ဧရာဝတီတိုင်းဒေသကြီး လွှတ်တော်မှာလည်း မီးပျက်ပါတယ်

Friday, January 11, 2013

မီးပျက်ခဲ့တဲ့ ဧရာဝတီ တိုင်းဒေသကြီးလွှတ်တော်၊ ဓာတ်ပုံ- သန့်စင်ငြိမ်းချမ်း/ဧရာဝတီ
 
သန့်စင်ငြိမ်းချမ်း ~

ဧရာဝတီတိုင်းဒေသကြီးလွှတ်တော် ပဉ္စမပုံမှန်အစည်းအဝေး အဋ္ဌမနေ့ (၈ ရက်မြောက်နေ့) ကို ပုသိမ်မြို့က လွှတ်တော်ခန်းမမှာ ယမန်နေ့က ကျင်းပနေရာမှာ နေ့လည်ပိုင်း အစီအစဉ် ပြန်လည် စတင်ချိန် အဆို တင် သွင်း နေစဉ် အတွင်း ၆ မိနစ်ခန့် မီးပျက်သွားခဲ့ပါတယ်။ 

လပွတ္တာမြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးဇော်ဝင်း အဆို တင်သွင်းနေချိန် နေ့လည် ၁ နာ ရီ ၅၂ မိနစ်မှ ၁ နာရီ ၅၈ မိနစ်အထိ ၆ မိနစ်ကြာ မီးပျက်ခဲ့တာ ဖြစ်ပါတယ်။ 

မီးပျက်တာနဲ့ လွှတ်တော်ကိုယ်စားလှယ်တွေဟာ လွှတ်တော်ခန်းမရဲ့ ခန်းဆီးလိုက်ကာတွေကို ဆွဲဖွင့် ကာ ပြင်ပက သဘာဝအလင်းရောင်နဲ့ပဲ လွှတ်တော်ကို ဆက်လက်ကျင်းပရပါတယ်။ 

၆ မိနစ်လောက်ကြာတော့မှ မီးပြန်လာပါတယ်။ ပြီးခဲ့တဲ့နှစ် အောက်တိုဘာလအတွင်းကလည်း လွှတ်တော် အထူးကိစ္စရပ်များဆိုင်ရာ အစည်းအဝေး ကျင်းပနေစဉ်အတွင်း မိနစ် ၃၀ ကျော်ကြာအောင် မီးပျက်ခဲ့ဖူး ပါတယ်။ 

အဲဒီတုန်းက လွှတ်တော်ဥက္ကဋ္ဌ မိန့်ခွန်းပြောနေတုန်း မီးပျက်တာဖြစ်လို့ ဥက္ကဋ္ဌ ဦးဆန်းဆင့်မှာ မိုက်မပါဘဲ ပင်ကိုယ်သံနဲ့ပဲ မိန့်ခွန်း ဆက်ပြောခဲ့ရတဲ့အဖြစ်တွေ ရှိခဲ့ပါတယ်။ 

ပြီးခဲ့တဲ့နှစ်ကုန်ပိုင်းက နေပြည်တော်က ပြည်သူ့ လွှတ်တော်ခန်းမမှာ လျှပ်စစ်မီးကိစ္စ ဆွေးနွေးနေတုန်း မီးပျက်ခဲ့လို့ လွှတ်တော်ကို နေရာပြောင်းကျင်းပခဲ့ရတဲ့ကိစ္စက အတော်ကို အုတ်အော်သောင်းနင်း ဖြစ်သွား ခဲ့တာကို စာဖတ်ပရိတ်သတ်တွေ မှတ်မိလိမ့်မယ်ထင်ပါတယ်။ 

အခုလည်း မီးပျက်တဲ့လွှတ်တော်တွေထဲမှာ ဧရာဝတီတိုင်းဒေသကြီးလွတ်တော်လည်း အပါအ၀င် ဖြစ်တယ် ဆိုတာ စာဖတ်သူတွေသိစေချင်လို့ ဒီပို့စ်လေးကို ရေးသားလိုက်ရတာ ဖြစ်ပါတယ်။

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved