ပန်းတောင်းမြို့နယ်မှ အငြင်းပွားဖွယ် ဆိုင်ခန်းများအကြောင်း

Friday, January 11, 2013




ကောင်းမြတ်မင်း ~
(ကစစ (၂၃)က ဖယ်ရှားခိုင်းနေတဲ့ ဆိုင်ခန်းများ၊ ဓာတ်ပုံ- ကောင်းမြတ်မင်း/ဧရာဝတီ)
စစ်တပ်နှင့် လယ်သမား မြေယာပိုင်ဆိုင်မှု အငြင်းပွားနေတဲ့ မြေပေါ်တွင် စစ်တပ်မှ အခကြေးငွေဖြင့် ငှား ရမ်း ထားတဲ့ ဆိုင်ခန်းများကို ဇန်နဝါရီလ ၁၀ ရက်နေ့နောက်ဆုံးထား ပြောင်းရွှေ့ပေးရဖွယ် ရှိနေသည်။

ထိုသို့ ပြောင်းရွှေ့ကြရန် ဇန်နဝါရီလ ၃ ရက် နေ့က အမှတ် (၂၃) အကြီးစား အထွေထွေ စက်မှုလုပ်ငန်း စက်ရုံ က ဆိုင်ခန်းပိုင်ရှင်များကို အကြောင်းကြားစာ ပေးပို့ခဲ့ကြောင်း သိရသည်။ 


ပဲခူတိုင်း အနောက်ပိုင်း၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်၊ ဥသျှစ်ပင်ကျေးရွာရှိ ကစစ (၂၃)က သိမ်းယူထားတဲ့ လယ်မြေတချို့ကို အခကြေးငွေယူပြီး စားသောက်ဆိုင်၊ ဓါတ်ဆီဆိုင်၊ ဆိုင်ကယ်ပြင်ဆိုင်၊ ကျောက်ဂွေနဲ့ ဝါးထရံအရောင်းဆိုင်များကို လွန်ခဲ့တဲ့ ၅ နှစ်ကျော်ခန့်က စတင်ကာ လစဉ် ကျပ်ငွေ ၅၀၀၀ နဲ့ငှားရမ်းခဲ့ခြင်း ဖြစ်သည်။

“ကျနော်တို့က လန (၃၉)နဲ့ သိမ်းထားတဲ့ မြေတွေဖြစ်လို့ စက်ရုံပိုင်မြေလို့ သုံးနှုန်းရတာဖြစ်ပါတယ်။ ဆိုင်ခန်းတွေကိုလည်း ဆောက်လုပ်ခွှင့်ပြုခဲ့တယ်ဆိုတာ တပ်တွင်းသက်သာအနေနဲ့ပါ။ အခု ဖျက်သိမ်း ခိုင်းတယ်ဆိုတာလည်း အထက်က စုံစမ်းစစ် ဆေးရေးအဖွှဲ့တွေက ဘယ်လိုလုပ်မယ်ဆိုတာ ကျနော်တို့ ကိုယ်တိုင်နားမလည်ဘူး၊ အဲဒါကြောင့် ဒီဟာတွေ ဇါတ်လမ်းတွေရှုတ်မှာကြောက်လို့ ကျနော်တို့က ဖယ်ခိုင်း ထားတာပါ” ဟု ကစစ(၂၃)မှ စက်ရုံ အထွေထွေ မန်နေဂျာ ဦးဝင်းမောင်က ပြောသည်။ 

ဆိုင်ခန်းရှင်တွေအနေနဲ့လည်း နေရာငှားရမ်းအသုံးမပြုခင် စက်ရုံကို ကြိုတင်အကြောင်းကြားပြီး ဆိုင်ဆောက်လုပ် ခွှင့်ပြုမပြုမေးမြန်းပြီးမှ နေထိုင်တာဖြစ်တဲ့အတွက် နေရာအစားပြန်မပေးပါက ဖယ်ရှားပေး မှာမပေးနိုင်ဘူးလို့ ဆိုင်ခန်းရှင် အမျိုးသမီးတဦးက ဧရာဝတီကို ပြောသည်။ 

“ကျမဒီမှာနေတာ (၆)နှစ်ရှိပါပြီး ဒီမှာမနေခင်ကတည်းက ဒီမှာနေချင်တယ် အဆင်ပြေမလားလို့မေးတယ်။ သူတို့က အဆင်ပြေတယ်ဆိုလို့ ကျမတို့နေတာလေ၊ ကျမတို့က လစဉ် တသောင်းပေးနေရတာလေ၊ အစက အိမ်သေးသေးလေးနဲ့နေတာ အိမ်အကြီး ချဲ့ဆောက်ချင်တယ် ဖြစ်မလားဆိုတော့လည်း ဖြစ်တယ် 
နောက် ရေတွင်း တူးရင်ရော အဆင်ပြေမလား ဆိုတော့လည်း ပြေတယ်လို့ပဲ ဗိုလ်ကြီးဝင်းမောင်က တာဝန် ယူပြီး အာမခံပေးထားတာ၊ အခုကျမှ ကျမတို့က ချက်ခြင်းပြောင်းဆိုတော့ ဘယ်ပြောင်းလို့ဖြစ်တော့မလဲ ” လို့ သူ ဆိုသည်။ 



 ဆိုင်ခန်းများ ဖယ်ရှားပေးရန် အကြောင်းကြားစာ
ဆိုင်ရှင်များက တလကို လစဉ် ကျပ်ငွေ (၁၀၀၀၀)နဲ့ ငှားရမ်းခဲ့ရပြီး အခြေချနေထိုင်ဖို့အထိ ရည်ရွယ်ကာ ဆောက်လုပ်ထားတဲ့အတွက် ဖယ်ရှားပေးနိုင်မှာမဟုတ်ကြောင်း အတင်းအဓမ္မဖယ်ရှားလာပါက သမ္မတ ဦးသိန်းစိန်အထိ တိုင်ကြားသွားမှာဖြစ်တယ်လို့ လေးလေးစားသောက်ဆိုင်မှ မလေးလေးက ဧရာဝတီကိုပြောသည်။ 

လယ်မြေများကို သိမ်းယူစဉ်က စက်ရုံတွေအတွက်တည်ဆောက်ထားတဲ့ ရေစက်လမ်းအဖြစ် သိမ်းယူခဲ့တာဖြစ်ပြီး အခုလို အခကြေးငွေယူပြီး ငှားရမ်းထားတဲ့အတွက် စုံစမ်းစစ်ဆေးရေးကော်မရှင်ကို တိုင်ကြား ထားခဲ့တယ်လို့ လယ်ပိုင်ရှင် တောင်သူဦးထွန်းထွန်း ပြောသည်။ 

“ ဆိုင်းခန်းပိုင်ရှင်တွေက ကျနော်ကိုလာပြောတယ်။ မဖယ်ပါရစေနဲ့လို့လာပြောတော့မှ သူတို့ကိုဖယ်ခိုင်းတဲ့ ကိစ္စ ကျနော်လည်းသိရတော့တယ်။ ဒီလယ်က ကျနော်သာပိုင်တာ ငှားရမ်းတဲ့ကိစ္စနဲ့ ဖယ်ခိုင်းတဲ့ကိစ္စက စစ်တပ်နဲ့ပဲဆိုင်တာ ကျနော်နဲ့မဆိုင်ဘူး ကျနော်က ဖယ်ပေးဖို့ စုံစမ်းစစ်ဆေးရေးကော်မရှင်ကို တိုင်တာ မဟုတ်ဘူး။ သူတို့လုပ်ရက်တွေမဟုတ်လို့ တိုင်တာပဲရှိတယ်”ဟု တောင်သူဦးထွန်းထွန်းက ဧရာဝတီကို ပြောပါတယ်။ 

ဇန်နဝါရီလ (၁၀) ရက်နေ့မှာ နောက်ဆုံးပြောင်းရွှေ့ပေးရမဲ့ နေ့ရက်ဖြစ်သော်လည်း ဆက်လက်ရောင်းချ 
နေထိုင်နေတဲ့အပေါ် စက်ရုံအထွေထွေမန်နေဂျာ ဦးဝင်းမောင်က မြို့နယ်သက်ဆိုင်ရာတွေနဲ့ တိုင်ကြား သွားမှာဖြစ်ပြီး  လုံးဝမဖယ်ရှားပေးပါက စက်ရုံပိုင်မြေကျူးကျော် ဝင်ရောက် နေထိုင်မှုနဲ့ ဆိုင်ရှင်တွေကို တရားစွဲသွားမှာဖြစ်တယ်လို့ ပြောပါသည်။

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved