ငြိမ်းချမ်းပါစေ လိုင်ဇာမြေ
Thursday, January 24, 2013
 ဓာတ်ပုံ- နာရေးကူညီမှုအသင်း(ရန်ကုန်)~
 ကျော်သူ~
၂၁.၁.၂ဝ၁၃ ရက်နေ့ နံနက် (၇းဝဝ) နာရီအချိန်မှစ၍ ကချင်ပြည်နယ် လိုင်ဇာဒေသသို့ ငြိမ်းချမ်းရေး  
ဖော်ဆောင်မှုတစ်ရပ်အနေဖြင့် လမ်းလျှောက်ထွက်ခွာခဲ့ကြသော ကိုရန်နိုင်ထွန်း၊ ကိုမီးသွေး(ခ) ကိုဇော်မင်းနိုင်၊ ကိုဇင်ကိုကို၊ ကိုရဲထွဋ်အောင်၊ ကိုဖိုးကျော် အစရှိသည့် လူငယ်များ ဦးဆောင်၍ အမာခံ လူငယ် (၁၇) ယောက်ဖြင့် ရန်ကုန်မြို့ မြို့တော်ခန်းမရှေ့မှ စတင်ထွက်ခွါခဲ့ရာ လှည်းကူးမြို့သို့ ည (၉း၃ဝ) နာရီအချိန်တွင် ရောက်ရှိခဲ့ကြပြီး လှည်းကူးမြို့တွင် ညအိပ်ရပ်နားခဲ့ကြသည်။
 ၂၂.၁.၂ဝ၁၃ ရက်နေ့ နံနက် (၇းဝဝ) နာရီအချိန်မှ လှည်းကူးမြို့မှ ပဲခူးမြို့သို့ ဆက်လက်ထွက်ခွါခဲ့ရာ ငြိမ်းချမ်း ရေးလမ်းလျှောက်အဖွဲ့အား ယင်းနေ့ နံနက် (၁ဝး၄၅) နာရီအချိန်တွင် ပဲခူးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်အင်အား (၅ဝ) ကျော်တို့သည် လမ်းလျှောက်ထွက်ခွါသူများ၏ ကျောပိုး အိတ်နှင့် လက်များတွင်ကိုင်ဆောင်ထားသော ငြိမ်းချမ်းရေးအလံများကို ဖြုတ်သိမ်းမှသာ ဆက်လက်ထွက်ခွါ ခွင့်ပြုမည် ဆိုခဲ့ရာ နောက်ဆုံး၌ အလံများကိုဖြုတ်၍ ဆက်လက်ပြီး မိမိတို့၏ ခရီးအား ဆက်လက်နှင်ခဲ့ကြပြီး ည (၈း၃ဝ) နာရီအချိန်တွင် ပဲခူးမြို့ ဆရာတော် ဘန္ဒဒ္ဒတိလောက၏ သီရိမင်္ဂလာတပ်ဦးဝင်္ကပါ ဘုရားကျောင်းတွင် ညအိပ် ရပ် နားခဲ့သည်။ 
 ထိုသို့ ညအိပ်ရပ်နားစဉ် ၄င်းတို့ကြုံတွေ့ခဲ့ရသော အခက်အခဲများ လိုအပ်ချက်များကို နာရေးကူညီမှု အသင်း (ရန်ကုန်)သို့ ဆက်သွယ် အကူအညီတောင်းခံလာခဲ့ရာ အသင်းရှိ အလုပ်အမှုဆောင်များနှင့်   ပြည်ပသို့ ရောက်ရှိနေကြသော ဥက္ကဌ ဦးကျော်သူနှင့် အတွင်းရေးမှူး ဒေါ်ရွှေဇီးကွက်တို့က အကူ အညီပေးရန် ဆုံးဖြတ် ခဲ့ကြပြီး (၂၃.၁.၂ဝ၁၃) ရက်နေ့ နံနက် (၅းဝဝ) နာရီအချိန်တွင် နာရေးကူညီမှု အသင်း (ရန်ကုန်) ရုံးချုပ်မှ စတင်ထွက်ခွါ ခဲ့ကြပြီး အလုပ်အမှုဆောင် ဒေါ်စောသဉ္ဇာစိုးမှဦးဆောင်၍ အသင်းသား/သူအချို့ လိုက်ပါ ၍ ငြိမ်းချမ်းရေး လမ်း လျှောက်သူများ၏ လိုအပ်ချက်များကို ဖြည့် ဆည်းပေးနိုင်ရန် ထွက်ခွာ ခဲ့ကြသည်။ 
 ထို့အပြင် ငြိမ်းချမ်းရေးလမ်းလျှောက်သူများအဖွဲ့အား နာရေးကူညီမှုအသင်း (ရန်ကုန်)၏သုခကုသိုလ်ဖြစ်
ဆေးခန်း(ပဲခူး)မှ တာဝန်ခံ ဆရာဝန်မကြီး ဒေါက်တာရွှေပုံနှင့် ဆေးခန်းတာဝန်ရှိသူ များနှင့် သူနာပြု ဆရာဝန်များမှ ကျန်းမာရေးစစ်ဆေးမှုများ ပြုလုပ်ပေးခဲ့ကြပြီးလိုအပ်သော ကျန်းမာရေး ဆေးဝါးများ  
ဖြည့်ဆည်း အကူအညီ ပေးခဲ့သည်။ 
 ထို့နောက်ပဲခူးမြို့ရှိ သီရိမင်္ဂလာတပ်ဦးဝင်္ကပါ တပ်ဦးကျောင်းမှ ဆရာတော် ဘန္ဒဒ္ဒတိလောက အပါအဝင် ငြိမ်းချမ်းရေးလမ်းလျှောက်အဖွဲ့မှ ဆရာတော်များအား နေ့ဆွမ်းဆပ်ကပ် လှူဒါန်းခဲ့ပြီး ငြိမ်းချမ်းရေး လမ်းလျှောက် အဖွဲ့သားများအား နေ့လည်စာ (ထမင်း+ဟင်း)များဖြင့် ဧည့်ခံကျွေးမွေး ခဲ့သည့်အပြင် ချီတက်ရာ လမ်းတလျှောက် အစစအရာရာ အဆင်ပြေချောမွေ့စေရန် ဖြတ်သန်းရာ လမ်းတလျှောက်မြို့များရှိ လူမှုရေး အသင်းအဖွဲ့များ ဒေသခံ လူမှုရေးအဖွဲ့အစည်းများတို့မှ လိုအပ်သော အကူအညီများ ရရှိနိုင်စေရန် ချိတ်ဆက် အကူအညီများ ပေးခဲ့ကြသည်။ 
  ယခုကဲ့သို့ ငြိမ်းချမ်းရေးအတွက် လမ်းလျှောက်ထွက်ခဲ့ကြသူအများစုမှာ ငြိမ်းချမ်းရေးအတွက် တက်ကြွစွာ လှုပ်ရှားကြသော လူငယ်များဖြစ်ပြီး ခရီးပန်းတိုင်သို့ရောက်နိုင်စေရန်မှာ အခက်အခဲများစွာအား  ကျော်ဖြတ်ရဦးမည်ဖြစ်သည်။ 
ထို့ကြောင့် ၄င်းတို့အတွက် ငွေကြေး၊ ဆေးဝါးနှင့် အဝတ်အထည်များအပြင် အခြားအသုံးအဆောင် ပစ္စည်း များလည်း လိုအပ်ဦးမည်ဖြစ်သည်။ ထို့ကြောင့် ငြိမ်းချမ်းရေးအတွက် ဆက်လက်ချီတက် လှုပ်ရှားနိုင် ရန် အကူ အညီများလည်း လိုအပ်လျက်ရှိသည်။
 အလှူရှင်များအနေဖြင့် ကူညီလှူဒါန်းလိုပါက - ပြန်ကြားရေး - ကိုဇင်ကိုကို 09 – 420 70 3339 ဆက်သွယ်ရေး - ကိုအောင်အောင် 09 – 420 26 0191 ကိုရဲထွဋ်အောင် 09 – 730 03 893 ဘဏ္ဍာရေး - ကိုကျော်မင်းကျော် 09 – 421 11 1426 မခိုင်အေးဖြူ 09 – 425 02 0156 သို့ တိုက်ရိုက်ဆက်သွယ်၍ လှူဒါန်းနိုင်ကြပါသည်။ 
 နာရေးကူညီမှုအသင်း(ရန်ကုန်) အနေဖြင့်လည်း ငြိမ်းချမ်းရေးအတွက် အနစ်နာခံကာ စွန့်စားကြသော လူငယ်များ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွက် လူသားချင်း စာနာထောက်ထားသောအားဖြင့် ပြည်တွင်းစစ်၏ အနိဌာရုံများ အမြန်ဆုံး ရပ်တန့်စေရန်အလို့ငှာ ကူညီခဲ့ခြင်းဖြစ်သည်။ 
ထို့ကြောင့် ငြိမ်းချမ်းရေးအတွက် ရန်ကုန်မြို့မှ လမ်းလျှောက်၍ ကချင်ပြည်နယ် လိုင်ဇာမြို့အထိ ခရီးနှင်ကြမည့် လူငယ်များ လမ်းခရီးတွင် ရင်ဆိုင်ကြုံတွေ့ရမည့် သဘာဝအခက်အခဲ အနှောက်အယှက်၊ အတား အဆီးများအား ကြံ့ကြံ့ခံရင်ဆိုင်ဖြေရှင်းကာ အစစအရာရာ အဆင် ပြေ ချောမွေ့စွာ ခရီးပန်းတိုင်သို့ ရောက်ရှိ နိုင်ပါစေကြောင်းနှင့် ပြည်တွင်းရှိ စစ်ပွဲများလည်း အမြန်ဆုံး ရပ်တန့်ကာ စစ်၏သားကောင် တိုင်းရင်းသား တောရိုင်းပန်းကလေးများ လှပစွာ ဖူးပွင့်ဝေဆာ၍ အနာဂတ်မြန်မာနိုင်ငံအတွက် ငြိမ်းချမ်းခြင်း အုတ်မြစ်များ ခိုင်မာစွာ တည်ဆောက်နိုင်ပါစေကြောင်း ဆုမွန်ကောင်းတောင်း လိုက်ရ ပါတော့သည်။ 
0 comments :
Post a Comment
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved