ်းပင်တွေကိုတော့ စိုက်ဖို့ ပျိုးထားရုံပဲ ရှိပါသေးတယ် တဲ့။ အဲဒါကိုသီဟိုဠ် မစိုက်လို့ စည်းကမ်းမဲ့တယ် ပြောပြီး သိမ်းလိုက်တာပါ တဲ့။ သီဟိုဠ်စိုက်ဖို့ အမိန့်ထုတ်ထားလား ဆိုတော့လည်း မထုတ်ထားပါဘူးတဲ့လေ။
 


သိမ်းလိုက်တဲ့ ၅ ဧက ခြံထဲက ၃ ဧကကို ဦးစိုးတင့်နဲ့ မချိုတို့ကို ရောင်းလိုက်ကြောင်း၊ ကျန်တာကိုတော့ ဦးထိန်လင်း(ခေါ်) ဦးပလဲကို  ၂၅နှစ် စိုက်ပျိုးလုပ်ပိုင်ခွင့် ပေးထားကြောင်း ခြံသိမ်းခံလိုက်ရတဲ့ ဦးမြင့်စိန်က ပြောပြပါတယ်။

တနိုင်ငံလုံးမှာ ဖြစ်ပေါ်ခဲ့တဲ့ မြေယာမှုခင်းတွေဟာ - မြေယာဥပဒေရဲ့ အားနည်းချက်၊ ခေတ်စနစ်အခြေအနေ၊ ၀န်ထမ်းတချို့ရဲ့ လွဲမှားတဲ့ စီမံခန့်ခွဲမှု စတာတွေကြောင့် ဖြေရှင်းဖို့ ခက်ခဲလာပါတယ်လို့ နိုင်ငံရေးသမားတယောက်ဖြစ်တဲ့ ဦးနေမျိုးဝေက သုံးသပ်ဖူးပါတယ်။

ပြည်ထောင်စုလွှတ်တော်ကလည်း လယ်ယာမြေနဲ့ အခြားမြေများသိမ်းဆည်းခံရမှု စုံစမ်းရေးကော်မရှင်ကို ထောက်ခံမဲ ၃၉၅ မဲနဲ့  ဖွဲ့စည်းခဲ့၊ တနိုင်ငံလုံး မြေယာမှုခင်းတွေကို အဖွဲ့ (၉)ဖွဲ့ခွဲပြီး စုံစမ်းဖြေရှင်းဖို့ စီမံခဲ့တာပါ။


ရေးမြို့နယ်က ခြံပိုင်ရှင်တွေဖြစ်တဲ့ ဦးမြင့်စိန်နဲ့ ဦးစိုးထွန်းတို့က - သူတို့ခြံတွေကို ပြန်လိုချင်ပါတယ်၊ ဒီခြံနဲ့ စိုက်ပျိုးလုပ်ကိုင် စားသောက်ခဲ့ရတာပါလို့ ဧရာဝတီကို  ပြောဆိုသွားပါတယ်။





















-

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved