ဒုက္ခသည် တသိန်းခွဲကို ပြန်ပို့ဖို့ ဆွေးနွေးနေကြသလား

Tuesday, January 29, 2013



ပြည်တော်မြင့် ~

ထိုင်းမြန်မာနယ်စပ် စခန်းတခုမှ ဒုက္ခသည် ကလေးများ (ဓာတ်ပုံများ - လောအယ်စိုး)
ထိုင်းနယ်စပ်ရောက် မြန်မာဒုက္ခသည် တသိန်းခွဲထက်မနည်းကို နေရပ်ရင်း  ပြန်ပို့နိုင်ရေး အစီအစဉ် ယခုနှစ်အတွင်း စတင်ရန်အတွက်  ရန်ကုန်နှင့် ထိုင်းနိုင်ငံ အခြေစိုက် ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ အရာရှိများ ယနေ့ နယ်စပ်ဒေသ မဲဆောက်မြို့တွင် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

အဆိုပါတွေ့ဆုံမှုနှင့် ပတ်သက်ပြီး မဲဆောက်မြို့  ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) ရုံးတာဝန်ရှိသူတဦးက  အတည်ပြုပြောကြားခဲ့သော်လည်း ဆွေးနွေးချက် အသေးစိတ်ကို ပြောဆိုခြင်း မရှိပေ။ 

ဆွေးနွေးပွဲသို့ ရန်ကုန် UNHCR ရုံးမှ အရာရှိ ၅ ဦး တက်ရောက်ကြောင်း၊ မြန်မာနိုင်ငံ နယ်စပ်ရေးရာဝန်ကြီးဌာန၏ ခွင့်ပြုချက်ရယူ ကာ ရန်ကုန်၊ ဘားအံ၊ မြ၀တီ လမ်းကြောမှာတဆင့် ယနေ့ မဲဆောက်သို့ရောက်ရှိလာခြင်းဖြစ်ကြောင်း၊  ကရင်ပြည်နယ် ခရီးစဉ်အတွက် ကရင်ပြည်နယ်အစိုးရက စီစဉ်ဆောင်ရွက်ပေးကြောင်း သိရသည်။


ဒုက္ခသည်များ နေရပ် ပြန်ပို့ရေး အစီအစဉ်သည်  လာမည့်ဇွန်လနောက်ပိုင်းတွင် အစပြုဖွယ်ရှိသည်ဟူသော သတင်း ထွက်ပေါ်နေသော်လည်း ထိုအစီအစဉ်ကို အောင်မြင်စွာ အကောင်အထည် ဖော်နိုင်ချေ မရှိကြောင်း မယ်လဒုက္ခသည်စခန်း ဥက္ကဌစောထွန်းထွန်းက ပြောသည်။

၎င်းက”ဖြစ်နိုင်ခြေလုံးဝမရှိဘူးလို့ပြောလို့ရတယ်။ ဒီကိစ္စ အစီအစဉ်ရှိရင်လည်း စနစ်တကျဖြစ်ဖို့ အချိန်တွေအများ ကြီးယူရအုံးမယ်။ ဒီလဆန်းပိုင်းက ထိုင်းပြည်ထဲရေးဝန်ကြီး မယ်လစခန်းကို လာပြီးပြောသွားတာရှိတယ်။ အစီအစဉ်ရှိရင်ကြိုတင်ပြောမယ်” ဟု စောထွန်းထွန်းက ဧရာဝတီသတင်းဌာနကိုပြောသည်။

 မြန်မာဒုက္ခသည် တသိန်းခွဲကျော်သည် တာ့ခ်၊ ရတ်ချဘူရီ၊ ၊ ကန်ချာနဘူရီ၊ မယ်ဟောင်ဆောင် စသည့် ခရိုင် ၄ ခုရှိ ဒုက္ခသည်စခန်း ၉ ခုတွင် ခိုလှုံလျက်ရှိသည်။


နို့ဖိုးဒုက္ခသည်စခန်းမှဒုက္ခသည်တဦးဖြစ်သည့် ကိုဌေးလွင်က
”လူဦးရေတသိန်းခွဲကျော်ကို ဖြစ်ကတတ်ဆန်း ပြန်ပို့ရင်တော့ အကုန်လုံး ဒုက္ခရောက်မှာ သေချာတယ်။  ထိုင်းက အမြန်ပြန်ပို့မယ် မြန်မာဘက်ကလည်းရတယ် ဆိုပြီးလုပ်နေတယ်၊ အမှန်က ဒုက္ခသည်တွေအတွက် ရေရာသေချာတဲ့ အစီအစဉ် သူတို့မှာဘာမှမရှိသေးဘူး။ လူကိုလူလို့မြင်ကြပါလို့ နှစ်ဘက်အစိုးရနဲ့ သက်ဆိုင်ရာ အဖွဲ့အစည်းတွေကိုပြောချင်ပါတယ်” ဟု ဆိုသည်။

စစ်ပြေးဒုက္ခသည်များ ခိုလှုံရာ စခန်းများ

နို့ဖိုး၊
အုန်းဖျန်၊
ဘန့်တုံယမ်း၊
ထမ့်ဟင်၊

မယ်လ၊
မယ်လာအူး၊
မယ်ရာမို၊
ကရင်နီဒုက္ခသည်စခန်းအမှတ် ၁ နှင့် အမှတ် ၂

ထိုင်းပြည်ထဲရေးဝန်ကြီးဌာန၏ ဒုတိယညွှန်ကြားရေးမှူး ယနေ့မဲဆောက်သို့ ရောက်ရှိလာပြီး စခန်း ၉ ခုမှ ထိုင်းပြည်ထဲရေးဝန်ထမ်း ၁၅၀ ကို  အုပ်ချုပ်ရေးဆိုင်ရာသင်တန်းတခုကိုလည်း လာရောက်ဖွင့်လှစ်ပေးခဲ့သည်။

၎င်းသင်တန်းသည် ဒုက္ခသည်များနေရပ်ပြန်ပို့ရေးနှင့် ဆက်စပ်မှု ရှိသည်ဟုလည်း ဒုက္ခသည်ရေးရာ လေ့လာသူများကပြောသည်။



ပြီးခဲ့သည့် နှစ်များအတွင်း နယ်စပ်စခန်းရောက် ဒုက္ခသည် အများအပြားသည် UNHCR ၏ အစီအစဉ်ဖြင့် အမေရိကန်ပြည်ထောင်စု နှင့် တခြားသော အနောက်နိုင်ငံများသို့ သွားရောက် အခြေချခဲ့ကြသည်။

ထိုသို့ တတိယနိုင်ငံတခုခုသို့ သွားရောက် အခြေချရေး အစီအစဉ်သည်  မြန်မာနိုင်ငံတွင်း အပြောင်းအလဲများ ဖြစ်ပေါ်လာပြီးနောက်ပိုင်းတွင် ပေါ်ပေါက်လာဖွယ်မရှိဟု အများက သုံးသပ်နေကြသည်။
ထိုအစီအစဉ်နေရာတွင် ဒုက္ခသည်အားလုံး  နေရပ်ပြန်နိုင်ရေး စမ်းသပ် အကောင်အထည်ဖော်မှုတချို့ ပေါ်ပေါက်လာသည်။

ဆက်စပ် -

 နိုင်ငံခြားသွားရတဲ့ ဒုက္ခသည်တွေ အဆင်ပြေကြသလား??
 ထိုင်းနယ်စပ် ဒုက္ခသည်များ ပြည်တော်ပြန်ဖို့ မ၀ံ့ရဲသေး

























-

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved