ဆင်းရဲမွဲတေသူတွေ တိုက်ဖျက်ခံရတဲ့ ကလေးမြို့

Thursday, February 14, 2013

စစ်ကိုင်းတိုင်း ကလေးမြို့မှာ မနက်ဖြန်ကျရင် ဒုသမတ ဒေါက်တာစိုင်းမောက်ခမ်း လာမယ်ဆိုပြီးတော့ စည်ပင်က ရှင်းလင်းရေးတွေ လုပ်နေတာဟာ နည်းလမ်းတကျမဟုတ်တဲ့အတွက် ကလေးမြို့ မီးခွက်ဈေးလို့ခေါ်တဲ့ ဒေသခံတောင်သူတွေ လာရောင်းတဲ့ ဈေးလေးက ဈေးသည်တွေ ဒုက္ခရောက်နေရတယ်လို့ ဈေးသည်တွေက ဧရာဝတီကို ဆက်သွယ်ပြောပြလာပါတယ်။ 

 
ကလေးမြို့အ၀င် ဆိုင်းဘုတ် (ဓာတ်ပုံ - rezar9)


“မနက်ကတည်းက ဈေးကောက်ကို ရှေ့က ကောက်သွားတယ်။ နောက် နာရီဝက်လောက်နေတော့ ဆိုင်တွေကို အကုန်လိုက်သိမ်းတယ်။ ကားတွေရောက်လာပြီးတော့ ဈေးဘမ်းတွေ၊ ပစ္စည်းတွေ၊ ထီးတွေ အကုန် ကားပေါ်တင်သိမ်းသွားတယ်။ အမှန်တော့ သမတလာမှာမို့ သိမ်းခိုင်းတယ်ဆိုရင်လည်း မနက်ကတည်းက ဈေးကောက်ကောက်ကတည်းက ပြောရမှာ ဖယ်ခိုင်းရမှာ” လို့ မီးခွက်ဈေး၊ ဈေးသည်တွေက ပြောပြပါတယ်။ 

 ဈေးသည်တွေဟာ သတ်မှတ်ထားတဲ့အတိုင်း ဈေးအကောက်ခွန် ၂၀၀ ကျပ်ပေးရပြီး၊ ဈေးမခင်းရတဲ့အခါမျိုးဆိုရင် ဈေးအခွန်ကောက်ချိန်မှာပဲ ဈေးမခင်းဖို့ တားလေ့ရှိပေမယ့် ဒီနေ့ ဈေးခွန်လိုက်ကောက်တဲ့အချိန်မှာ စည်ပင်က ဈေးမခင်းရတဲ့အကြောင်း ဘာမှမပြောဘူးလို့ ပြောပါတယ်။ 

“ထီးတလက် ၃ သောင်းပေးဝယ်ထားတာ။ တနေ့ ၂၀၀ နှုန်းနဲ့ဆပ်နေရတာ အဲ့ဒါတွေ ဆပ်လို့တောင် မကြေသေးဘူး ပါသွားပြီ။ ရောင်းစရာတွေလည်း အကုန်ပါသွားပြီ။ ကြိုပြောရင် ရရဲ့သားနဲ့။ အခုတော့ ပစ္စည်းတွေပြန်လည်းမရတော့ဘူး။ ငွေလည်းဆုံးပြီရှင့်” လို့ ဈေးသည်တယောက်က ပြောပြပါတယ်။ 

“ဖရဲသီးနဲ့ ပန်းတွေရောင်းတဲ့ ဆိုင်တန်းတွေကိုလည်း မပြောမဆိုနဲ့ သစ်ပင်တွေ ရေဖြန်းတာဆိုပြီး မီးသတ်ပိုက်တွေနဲ့ လိုက်ထိုးပစ်တော့ ဖရဲသီးတွေလည်း ကွဲ၊ ပန်းတွေလည်း ရစရာမရှိတော့ဘူး။ ဆင်းရဲမွဲတေမှု ပပျောက်ရေး တိုက်ဖျက်မယ်ဆိုပြီး လက်တွေ့မှာတော့ ကလေးမြို့က ဈေးသည်တွေကို မွဲတေအောင် လိုက်လုပ်နေတာ” လို့ သူက ပြောပါတယ်။ 

မီးခွက်ဈေးမှာတင်မက လမ်းဘေးဈေးသည်တွေလည်း ဒီလိုအဖြစ်မျိုး ကြုံရလို့ ကလေးမြို့ စည်ပင်ရဲ့ လုပ်ရပ်ကို တာဝန်ရှိသူတွေက အရေးယူပေးစေလိုတယ်လို့ ကလေးမြို့ ဈေးသည်တွေက ဆိုပါတယ်။

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved