ထိုင်းမြန်မာနယ်စပ် တံတားသစ်၊ လေယာဉ်ကွင်းကြီး နဲ့ ရထားလမ်း

Sunday, January 20, 2013

 
~

ဒီမနက် နယ်စပ်မှာ  တွေ့ရတဲ့ ထိုင်းဝန်ကြီးချုပ် (ဓာတ်ပုံများ - ပြည်တော်မြင့်/ဧရာဝတီ)
ထိုင်းဝန်ကြီးချုပ် ယင်လပ် ဒီကနေ့ နယ်စပ်ကို သွားပြီး မဲဆောက်-မြ၀တီ တံတားသစ် အမြန်ဆုံး တည်ဆောက်မယ်လို့ ပြောသွားပါတယ် တဲ့။
ဒီဒေသမှာ  နိုင်ငံတကာလေဆိပ်တခု၊ ဘန်ကောက်နဲ့ချိတ်ဖို့ ရထားလမ်း စတာတွေလည်း ရှိလာတော့မယ်၊ အဲဒါတွေဟာ မဲဆောက်ဒေသမှာ ပေါ်ပေါက်လာမယ့် အထူးစီးပွားရေးဇုန်နဲ့ ဆက်စပ်နေတဲ့ စီမံကိန်းများဖြစ်ကြောင်း ဧရာဝတီ သတင်းထောက် ပြည်တော်မြင့်က အခုလို သတင်းပေးပို့ထားပါတယ်။

မဲဆောက်မြို့နားက အထူးစီးပွားရေးဇုန်စီမံကိန်းကို လာမဲ့ ၂၀၁၅ မတိုင်ခင် အပြီး တည်ဆောက်သွားမယ်လို့ ထိုင်းအစိုးရက ပြောပါတယ်။

ဒီစီမံကိန်းနဲ့ ပတ်သက်တဲ့ အခြေအနေတွေကို ဒီနေ့ မနက်ပိုင်း ထိုင်းဝန်ကြီးချုပ် ယင်လပ်ရှင်နာဝပ်နဲ့  ၀န်ကြီးတွေ၊ မဲဆောက်မြို့ကို လာရောက် လေ့လာစဉ်မှာ ပြောသွားခဲ့တာပါ။

အထူးစီးပွားရေးဇုန်စီမံကိန်း အမြန်ဆုံး အကောင်အထည်ဖော်မယ့် ကိစ္စနဲ့ ပတ်သက်ပြီး ထိုင်းဝန်ကြီးချုပ်တို့အဖွဲ့ဟာ ဒေသခံ အုပ်ရေးအရာရှိတွေ၊ လုပ်ငန်းရှင်တွေနဲ့ ဆွေးနွေးကြပါတယ်။

ဝန်ကြီးချုပ်တို့ဟာ နေ့လည် ၁၂ နာရီ ၀န်းကျင်မှာ မဲဆောက်ကနေပြန်လည်ထွက်ခွာသွားပါတယ်။

ကရင်ပြည်နယ် မြ၀တီမြို့ တဘက်ကမ်းမှာ ရှိတဲ့ မဲဆောက်ဒေသအတွင်း ပေါ်ပေါက်လာမယ့် နိုင်ငံတကာအဆင့်မီ အထူးစီးပွားရေးဇုန်မှာ ခေတ်မီ လေယာဉ်ကွင်း၊  ဘန်ကောက်နဲ့မဲဆောက်ကို ချိတ်ဆက်နိုင်မဲ့ မီးရထားလမ်းစီမံကိန်း စတာတွေ ပါဝင်မှာဖြစ်တယ်လို ထိုင်းဘက်က ဆိုပါတယ်။

ထိုင်းက စီးပွားရေးဇုန် စီမံကိန်းကို အမြန်ဆုံး အကောင်အထည်ဖော်ချင်ရတာ ဘာကြောင့်လဲ ဆိုတော့ AEC လို့ အတိုကောက် ခေါ်ကြတဲ့ လာမယ့် ၂၀၁၅ မှာ စတင် ပေါ်ပေါက်လာမယ့် အာဆီယံနိုင်ငံများ လွတ်လပ်စွာ ကုန်သွယ်ရေး အစီအစဉ်အတွက် ဖြစ်ပါတယ်။

ဒီစီးပွားရေးဇုန် ပေါ်ပေါက်လာရင် မဲဆောက် နဲ့ မြ၀တီ ဒေသ စီးပွားရေး နဲ့ ကုန်သွယ်ရေး အခြေအနေတွေ ပိုမို ကြီးထွားလာမှာ အသေအချာပါပဲ။

လက်ရှိထိုင်းနိုင်ငံက ထုတ်ကုန်ပစ္စည်းမျိုးစုံ အိမ်နီးချင်းမြန်မာနိုင်ငံဘက် တင်ပို့မှုက တလကို ပျှမ်းမျှ ထိုင်းဘတ် သန်း ၄,ဝဝဝ ကျော် ရှိတယ်လို့  ထိုင်းကုန်သည်ကြီးတွေ ပြောပါတယ်။









 

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved