မုန့်ဟင်းခါးတပွဲစာပဲရှိတဲ့ ပင်စင်လခ အဖြတ်ခံရ

Saturday, January 19, 2013

~ 




ငြိမ်းချမ်း ~

(ဓာတ်ပုံ - ညီလင်းသစ် )
ကျပ် ၃၀၀ ရှိရင် မြန်မာပြည်မှာ မုန့်ဟင်းခါးတပွဲ ၀ယ်စားလို့ရပါတယ်။
ရခိုင်ပြည်နယ်၊ ပေါက်တောမြို့နယ်က ၀န်ထမ်းဟောင်းတယောက်ရဲ့ ပင်စင်လစာကလည်း တလ  ကျပ် ၃၀၀ လောက်ပါပဲ တဲ့။
ထန်းပင်ပေါ်တက်နေတဲ့ ဒီနေ့ကုန်ဈေးနှုန်းအခြေအနေအရ ဆိုရင် အငြိမ်းစားဝန်ထမ်းတယောက်အတွက် တလ ကျပ် ၃၀၀ ဆိုတာ တကယ့် ပြဿနာပါ။

အခုတော့ အဲဒါထက်ကြီးတဲ့ ပြဿနာ ရှိနေပါပြီတဲ့။ ဘာလဲ ဆိုတော့ .... မုန့်ဟင်းခါးတပွဲစာပဲရှိတဲ့ ပင်စင်လခ ရုပ်သိမ်းခံလိုက်ရခြင်းပါပဲ။

“ပင်စင်လစာက ၃၁၇ ကျပ်ပါ။ ဒါပေမဲ့ လုပ်သက် ၁၄ နှစ် တာဝန် ထမ်းဆောင်ခဲ့သူ တယောက်အနေနဲ့ ကိုယ်ရဲ့ ရပိုင်ခွင့်လေးကိုတော့ ခံစားချင်တာပေါ့” လို့  ပေါက်တောမြို့မှ ဦးမြတ်ထွန်းက ပြောပါတယ်။

ဘယ်လိုဝန်ထမ်းဟောင်းလဲ
ဦးမြတ်ထွန်းက ၁၉၇၃ ခုနှစ်မှာ  စစ်တွေမြို့ ရေကြောင်းပို့ဆောင်ရေး ကော်ပိုရေးရှင်း၊ အဲဒီနောက်  ၁၉၇၈ ခုနှစ်မှာ စစ်တွေမြို့ သင်္ဘောဆိပ် ရဲစခန်း တပ်ဖွဲ့ဝင်တဦးအဖြစ် ၁၉၈၈  ဇန်နဝါရီလအထိ လုပ်ကိုင်ခဲ့သူပါ။

ကျန်းမာရေး ချို့ယွင်း၊  ဆေးပင်စင် ရခဲ့ပြီးနောက်ပိုင်း ဒီမိုကရေစီ လှုပ်ရှားမှုထဲ ရောက်ခဲ့သူပါ။

အခုတော့   ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ပေါက်တောမြို့နယ် ဒုဥက္ကဋ္ဌ တာဝန် ယူထားပါတယ်။

၂၀၀၉ ခုနှစ်မှာ အာဏာပိုင်တို့က  ဦးမြတ်ထွန်းကို နိရိဉ္စရာ သတင်းဌာနနဲ့ အဆက်အသွယ်ရှိသူအဖြစ် ယူဆပြီး  ဘူးသီးတောင်မြို့နယ် စစ်ဆေးရေးဂိတ်တခုမှာ ထိန်းသိမ်းခဲ့တာပါ။

အဲဒီနောက် မောင်တောမြို့နယ် တရားရုံးက သူ့ကို တဖက် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်  တရားမဝင် သွားလာမှုနဲ့ ထောင် ၅ နှစ် ချလိုက်တာပါ။

၂၀၁၁ အောက်တိုဘာလမှာ သမ္မတရဲ့ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြန်လွတ်လာသူပါ။

လစာ ၃၁၇ ကျပ် ကို ဖြတ်ပြီ
အခုတော့ နိုင်ငံရေးမှုနဲ့ ထောင်ကျလို့ ဆိုပြီး ပြည်နယ် အထွေထွေ အုပ်ချုပ်ရေးမှူုးရဲ့ ကန့်ကွက်မှုကြောင့် သူ့ရဲ့ ပင်စင်လစာကို  ဖြတ်တောက်ထားတယ်လို့ သူက ဆိုပါတယ်။

“ကျွန်တော် ပင်စင်ကိစ္စကို ထောင်ကျခံရလို့ ပြောတယ်။ ထောင်ကျတယ် ဆိုတာ နိုင်ငံရေး လုပ်လို့ကျတာ နိုင်ငံတော် ပုန်ကန်မှုလည်း မဟုတ်ဘူး။  လူသတ်မှုလည်း မဟုတ်ဘူး။ ဓားပြမှုလည်း မဟုတ်ဘူး” လို့  ဦးမြတ်ထွန်းက ဧရာဝတီကိုပြောပါတယ်။

သူက အခုလို ထပ်ပြောပြပါတယ် -

“ထောင်ကထွက်လာပြီးလို့ နှစ်လွန်ပင်စင် သွားလျှောက်တော့ စစ်တွေ ခရိုင်အထွေထွေ အုပ်ချုပ်ရေးမှူးရုံးက ရုံးဦးစီးမှူး ဦးမင်းဦး မပေးသင့်ကြောင်း မှတ်ချက်ရေးပြီး ...  ပြည်နယ် အထွေထွေ အုပ်ချုပ်ရေးမှူး ဦးဇော်သိန်းက ဦးမင်းဦးရဲ မှတ်ချက်ကြောင့် ပင်စင် မပေးဘူးလို့ ဆုံးဖြတ်လိုက်တာ”

 ပင်စင်စားများ  ထောင်ကျနေခိုက်မှာ ပင်စင်လစာ မရဘူး၊ ထောင်ကလွတ်တဲ့အခါ   နှစ်လွန်ပင်စင် ပြန်လျှောက်ထားရတယ်၊ ဒါမှသာ ထောင်မကျခင် ပင်စင်လစာ မရတဲ့ရက်တွေနဲ့ ထောင်က လွတ်ပြီး မရတဲ့ရက်တွေကို ပေါင်းပြီး ရရှိတယ် လို့ သူက ရှင်းပြပါတယ်။

ဝန်ထမ်းဟောင်းတဦးရဲ့ဆန္ဒ
 ပင်စင်စားယူမဲ့ ဝန်ထမ်းတွေအတွက် အစိုးရအနေနဲ့ ကူညီပံ့ပိုးမှုတွေ ထောက်ပံ့ဖို့ စဉ်းစားသင့်တယ် လို့လည်း ၂၀၁၂ ခုနှစ်က တပ်မတော်မှ တပ်ကြပ်ကြီး ရာထူးဖြင့် ပင်စင်ယူခဲ့သူ တဦးကပြောပါတယ်။

 “ပင်စင်ယူမဲ့ ဝန်ထမ်းတွေကို နေရာထိုင်ခင်းနဲ့ သီခြား ထောက်ပံ့ကြေးတွေ၊ ငွေချေးစနစ်တွေသုံးပေးသင့်တယ်။ မဟုတ်ရင် အလုပ်ကလည်း ထွက်ရော နေစရာမရှိ၊ လက်ထဲမှာလည်း အရင်းအနှီး ဆိုတော့ တော်တော်လေးကို ဒုက္ခရောက်တယ်။ ကျွန်တော်တောင် မိဘ လက်ငုတ်လက်ရင်း အလုပ်မှာ ဝင်လုပ်နေရလို့ မဟုတ်ရင် ရပ်တည်ဖို့ မလွယ်ဘူး” လို့ အဲဒီတပ်ကြပ်ကြီးဟောင်းက ပြောပါတယ်။

ပင်စင်လစာထုတ်ယူခွင့်ကို နှစ်ပြတ် ကြိုရောင်းပြီး အရင်းအနှီး လုပ်တဲ့သူတွေလည်း ရှိပါတယ်လို့ သူက ဆိုပါတယ်။ ရောင်းတဲ့သူနဲ့ ၀ယ်တဲ့သူ လစာကို ထက်ဝက်စီ ယူကြတဲ့သဘောပါပဲ တဲ့။

(စာကြွင်း -
ကျပ် ၃၀၀ ရှိရင်  မုန့်ဟင်းခါးတပွဲ ၀ယ်နိုင်ကြောင်း အစမှာ ရေးခဲ့ပါတယ်။   တချို့ဆိုင်တွေမှာတော့ ၄၀၀ ပါ။ ပဲကြော်၊ ဘူးသီးကြော် စသဖြင့် ထည့်မယ် ဆိုရင် ဈေးက တမျိုး ထပ်ဖြစ်သွားပါလိမ့်မယ်။

ပုံမှာတွေ့ရတဲ့ သားသားနားနား မုန့်ဟင်းခါးက ရန်ကုန်မြို့ ဟိုတယ်တခုမှာ ရိုက်ထားတာ ဖြစ်ပါတယ်။)























-

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved