စစ်တွေမှာ သတင်းကြီးနေတဲ့ ဘူးသီးအဆိပ်သင့်မှု နောက်ဆက်တွဲ

Monday, January 28, 2013


~
ခင်ဦးသာ ~

စစ်တွေမြို့ အစာအဆိပ်သင့်မှုဖြစ်နေသည်ဟူသော ပြောဆိုချက်ထွက်ပေါ်လာသည်မှာ  သီတင်းပတ် ၂ ခု ကျော်လာပြီး လူနာတချို့ဆေးရုံရောက်နေကြောင်း၊ ထိုဖြစ်ရပ်နှင့် ပတ်သက်ပြီး အစိုးရက သတင်း တစုံတရာ ထုတ်ပြန်သင့်ကြောင်း  ဒေသခံတို့က ပြောသည်။ 
အောက်တိုဘာလက စစ်တွေမြို့တွင် တွေ့ရသော ဒေသခံ ၂ ဦး  (ဓာတ်ပုံ - ဂျေပိုင်/ဧရာဝတီ)
“အဆိပ်မိတဲ့သတင်း ကျယ်ကျယ်ပြန့်ပြန့် ဖြစ်လာနေပြီ၊ မနေ့က ဆိုရင်လည်း လူ ၃ ယောက် ဆေးရုံတင်လိုက် ရပြန်တယ်၊ ပြည်နယ် အစိုးရက တိကျတဲ့ ဆောင်ရွက်ပေးမှု မရှိဘူး၊ သတင်းကို အမှောင်ချ ဖုံးကွယ်ဖို့ဘဲ ကြိုး စားနေတာတွေ့ရတယ်” ဟု ဆေးရုံသို့ ကိုယ်တိုင် သွားရောက်ခဲ့သူ ရခိုင်အမျိုးသမီးအဖွဲ့မှ ခေါင်းဆောင် တဦး ဖြစ်သူ ဒေါ်မညိုအေးက ဧရာဝတီကို ပြောသည်။

ရူပမြောက်ရပ်ကွက်မှ အမျိုးသား ၃ ဦး  အမဲသားစားအပြီး အော့အန်မူးဝေလာခြင်းကြောင့် ယမန် နေ့ ညနေက စစ်တွေ ဆေးရုံကြီးသို့ ပို့ဆောင်ခဲ့ရကြောင်း၊ ပြီးခဲ့သည့်ရက်ပိုင်းတွင်လည်း ခရမ်းချည်သီးစားသည့် အမျိုးသမီးတချို့ အော့အန်မှု ဖြစ်ပွားခဲ့သေးကြောင်း ၎င်းက ပြောသည်။

“အာဏာပိုင်တွေ အနေနဲ့အောက်ခြေမှာ ဖြစ်နေတာတွေကို သေချာလေ့လာ စစ်ဆေးသင့်တယ်” ဟု ဒေါ်မညိုအေးက ပြောသည်။

ပြည်နယ် အစိုးရ ပြန်ကြားရေး တာဝန်ခံ ဦးဝင်းမြိုင်ကမူ လတ်တလော ဖြစ်ရပ်များကို အရေးယူ ဆောင်ရွက်နေကြောင်း ဧရာဝတီကိုပြောသည်။

“ကောလဟာလတွေ များပါတယ်၊ ဆေးရုံရောက်နေတဲ့ လူနာတွေလည်း အဆိပ်မိတာ မဟုတ်ပါဘူး၊ ပြည်နယ် ဆရာဝန်ကြီးဆီကို ဒီမနက်ပဲ  ဖုန်းဆက်မေးပါတယ်၊ အမဲသား အဆိပ်မိတာလည်း မဟုတ်ပါဘူး၊ အန်ဖတ်တွေကိုတော့ ဓာတ်ခွဲမယ်လို့ ဆရာဝန်ကြီးက ပြောပါတယ်” ဟု ဦးဝင်းမြိုင်က ရှင်းပြသည်။

ယမန်နေ့ညနေပိုင်းက ခွေးတကောင်အား  အဆိပ်ပါသည်ဟု ယူဆရသော အမဲသားကျွေးပြီး စောင့်ကြည့်ရာ ထိုခွေး၏ အခြေအနေ ထူးခြားမှု မရှိကြောင်း   ဦးဝင်းမြိုင်က ပြောသည်။
 သို့သော်လည်း ဒေသခံတချို့ကမူ ထိုခွေး သေဆုံးသွားသည်ဟု ဆိုကြသည်။

စစ်တွေမြို့၌ ပြန့်နှံ့နေသည့် အဆိပ်တွေ့ခြင်း ကိစ္စသည် ကောလဟာလ တခု မဟုတ်တော့ကြောင်း၊ သီတင်းပတ် ၂ ပတ်ကျော်သည့်တိုင် တချို့သော အသီးအနှံများတွင် တွေ့နေရဆဲ ဖြစ်ကြောင်း၊ အစိုးရ အနေဖြင့် သတင်းမှန် ဖုံးကွယ်ရန် ကြိုးပမ်းနေခြင်းသည် ပဋိပက္ခ ပိုမိုကြီးထွားလာရန် လုပ်ဆောင်နေခြင်းနှင့် တူနေကြောင်း ရခိုင်ပြည် နယ် လွှတ်တော် ကိုယ်စားလှယ် ဦးအောင်မြကျော်က ပြောသည်။

“အာဏာပိုင်တွေအနေနဲ့ ကောလဟာလပါ ဆိုတာက လွဲပြီး ဘာမှဖြေရှင်းတာ၊ သတင်းထုတ်ပြန်တာ မတွေ့ရ သေးဘူး၊ ကောလဟာလဆိုလပဲ ဘယ်လိုမျိုးဖြစ်တယ် ဆိုတာကို ပြည်သူတွေကို ရေရေ ရာရာ ဖြေရှင်းပေးသင့်တယ်၊ တကယ်လို့ ဘာမှမဖြစ်ဘူး ဆိုရင် နေပြည်တော်တို့ ရန်ကုန်တို့အထိ ဓာတ်ခွဲဖို့ ပေးပို့စရာ မလိုဘူး ထင်တယ်၊ အခုတော့ နေပြည်တော်နဲ့ရန်ကုန်ကို ဓာတ်ခွဲ့ဖို့ ပို့ထားတယ်လို့ သိရတယ်” ဟု ၎င်းက ဆိုသည်။

သတင်းပြန့်နှံ့မှု ကြီးထွားလာ၍ တာဝန်ရှိသူ အစိုးရ အနေဖြင့် လိုအပ်သည့် ကိစ္စရပ်များကို မြန်ဆန်စွာ ဆောင်ရွက် ပေးသင့်ကြောင်း ဦးအောင်မြကျော်က ဆိုသည်။

အဆိပ်ပြဿနာအား ပြည်နယ်အစိုးရ အဖွဲ့အနေဖြင့် ကိုင်တွယ်ဖြေရှင်းမှု အားနည်းနေခြင်းသည် ပြည်ထောင်စုအစိုးရထံမှ ခွင့်ပြုချက် မရသေး၍ ဖြစ်နိုင်ကြောင်း၊ ပြည်ထောင်စု အစိုးရအနေဖြင့်လည်း ယခုကိစ္စအား အလေးထားမှု မရှိဟု ထင်မြင်မိကြောင်း ၎င်းက ထောက်ပြပြောဆိုသည်။

စစ်တွေမြို့ရှိ ဈေးတွင် ရောင်းချသည့် ဘူးသီးများ၌ အဆိပ်ပါ၍ ဘူးသီးကျော်များနှင့်ဘူးသီးဟင်း အညိုရောင် ဖြစ်သွားသည်ဟု ယခုလဆန်းပိုင်းတွင် စတင် သတင်းထွက်ခဲ့ပြီးနောက် ဘူးသီး အပြင် ကြက်ဥ၊ ခရမ်းချည်သီး၊ အမဲသား နှင့်တခြား အသီးအနှံတွင်လည်း တွေ့ရကြောင်း သတင်းများ ဆက်တိုက်ထွက်ပေါ် လာခြင်းဖြစ်သည်။

ထိုအသီးအနှံများကို စစ်တွေမြို့ပြင်ရှိ သဲချောင်း အရပ်ဒေသဘက်ရှိ ကျေးရွာများမှ တင်သွင်းကြောင်း၊ ဘူးသီး အဆိပ်မိသည်ဟူသော ဖြစ်ရပ် နောက်ပိုင်းတွင်  မြို့တွင်းသို့ တင်သွင်းသည့် အသီးအနှံများကို စစ်တွေမြို့ သံဃာ့ စည်းကမ်းထိန်းရေး အဖွဲ့မှ သံဃာတချို့က စစ်ဆေးခဲ့သော်လည်း အာဏာပိုင်တို့၏ ဟန့်တားမှုကြောင့် စစ်ဆေးမှု ရပ်ထားကြောင်း သိရသည်။




















-

1 comments :

  1. Anonymous said... :

    မြန်မာ တွေဂရုစိုက်ကြပါ

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved