မန္တလေးကျောက်သမားများ လမ်းပေါ်ထွက်ရန် အသင့်ရှိနေ

Friday, February 22, 2013




မန္တလေးမြို့ မဟာအောင်မြေ ကျောက်မျက်ဈေး နေရာ ပြောင်းရွှေ့ရမည်ဆိုပါက  လူအင်အား သောင်းဂဏန်းအထိ လမ်းပေါ်ထွက် ဆန္ဒပြမည်ဟု ကျောက်သမားတို့က ယနေ့ သတင်းစာရှင်းလင်းပွဲလုပ်ပြီး ပြောလိုက်သည်။

 မဟာအောင်မြေကျောက်မျက်ဝိုင်း မြင်ကွင်းတခု (ဓာတ်ပုံများ - မန်းသားလေး/ဧရာဝတီ)
နေရာမပြောင်းရေးကော်မတီတခုကို လွန်ခဲ့သည့် ၂ ရက်က ဖွဲ့စည်းလိုက်သည်ဟု ဆိုသည်။

“ခုဆို ကျွန်တော်တို့က ကျောက်အရောင်းအ၀ယ်ထက် ခုလက်ရှိ ကျောက်မျက်ဝိုင်း မပြောင်းရွှေ့ရေး အဓိကထားပြီး ဆောင်ရွက်နေပါတယ်။
ပြောင်းရွှေ့ဖို့ ဆိုတာ ဖြစ်လာခဲ့ရင် ဆန္ဒထုတ်ဖော်ဖို့တွေ ဖြစ်လာမှာပါ။ ဖြစ်လာခဲ့ရင်လည်း လူအင်အား ငါးသောင်းကျော်နဲ့ တသိန်း ၀န်းကျင်ကြား ဖြစ်လာဖို့တွေ ရှိနေပါတယ်” ဟု
မန္တလေးကျောက်ဝိုင်း မပြောင်းရွှေ့ရေးကော်မတီ ဥက္ကဋ္ဌ ဦးစိန်ဝင်းက ပြောသည်။

၈၄ လမ်း D&G စားသောက်ဆိုင် သတင်းစာရှင်းလင်းပွဲတွင် ထိုသို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။

ကျောက်မျက်ဈေးသစ် အစီအစဉ်

ကျောက်မျက်ဈေးအသစ်ကြီးကို မန္တလေးမြို့ တောင်ဘက် ဆင်ရွာနှင့် မြင်းမူကျေးရွာတွင် မြေဧက ၆ဧကနှင့် တည်ဆောက်သွားမည် ဖြစ်သည်။

ဈေးသစ်ကြီးတွင် ဆိုင်ခန်းများ တည်ဆောက် သွားမည်ဖြစ်ကြောင်း၊ နိုင်ငံတကာအဆင့်မီ ကျောက်စိမ်းဈေးကွက်ကြီး ဖြစ်ပေါ်ရန်တွက် အဓိကထား လုပ်ဆောင်နေခြင်း
ဖြစ်ကြောင်း ဈေးသစ် ဖြစ်မြောက်ရေး လုပ်ဆောင်နေသည့် အေးအေးခိုင် ကျောက်မျက်ကုမ္ပဏီမှ ကိုစိုးနိုင်က ပြောသည်။

“မန္တလေး ကျောက်ဝိုင်း ရွှေ့ရမယ်၊ မရွှေ့ရဘူး ဆိုတာ တိုင်းဒေသကြီးအစိုးရအဖွဲ့တွေက ညှိနှိုင်းပေးပါလိမ့်မယ်။
ကျွန်တော်က လက်ရှိ မြေဧကတွေကို လှူပြီး နိုင်ငံတကာ ကျောက်မျက်ဈေးကြီးတခု ဖော်ဆောင်ဖို့အတွက် လုပ်နေတာပါ” ဟု ကိုစိုးနိုင်က ဆိုသည်။

၎င်းတို့ကုမ္ပဏီအနေဖြင့် တိုင်းဒေသကြီး အစိုးရအဖွဲ့ထံသို့ မြေဧက ၂၀ ကျော် လှူဒါန်းပြီး ကျောက်စိမ်းဘုရားအတွက် မြေ ၂ ဧက၊ ကျောက်မျက်ဈေးအတွက်
မြေ ၆ ဧက နှင့် ကျောက်ဝိုင်းဈေးသူ ဈေးသားများအတွက် ၁၂ ဧက အသုံးပြုရန် လှူဒါန်းထားပြီး ဖြစ်သည်။

ဌာနဆိုင်ရာက ဘာပြောသလဲ

တိုင်းဒေသကြီးအစိုးရက ဈေးသစ် တည်ဆောက်ခွင့်ပြုထားသော်လည်း လက်ရှိ ကျောက်မျက်ဝိုင်းရွှေ့ပြောင်းရေးကိစ္စနှင့် ပတ်သက်ပြီး  တစ်စုံတစ်ရာ ပြောဆိုထားခြင်း မရှိသေးကြောင်း၊  မန္တလေးမြို့တော် စည်ပင်ကလည်း ယင်းကျောက်မျက်ဝိုင်းကို ဖျက်သိမ်းမည် ဆိုသည့်စာ ထုတ်ပြန်ထားခြင်း မရှိသေးကြောင်း သိရသည်။

သို့သော်လည်း မန္တလေးတိုင်းဝန်ကြီးတဦးဖြစ်သည့် ဦးသန်းစိုးမြင့်က မန္တလေးတွင်  ကျောက်မျက်ဈေးကွက်၊ လေလံစနစ် စသည်တို့  ဖွံ့ဖြိုးစေရေးအတွက်  လုပ်ဆောင်သွားမည် ဖြစ်ကြောင်း ပြည်တွင်းသတင်းဂျာနယ်တစ်ခုတွင် ပြောကြားခဲ့သေးသည်။

သစ်တောနှင့် သတ္တုတွင်းဝန်ကြီး ၀န်ကြီး ဦးသန်းစိုးမြင့်၏ မီဒီယာပြောကြားချက်ကို ကျောက်မျက်ဝိုင်းအဖွဲ့သားများ ကန့်ကွက်ကြောင်း လက်မှတ်ထိုးရာ  လူအင်အား တသောင်း ကျော်သွားကြောင်း သိရသည်။

ကျောက်မျက်ဈေး မပြောင်းရွှေ့ရေး တောင်းဆိုချက်ကို ထိုလက်မှတ်များနှင့်အတူ
သမ္မတထံ စာတင်သွားမည် ဖြစ်ကြောင်း ကျောက်ဝိုင်းအကျိုးတော်ဆောင် ဒုဥက္ကဋ္ဌ ဦးဇော်ဇော်က ပြောသည်။

ကျောက်မျက်လုပ်ငန်းရှင် တစ်ဦးဖြစ်သော ကိုဖြိုးကလည်း အောက်ပါအတိုင်း ပြောသည်။
“၀န်ကြီးကတော့ အဲလို ပြောသွားတာ။ တကယ့်တကယ် ကျွန်တော်တို့ကို ဒီဈေးကြီးနဲ့ ပတ်သက်လို့ တစ်စုံတရာ မေးမြန်းခြင်း ညှိနှိုင်းခြင်းတွေ မရှိပါဘူး။
အဲဒီဈေးဘက်က သွားရေး လာရေး အင်မတန် ခက်ခဲပါတယ်။ နောက်ပြီး လက်လုပ်လက်စား ကလေးငယ်တွေနဲ့ အခြေခံ ကျောက်မျက်လုပ်ငန်းသမားတွေအတွက်
 ဒုက္ခရောက်မယ့် ကိန်းပါ။ ဒါ့ကြောင့် ကျွန်တော်တို့ကတော့ ဒီကျောက်မျက်ဈေးကြီးကို မရွှေ့ပြောင်းစေချင်ပါဘူး”

ကျောက်ဝိုင်းကို  အမှီပြု လုပ်ကိုင် စားသောက်နေသူတို့က နေရာ  မပြောင်းရွှေ့ရေးတွက် တရားဝင် နည်းလမ်းပေါင်းစုံဖြင့် အစွမ်းကုန် ကြိုးစားဆောင်ရွက်သွားမည် ဟု ဆိုသည်။

 ၂၀၀၀ ပြည့်နှစ်က စတင်ဖွင့်လှစ်ခဲ့သည့် လက်ရှိ မန္တလေး ကျောက်ဝိုင်းတွင်  နေ့စဉ် ကျောက်မျက် အရောင်းဝယ် လုပ်ဆောင်နေသည့် ကျောက်သမား သုံးသောင်းဝန်းကျင်  ရှိကြောင်း သိရသည်။

မန်းသားလေး ~





1 comments :

  1. MM said... :

    အေးအေးခိုင် ကုမ္ပဏီ မှ ဦးစိုးနိုင်ဆိုတာ ဘယ်သူလဲ? ဒီအကြောင်းသတင်းထဲ ထဲ့၇င် ပိုပြီး ပြည့်စုံတဲ့ သတင်းတစ်ပုဒ် ဖြစ်မှာဘဲ

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved