ဗိုလ်ချုပ်မှူးကြီးသန်းရွှေအတွက် မြို့တော်ဝန်ဟောင်းရဲ့ ကောင်းမှု

Wednesday, January 9, 2013

တုရွင်းတောင် စွယ်တော်ရှင်၊ ဓါတ်ပုံ- ကျော်ခ/ဧရာဝတီ 

ကျော်ခ ~

မြန်မာနိုင်ငံကို နှစ် ၂၀ ကျော်အကြာ စစ်အာဏာရှင်စနစ်နဲ့ အုပ်ချုပ်ခဲ့တဲ့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ လက်ထက် မှာ စစ်တပ် အရာရှိတွေက ရာထူးနေရာတွေ ရရှိဖို့ ဥပမာအားဖြင့် အာဏာနဲ့ ငွေဝင်ကောင်း မယ့်နေရာတွေကို လိုချင်ရင် အထက် အရာရှိအဆင့်ဆင့်ကို ဖားကြရတာမျိုးတွေ ရှိတယ်လို့ တပ်မတော် အသိုင်းအဝိုင်းကတဆင့်သိရပါတယ်။ 



ဒီလိုလုပ်ဆောင်တဲ့အခါမှာ အထက်အရာရှိတွေ သဘောကျ၊ မက်မောစေလောက်တဲ့ အရာတွေနဲ့ မျက်နှာလိုမျက်နှာရလုပ်ကြ၊ အဆောင်အယောင်တွေနဲ့ ဖျားယောင်း ကြတယ်လို့ဆိုပါတယ်။ 

မက်မောစေနိုင်တဲ့ ဖျားယောင်းနိုင်တဲ့ အရာတွေ မတတ်နိုင်တဲ့ တချို့အရာရှိတွေကြတော့လည်း သူရဲ့ သားသမီးဇနီးမယားတွေကို အထက်အရာရှိ ကတော် ကျေနပ်အောင် ခိုင်းချင်တာခိုင်းရအောင် သွားပြီး ကျွန်ပြုပေးရတာတွေလည်း ရှိသတဲ့။ 



စစ်အာဏာရှင်ဟောင်း ဗိုလ်ချုပ်မှူးကြီးသန်းရွှေ အုပ်စိုးစဉ်ကာလ ၂၀၀၀ ခုနှစ်က ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ ဥက္ကဌ (မြို့တော်ဝန်) ဦးကိုလေး က ဗိုလ်ချုပ်မှူးကြီး သန်းရွှေနဲ့ ဇနီး ဒေါ်ကြိုင်ကြိုင် တို့ကို အမှူးထားပြီး ပုဂံ တဝိုက်မှ စွယ်တော် စေတီလေးဆူ ရှိတဲ့အနက်က တုရင်းတောင်ပေါ်တွင် အနော်ရထာမင်းကြီး တည်ထားကိုးကွယ် ခဲ့သော တုရင်းစွယ်တော်ရှင် စေတီ တွင် ရွှေသင်္ကန်းကပ်လှူကြောင်း ကဗ္ဗည်းမှတ်တမ်းကို အခြားအလှူရှင်တွေနဲ့ မတူဘဲ ထူးထူးခြား လေးပေ ခန့်မြင့်တဲ့ ကျောက်ပြားအဖြူပေါ်မှာ ရေးထိုးထားတာကို တွေ့မြင်ခဲ့ရပါတယ်။ 

အလှူ့ရှင်စာရင်းမှာ စည်ပင်ဝန်ထမ်းတွေကို စာလုံးသေးသေးနဲ့ အောက်မှာ အကျဉ်းချုပ် ထည့်ရေး ထားပေမယ့် ဗိုလ်ချုပ်မှူးကြီး သန်းရွှေနဲ့ ဇနီး ဒေါ်ကြိုင်ကြိုင်ကို အမှူးထားပြီး လှူမယ်ဆိုတာကို လက်အောက်ခံဝန်ထမ်းတွေကို သဘောတူညီချက် အသိပေး မပေးဆိုတာ မသိရပါဘူး။ 



ဒါပေမယ့် မျက်နှာလို မျက်နှာရလှူသည်ဖြစ်စေ၊ ကြည်ညိုလေးစားလွန်း၍ လှူသည်ဖြစ်စေ မျက်နှာရမယ့် လူက စာလုံးအကြီးကြီး တွေနဲ့ ရေးထားတဲ့ မြို့တော်ဝန် ဦးကိုလေးနဲ့ ဇနီးဖြစ်သူတို့ပဲ ဖြစ်မှာမလွဲပေမယ့် သူတို့ ကြီးမှူးလှူဒါန်းထားသူကတော့ အများ ကြည်ညိုလေးစားထိုက်တဲ့ ပုဂ္ဂိုလ် ဥပမာ (တိုင်းပြည်အပေါ် စိတ်ရင်းစေတနာမှန်နဲ့ အုပ်ချုပ်တဲ့ ခေါင်းဆောင်တစ်ယောက်) ဟုတ်ပါရဲ့လား။ 

ဘာအတွက် ရည်စူး လှူဒါန်းပေးခဲ့သလဲဆိုတာကတော့ အများ စိတ်ဝင်စားစရာပင်။

3 comments :

  1. Anonymous said... :

    လူတွေဆီက အတင်းအကြပ်ကောက်ပြီး အခွင့်အရေးမျှော်မှန်းပြီးလှူတဲ့အလှူဆိုတော့ ကုသိုလ်ထက် အကုသိုလ်ပဲ အကျိုးပိုပေးမှာပါ။
    အခုတော့ ဖြုတ်ပစ်လိုက်လို့  မေတ္တာပို့ နေလောက်ပြီ။

  1. Anonymous said... :

    အချိန်ကျရင်တော့အားလုံးတလမ်းသွားပါဘဲ။ မကောင်းတာလုပ်သူဟာကို့လိပ်ပြာကိုမလုံနောက်ဆုံးအချိန်ထိစိတ်ချမ်းသာမယ်မထင်.. သံသရာမကြောက်ကြရင်ပေါ့..

  1. TUN said... :

    မြို့တော်ဝန်ဟောင်း ဦးကိုလေး၏ သမီးမှ အတင်းရောင်းစားထားပြီး ယခုအခါတွင် မြို့တော်ဝန် ဦးလှမြင့် တက်လာသောအခါ (နိုင်ငံတော်) ၏ လိုအပ်ချက်အရ ဖယ်ရှားခဲ့ရသူတစ်ဦး၏ ဒုတ်ခအား ဘယ်သူလာ လုပ်ပေးမှာလဲ၊ သမတကြီးကကော သိနိုင်ပါ့မလား၊
    ဆိုင်ခန်းအတူတူဖျက်ရပြီး ဦးခင်မောင်ဖြူတို့ အုပ်စုမှ ရေခဲကမာအား ဗိုလ်ချုပ်ပန်းခြံတွင် နေရာပြန်ပေးထားသော ယခုလက်ရှိမြို့တော်ဝန် ဘာလုပ်နေသလဲ၊ နှဖူးမှ ချွေး ခြေမကျအောင် ရှာထားရသည့် ပိုက်ဆံများဖြင့် ခြစ်ကုတ်ပြီး ၀ယ်ထားရသည့် ပြည်သူတစ်ဦး၏ ဒုတ်ခ ဦးသိန်းစိန်အား သိရှိစေချင်ပါသည်။

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved