သမ္မတ နဲ့ စစ်တပ်

Sunday, January 20, 2013

သမ္မတ အမိန့် လိုက်နာဖို့ စစ်တပ်က ပျက်ကွက်တာလား၊ စစ်တပ်က သမ္မတကို ချောက်ချနေတာလား 


သောကြာနေ့က လဂျားယန်ဒေသ စစ်ဆင်ရေးကို ရပ်ပြီလို့ သမ္မတရုံးက ကြေညာချက်ထွက်ပါတယ်။ 

စနေနေ့မှာတော့ နိုင်ငံတကာအလှူရှင်တွေ ရှေ့ ကေအိုင်အေကို အပစ်ရပ်ရအောင်၊ ထာဝရငြိမ်းချမ်းရေး တည်ဆောက်ရအောင်လို့ သမ္မတ ဦးသိန်းစိန်က မိန့်ခွန်းထဲ ထည့်ပြောပါတယ်။ 

ဒီနေ့ ရန်ကုန်မှာ လူမှုအဖွဲ့အစည်းများနဲ့ ထပ်တွေ့ရာမှာလည်း ကေအိုင်အေရဲ့လိုင်ဇာဌာနချုပ်ဟာ တပ်မတော်ရဲ့လက်တကမ်းမှာရှိပေမယ့် အဆုံးသတ် သိမ်းပိုက်မှု မလုပ်ဘူးလို့ကြေညာလိုက်တာက တပ်မတော်အနေနဲ့ ငြိမ်းချမ်းရေးကိုလိုလားတယ်ဆိုတာသက်သေပြလိုက်တာပါပဲလို့ ဦးသိန်းစိန် ထပ်ပြောပြန်ပါတယ်။ 

ဒါပေမဲ့ ဒီနေ့ ယခု စနေရော၊ တနင်္ဂနွေမှာပါ လဂျားယန်ဒေသမှာ အမြှောက်ကြီး ပစ်ခတ်သံတွေ တဂျိန်းဂျိန်းပဲလို့ ဒေသအတွင်း စောင့်ကြည့်သူများက ပြောပါတယ်။ လေယာဉ်ပျံတွေ ပျံပေမဲ့ ဗုံးမကြဲကြောင်း သိရပါတယ်။ 

သမ္မတအမိန့် စစ်တပ်က မလိုက်နာဘူးလို့ ဝေဖန်တော့ စစ်တပ်က ခုခံစစ် ပြန်ချေပတယ်။ လေတပ်ရော၊ ကြည်းတပ်တွေနဲ့ အကြီးအကျယ် စစ်ဆင်ရေးလုပ်နေတာကို ခုခံတာလို့ ဆိုတော့ စောင့်ကြည့်သူများက ယုံရခက်နေကြပါတယ်။ 

တချို့ကတော့ သမ္မတဟာ စစ်တပ်ကို အမိန့် ပေးမရဘူး၊ ပျော့ညံ့သူတယောက်လို့ ပုံပေါ်အောင် တမင်ချောက်ချနေတာလို့လည်း ဝေဖန်နေကြပါတယ်။ 

တကယ်လည်း နိုင်ငံရေး၊ စီးပွားရေးနဲ့ အုပ်ချုပ်ရေးမှာပါ တပ်က ဩဇာအာဏာ ကြီးမားစွာ ထိန်းချုပ်ထားဆဲပါ။

1 comments :

  1. sour grain said... :

    The president without authority, the army without obedience, the people without calmness!God!save our country.

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved