ကာတွန်းလိုင်လုဏ်ရဲ့ တကိုယ်တော်မိုက်ချက်

Saturday, January 12, 2013

~


    ရယ်စရာတွေနောက်မှ မောစရာတွေပါတတ်တယ်နော်။
 မြန်မာပြည်ရဲ့ လက်ရှိအခြေအနေမှာ ဖြစ်ပေါ်နေတဲ့ မောစရာတွေ၊
ဆင်ခြင်စရာတွေကို ကာတွန်းလိုင်လုဏ်ရဲ့ ကာတွန်းပြပွဲကို သွားကြည့်ဖြစ်ရင်သိမယ်လို့ အာမခံပါရစေ…


    ဖွံဖြိုးရေးစီမံကိန်းတွေကြောင့် သဘာဝပတ်ဝန်းကျင် နဲ့ လူမှုဘ၀ထိခိုက်မှုတွေကို သရော်ထားတဲ့ ကာတွန်းတွေ၊ မြန်မာ့နိုင်ငံရေး အပြောင်းအလဲမှာ သတိထားသင့်တဲ့ အကြောင်းအရာတွေကို ရေးဆွဲထားတဲ့
ကာတွန်းလိုင်လုဏ် ရဲ့ ရောင်းရန်မဟုတ်ပါ (Not For Seal) တကိုယ်တော် ကာတွန်းပြပွဲကို   မင်္ဂလာတောင်ညွန့်မြို့နယ်မှာရှိတဲ့ Myanmar Ink Art Gallery မှာ ဒီမနက် စတင်ပြသခဲ့ပါတယ်။


    ကာတွန်းဆရာလိုင်လိုဏ်က သူ့ကာတွန်းတွေကို graphics tablet အသုံးပြုပြီး ရေးဆွဲတာ ဖြစ်တဲ့အကြောင်းပြောပါတယ်။ သူ့စကားအရတော့ လျှပ်စစ် ကျောက်သင်ပုန်း တဲ့။

“တချို့ကလည်း စာရွက်ပေါ်မှာရေးတာ မဟုတ်တော့ တမျိုးပြောကြတာ ရှိတယ်။ တယ်လီဖုန်းတွေတောင် အရင်က လက်လှည့်ဖုန်း တွေ။ အခုဒါမျိုးတွေမှ မဟုတ်တော့တာ။ နည်းပညာကို အသုံး ပြုတာပါပဲ” လို့ လိုင်လိုဏ်က ပြောပါတယ်။

လိုင်လိုဏ်က ကာတွန်းတွေ အဆက်မပြတ်ဆိုသလို ဆွဲပြီးတော့ သူ့ပရိသတ် အများအပြားရှိတဲ့ ဖေ့စ်ဘုတ်မှာ တင်လေ့ရှိပါတယ်။

“ဒီကာတွန်းတွေ ဖန်တီးဖြစ်တာက social media ကနေတဆင့် ကြားရတဲ့သတင်းတွေ ကြောင့် ရေးဆွဲဖြစ်တာများပါတယ်။ သတင်းတွေကလည်း တနေ့တနေ့ အများကြီး ဆိုတော့ ကာတွန်းတွေလည်း အများကြီး ရေးဖြစ်တယ်”  လို့ ကာတွန်းဆရာက ရှင်းပြပါတယ်။

“social mediaတွေနဲ့ အလှမ်းဝေးတဲ့ သူတွေ အတွက် ရည်ရွယ်ပြီးလုပ်တာ လည်းဖြစ်ပါ တယ်။ နောက်ပြီး ကျွန်တော်တို့ တိုင်းပြည်ရဲ့ လက်ရှိအခြေအနေမှာ အကုန်လုံး ရောင်းနေရတာမျိုးဖြစ်နေတယ်၊ အဲဒါတွေကိုလည်း သတိထားဖြစ်အောင် ဒီပြပွဲကို လုပ်တာဖြစ်တယ်” လို့ သူက ဆက်ပြောပါတယ်။

အခုပွဲမှာ လိုင်လိုဏ်က ကာတွန်းပေါင်း ၃၀ ကျော်ပြသထားတာပါ။
   
        ကာတွန်းပြပွဲကို တက်ရောက်အားပေးတဲ့ ၈၈မျိုးဆက်ကျောင်းသားအဖွဲ့ဝင် ကိုထွန်းမြင့်အောင်က “သူ့ကာတွန်းတွေဟာခေတ်စနစ် ရဲ့ အနာ အဆာ တွေကို ဓာတ်မှန်ရိုက်ပြတာဖြစ်ပါတယ်” လို့ သုံးသပ်ပါတယ်။

ကိုထွန်းမြင့်အောင်
“ကာတွန်းဆရာတွေကတော့ သူ့တာဝန်ကျေတယ် ပေါ့၊  ဒီအနာအဆာတွေကို ကုစားဖို့ဖြေရှင်းဖို့ နိုင်ငံရေးပါတီတွေ၊  အရပ်ဖက် အဖွဲ့အစည်းတွေ နောက်ပြီး ပြည်သူ တ ဦးချင်းစီမှာ တာ ၀န်ရှိပါတယ်” လို့  ကိုထွန်းမြင့်အောင်က ဆက်ပြောပါတယ်။
အော်ပီကျယ်
ဖွင့်ပွဲကို တက်ရောက်လာသူများထဲမှာ ကာတွန်းအောင်ပီကျယ်လည်း ပါဝင်ပါတယ်။

    “အခုခေတ်မှာ တကိုယ်တော်ပြပွဲလုပ်တာ တော်တော်မိုက်လို့ လုပ်နိုင်တာပါ၊ သူ မိန်းမ မရသေးလို့ မိုက်နိုင်တာ၊ ဒီလိုပွဲတွေ ဆက်လုပ်နိုင်ဖို့ မိန်းမ မရဖို့ ဆုတောင်းပေးရမှာပဲဗျ၊ မိုက်ကန်းတယ်တို့၊ ရူးသွပ်တယ်တို့ ဆိုတာ အနုပညာ အလုပ်တွေမှာ အရေးကြီးပါတယ်၊ အခု သူ့ရင်ထဲမှာရှိတာကို တွေ့ရပါတယ်” လို့ ကာတွန်းပြပွဲဖွင့်ပွဲမှာ အမှတ်တရစကား ပြောပေးတဲ့ ကာတွန်းဆရာအော်ပီကျယ်က ဆိုပါတယ်။

spectrum ကွန်ရက် တာဝန်ရှိသူတဦးဖြစ်တဲ့  ကိုမော်ထွန်းအောင်
    ဒီပွဲကိုSpectrum(Sustainable Development Knowledge Network) ကနေ စီစဉ် ဆောင်ရွက်တာပါ။  ကာတွန်းများ စိတ်ဝင်စားတယ် ဆိုရင်ဖြင့် ၁၄ ရက်နေ့အထိ နံနက် ၁၀ နာရီကနေ ည ၈ နာရီအတွင်း သွားရောက် ကြည့်ရူနိုင်ပါတယ်။

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး လှုံ့ဆော်သူ ဒေါ်ဒေ၀ီသန့်စင်



































--

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved