ရဲတိုက်ပြောပြတဲ့ ရဲတိုက်ငယ်ဘဝ

Thursday, February 14, 2013

~




ခင်လေးမြင့်
/Teen မဂ္ဂဇင်း ~
 
လူတိုင်း လူတိုင်းရဲ့ ဘ၀လမ်း တွေမှာ ချောမွေ့ ဖြောင့်ဖြူးတယ် ဆိုတာမျိုး မရှိပါဘူး။ အနည်းနဲ့ အများတော့ ကြိုးစား ရုန်းကန် ရစမြဲပါ။

လူရယ်လို့ ဖြစ်လာပြီး ဘ၀အတွက် အသိဉာဏ်တွေ မပြည့်စုံ ခင်မှာ ကိုယ့် မိသားစု၊ ကိုယ့်ဘ၀ အတွက် ရုန်းကန်ကြိုးစား ခဲ့ရသူများ ရှိမှာပါ။
အထူးသဖြင့် ဆယ်ကျော်သက် ဘ၀ကို ချင်းနင်း ၀င်ရောက်မယ့် ကာလမျိုးမှာ ဘ၀ တစ်ဆစ်ချိုး ပြောင်းလဲတာမျိုး တွေနဲ့ ကြုံရတတ် ပါတယ်။
စာရေးသူဆို ၆ တန်းနှစ်မှာ ဖခင် ဖြစ်သူက ကျန်းမာရေး အခြေ အနေကြောင့် ပင်စင်ယူ ရပါတယ်။
အဲဒီ အချိန်မှာ မိသားစု ၃ ယောက်တည်း ရှိတဲ့ စာရေးသူရဲ့ ဘ၀မှာ မိခင် ဖြစ်သူနဲ့ စာရေးသူ တို့က စားဝတ် နေရေးအတွက် တာဝန်ယူရ ပါတော့တယ်။
ဖခင်ဝန်ထမ်း ဘ၀တုန်းက ဖခင်ရဲ့ လစာနဲ့ အဆင်ပြေ ပေမယ့် ပင်စင်ယူချိန် မှာတော့ အဆင်ပြေလှ တယ်ချင်း မဟုတ်တော့ ပါဘူး။
အဲဒီ အချိန်က စပြီး အိမ်ရဲ့စားဝတ်နေရေး ဆိုတာကြီးက ခေါင်းထဲမှာ အကန့်တစ်ကန့် အနေနဲ့ နေရာယူ လာပါတော့တယ်။

ဘ၀ရဲ့ပန်းတိုင် တစ်ခုဖြစ်တဲ့ ပညာရေး ဆိုတဲ့ အကန့်ရယ်၊ စီးပွားရေး ဆိုတဲ့ အကန့်တွေ ၀င်လာတာကြောင့် ဆယ်ကျော်သက် ဘ၀ အိမ်မှာ အိပ်လိုက်၊ စားလိုက်၊ စာကျက်လိုက်၊ ကျောင်းတက်လိုက် ဆိုတဲ့ အရသာတွေ မတွေ့ခဲ့ရ သလိုပါဘဲ။
လူ့ဘ၀ တွေမှာ ကြုံတွေ့ရမှု တွေက အမျိုးမျိုး အဖုံဖုံ ရှိပါတယ်။ ဒီနေ့ ဒီအချိန်မှာ မြန်မာပြည်က ပရိသတ် တော်တော်များများ သိထားတဲ့ ရဲတိုက်မှာလည်း ၆ တန်း ကျောင်းသား ဘ၀မှာ ဘ၀ရဲ့အပြောင်း အလဲတွေ ကြုံတွေ့ခဲ့ ရပါတယ်။
၁ နှစ်သား အရွယ်မှာ ဘ၀ အပြောင်းအလဲ စတင် ကြုံတွေ့ရတယ် ဆိုတာက ရဲတိုက်ရဲ့ မိခင်က အဲဒီ အချိန်မှာ ဆုံးပါးသွား ခဲ့တာကြောင့်ပါ။
၇ တန်း စတက်ချိန်မှာ အိမ်မှာနေပြီး ကျောင်းမတက် ရတော့ဘဲ အဆောင်ပဲ နေပြီး ကျောင်းဆက်တက် ခဲ့ရပါတယ်။


“ကျွန်တော်ရယ်၊ ကျွန်တော့်ညီက ပြင်ဦးလွင်မှာ အဆောင်သွား နေရတယ်။ အဖေကတော့ တောင်ကြီးမှာပဲ ကျန်ခဲ့တယ်။
ကျွန်တော်က သားကြီး ဆိုပေမယ့် အကြီးနဲ့ သက်ဆိုင်တဲ့ ဦးဆောင်မှုမျိုး ဘာတစ်ခုမှ မလုပ်ခဲ့ ဖူးဘူး။
ကစားတာ၊ သွားတာ၊ စားတာ ကအစ အားလုံးက ဒီလိုပဲ နေလာခဲ့တာ ဆိုတော့ အဲဒီအချိန် ရောက်တော့ အကြီး ဖြစ်သွားပြီ။ အဲဒီ အချိန်မှာ ကိုယ့်ကိုယ်ကိုယ်လည်း တည့်မတ်နိုင်အောင် ကြိုးစားရမယ်။
နောက်မှာ ညီလေးတွေလည်း ရှိတယ်လေ”
လို့ ရဲတိုက်က ၁၁ နှစ်သား အရွယ်မှာ ရှိခဲ့တဲ့ စိတ်ဓာတ်အနေ အထားကို ပြောပြခဲ့ ပါတယ်။

အသက် ၁၁ နှစ်၊ ၁၂ နှစ် အရွယ်က မိဘတွေရဲ့ ရင်ခွင်ကြားမှာ ခေါင်းတိုးဝှေ့ နေရမယ့် အချိန်ပါ။ ဒါပေမဲ့ အဲဒီလို အချိန်မျိုးမှာ မိဘဆွေမျိုး မဟုတ်သူတွေရဲ့ အုပ်ချုပ်မှု အောက်မှာ ရဲတိုက်က နေရတာ ဖြစ်ပါတယ်။
တခြား သူတွေရဲ့ အုပ်ချုပ်မှု အောက်မှာ နေထိုင်ရတာ လွတ်လပ်မှု အပြည့်အ၀ မရှိတာ အမှန်ပါ။

“အိမ်မှာ လွတ်လွတ်လပ်လပ် နေပြီး စာလည်း သိပ်မကြိုးစား ခဲ့ဘူး။ ကစားပဲ မက်ခဲ့တယ်။ အဆောင်မှာ စနေ ကတည်းက အချိန် ဇယားနဲ့ နေရတယ်၊ စာတွေ အများကြီး လုပ်ရတယ်။
ကျွန်တော်ဆို ၇ တန်းနှစ်က စပြီး ကျောင်းစာဘက်မှာ အာရုံစိုက်ဖို့ ကိုယ့်ကိုယ်ကိုယ် ထိန်းကျောင်းမှု လုပ်ခဲ့တယ်။
ဘာဖြစ်လို့ လဲဆိုတော့ အမေ မရှိတော့ဘူး ဆိုတဲ့ အချိန်မှာ ကိုယ့်ဘ၀ကိုယ် ရပ်တည်နိုင်အောင် ကိုယ်ဖြစ်ချင်တဲ့ အနေ အထားမှာ အမြဲတမ်း နေရအောင် ပညာ တတ်မှဖြစ်မယ်၊ စာကြိုးစားမှ ဖြစ်မယ်ဆိုတာ အဲဒီ အရွယ်မှာ သိခဲ့တယ်။
နဂိုက မကြိုးစားဘဲ နေခဲ့တဲ့ စာကို စကြိုးစားတဲ့ အချိန်မှာ ကြိုးစားတဲ့ အသီးအပွင့် လေးတွေ စပြီးခံစား ရတယ်။
အရင်က မရဘူး ခဲ့တဲ့ အဆင့် ၁ တို့၊ ဘာတို့ စရဖူးတယ်။ အဲဒီကနေ တောက်လျှောက် စာပဲ ကြိုးစားခဲ့တယ်”
လို့ တခြား သူတွေရဲ့ လက်အောက်မှ နေရချိန် ပြောင်းလဲသွားတဲ့ စိတ်နဲ့ ပတ်သက်ပြီး ရဲတိုက်က ပြောပြခဲ့ ပါတယ်။

အလယ်တန်း ကျောင်းသား ဘ၀အလွန် အထက်တန်း ကျောင်းသားဘ၀ ရောက်ချိန်မှာ ငယ်စဉ်က ဘယ်လောက်ပဲ လိမ္မာခဲ့ လိမ္မာခဲ့၊ ပတ်ဝန်းကျင်ရဲ့ အထိအတွေ့၊ အတွေ့အကြုံ တွေကြောင့် ဆိုးကြတာမျိုး ရှိပါတယ်။
 မိန်းကလေးလည်း မိန်းကလေး အလျောက်၊ ယောက်ျားလေးလည်း ယောက်ျားလေး အလျောက် ဆိုးတတ်ကြ တာပါ။
အားလုံး လိုလိုက သတ်မှတ်ကြတဲ့ ဘ၀ တစ်ဆစ်ချိုး ပြောင်းနိုင်တယ် ဆိုတဲ့ ၁၀ တန်း အချိန်မှာ ရဲတိုက်ရဲ့ ဘ၀ မှာလည်း ပြောင်းလဲမှု ထပ်ကြုံ ရပါတယ်။
၁၀ တန်းကျောင်းသား အရွယ်ကလည်း တကယ့် ဆယ်ကျော်သက် ဘ၀ပါ။ ဆယ်ကျော်သက် ဘ၀ စတင်ချိန်မှာ ဆိုးသွမ်း ခဲ့ရမှုနဲ့ ပတ်သက်ပြီး



“အရင်အချိန် တွေမှာ စာပဲ ကြိုးစား ခဲ့ပေမယ့် ဆယ်ကျော်သက်မှာတော့ ရည်းစားကိစ္စ ရှုပ်လာတယ်။ ပညာရေး ဘက်မှာ နည်းနည်း ထိခိုက်လာတယ်။
ကျောင်းပြေးတာမျိုး ဖြစ်လာပြီး အဆောင်မှူးက ရိုက်တာတွေ ခံရတယ်။ ၁၀ တန်းနှစ် ရောက်တဲ့ အချိန်မှာ အဖေက နောက်အိမ်ထောင် ပြုသွားပြီ။
နောက်အိမ် ထောင်ပြုတဲ့ အချိန်၊ ကျွန်တော်ကလည်း ၁၀ တန်းနှစ် ဆိုတော့ အိမ်နဲ့လည်း အဆင် မပြေဘူး။
အိမ်နဲ့လည်း အဆင်မပြေ အဆောင်နဲ့လည်း အဆင်မပြေတဲ့ နှစ်လို့ ဆိုရမှာပေါ့။ ၁၀ တန်းနှစ်မှာ ဘယ်သူနဲ့မှ အဆင် မပြေခဲ့ဘူး”

လို့ ဘ၀တစ် ဆစ်ချိုး ဆယ်ကျော်သက် ဘ၀မှာ ကြုံတွေ့ ရတာကို ရဲတိုက်က ပြောတာပါ။
မိခင်ကို ချစ်တဲ့ သားတစ်ယောက် အနေနဲ့ မိခင်ရဲ့နေရာမှာ တစ်ခြား တစ်ယောက်က အစားထိုး ၀င်ရောက်လာတဲ့ အခါမျိုးမှာ ခံစားရတဲ့ ခံစားမှု မျိုးကို ဘယ်သူမှ သိနိုင်မယ် မထင်ပါဘူး။

မိခင် မရှိတော့တဲ့ အတွက် ဘ၀အတွက် ကြိုးစား ရုန်းကန်ရမယ် ဆိုတဲ့ အားမွေးချိန်မှာ ဒီလိုအဖြစ် အပျက်မျိုးနဲ့ ကြုံရတဲ့ အခါ ထားရှိတဲ့ စိတ်တွေကို ပြောင်းလဲတတ် တာလည်း သဘာဝပါ။
ဒါက ကြုံတွေ့ရတဲ့ အတွေ့အကြုံ ရင့်ကျက်မှု နည်းတာသေးလို့ ဖြစ်နိုင်သလို လူငယ်ဆိုတဲ့ စိတ်ကြောင့်လည်း ဖြစ်နိုင်ပါတယ်။
ဆယ်ကျော်သက် ဘ၀ကို ရောက်တဲ့ အချိန်မှာ ဘယ်လို အဆိုးတွေ ဆက်လုပ်ဖြစ်တယ် ဆိုတာနဲ့ ပတ်သက်ပြီး

“၁၀ တန်းနှစ်မှာ ဘယ်သူနဲ့မှ အဆင် မပြေတဲ့သူ ဖြစ်ခဲ့ဖူးတယ်။ အဲဒီမှာ ကိုယ်လုပ်ချင် တာတွေ ဇွတ်လုပ်ခဲ့တယ်။
နဂိုက ကြိုးစား လာခဲ့ပေမယ့် ဆယ်ကျော်သက်မှာ တခြား လွှမ်းမိုးမှုတွေ ခံရလာပြီ။ ပန်းတိုင် ပျောက်သလို ဖြစ်သွားရတယ်။
အဲဒါကြောင့် ၁၀ တန်း စစချင်း နှစ်မှာ စာမေးပွဲ မဖြေဖြစ်ဘူး။ နောက်တစ်နှစ် ကျတော့ အဆောင်မှာ မနေတော့ဘဲ တောင်ကြီးကို ပြန်တယ်။
တောင်ကြီး အ.ထ.က (၆)မှာ ၁၀ တန်း ပြန်ဖြေတယ်။ စာကို ပြန်လုပ်တယ်။ ဒါပေမဲ့ ကံမကောင်းဘူး။ ကျွန်တော်က ကျောင်းမတက်ဘူး။ ကျူရှင်တက်တယ်။
အိမ်မှာပဲ စာကျက်ခဲ့ တာလေ။ အဲဒီလိုလုပ်ရင်း အိမ်တာဝန်တွေ ယူခဲ့တယ်။ ဆိုလိုတာက ကျွန်တော်နဲ့ အတူ ကျွန်တော့်အဘွား၊ ကျွန်တော့်ညီတွေ နေတယ်။ ထမင်းချက်၊ ဈေးဝယ် အဲဒါတွေ အစအဆုံး လုပ်ပေးတယ်။
အဲဒီလို ဆိုတော့ လူကနည်းနည်း ပင်ပန်းသွားပြီး စိတ်ဓာတ်ကျ သွားတယ်။ နောက်ဆုံး စာမေးပွဲကို စာမကျက် ဘဲနဲ့ သွားဖြေတဲ့ အဆင့်ထိ ရောက်သွားခဲ့တယ်။
အဲဒီတော့ ၁၀ တန်းကို ရိုးရိုးပဲ အောင်ခဲ့တယ်“
လို့ ပြန်ပြောင်း ပြောပြခဲ့ ပါတယ်။

စာကိုပဲ ကြိုးစားမယ် ဆိုတဲ့ စိတ်ကို အသက် ၁၅ နှစ်ကျော်အထိ မွေး လာခဲ့ပေမယ့် မိသားစု အပြောင်း အလဲကြောင့် စိတ်ဓာတ်တွေ ပြောင်းခဲ့ရ တာပါ။
ကိုယ့်ကိုယ်ကိုယ် မှီခိုလို့ ရနိုင်တာ စာပဲဆိုတဲ့ အသိက ၁၀ တန်း နှစ်ထိပဲ ရှိပေမယ့် တကယ်လက်တွေ့ ဘ၀ထဲ ၀င်ရတဲ့ ၁၀ တန်းဖြေပြီး ချိန်မှာတော့ စိန်ခေါ်မှု တစ်ရပ် ရဲတိုက်ဆီမှာ ရှိလာခဲ့ပါတယ်။

“စာနဲ့ပတ်သက် ပြီး လျော့ထားတဲ့ စိတ်ဓာတ်၊ ကျနေတဲ့ စိတ်ဓာတ်တွေက ကိုယ့်ဘ၀ ရပ်တည်မှုနဲ့ ပတ်သက်ပြီး ပြန်တက်လာတယ်။
ကိုယ်ဝါသနာ ပါတဲ့ အလုပ်ကို လုပ်မယ်ဆိုပြီး စိတ်ဓာတ်တွေ ပြန်တက်ကြွ လာပြီး အိမ်ပြန်တယ်။
အဖေ့ အလုပ်ကို ၀င်ကူတယ်။ ကျွန်တော်နဲ့ သိပ်အဆင် မပြေဘူး။ အဲဒီ အချိန်မှာပဲ ရန်ကုန်မှာ ကျောင်းဆက် တက်မယ်ဆိုပြီး S.A.E တက်တယ်”
လို့ ဘ၀အတွက် အပြောင်းအလဲ ဖြစ်မှုကို ရဲတိုက်က ပြောပြခဲ့ပါတယ်။

ရဲတိုက်က ၁၀ တန်း ပထမ နှစ်ကို မဖြေဖြစ်ခဲ့တာက ဖြေနိုင်တဲ့ အင်အား မရှိခဲ့လို့ပါ။ အဆောင်ကနေ ထွက်ပြေးတာမျိုး ထိလည်း ရှိခဲ့ပါတယ်။
အဆောင်က ထွက်ပြေးတာ၊ စာမေးပွဲ ဖြေချင်စိတ် မရှိတာမျိုးက ကိုယ့်စိတ်ကိုယ် အလိုလိုက် မိတာမျိုးပါ။
 ရှေ့မှာ ကြိုးစား ခဲ့ရတာ တွေက ကိုယ့်စိတ်ကိုယ် အလိုလိုက် မိတာနဲ့ ဆုံးရှုံးရတော့တာပါပဲ။
အသက် အရွယ်နဲ့ မမျှခံရတဲ့ စိတ်ဖိစီးမှု တွေကို မကျေမနပ် ဖြစ်ရင်း ဘ၀တက် လမ်းကိုရိုက်ချိုး ပစ်သလို ဖြစ်ခဲ့ ရတာပါ။
စိတ်ဖိစီးမှုတွေ များလာချိန် ရဲတိုက် လုပ်လိုက်တဲ့ အရာနဲ့ ပတ်သက်ပြီး

 “ကျွန်တော် အရာ အားလုံးကို ပစ်ချလိုက်တယ်။ နောက်ဆုံး မိုင်ကုန် လက်လျှော့ ရမယ်ဆိုရင် ၁၀ တန်းမှာ ဂုဏ်ထူး ၃ ခုပါနိုင်တယ်။ အဲဒါက ပထမနှစ် ၁၀ တန်းမှာ ကတည်းက မှန်းထားတာ။
၁၀ တန်းကို နှစ်နှစ်တောင် နေပြီးတဲ့ အချိန် အဲဒီလောက် ကျွန်တော် မှန်းသင့်တယ်လေ။ ဒါပေမဲ့ အဲဒါလည်း ကျွန်တော် မလိုချင်တော့ဘူး။
စာမေးပွဲ မဖြေခင်မှာ အဖေတို့ နောက်အိမ်ထောင်က နောက်ထပ် သားသမီး တစ်ယောက် ထွန်းကားတယ်။
အဖြစ် အပျက်တွေက တစ်နှစ်နဲ့ တစ်နှစ် သေးသေး မသွားဘဲ ပိုပြီးကြီး လာတော့ လူက စိတ်နည်းနည်း နာလာတယ်။
ဒါကြောင့် ၁၀ တန်း စာမေးပွဲကို စာမကျက်ဘဲ စိတ်လွတ် ကိုယ်လွတ် သွားဖြေတယ်။ စာမေးပွဲ ခန်းထဲမှာ ဖြေလို့ဝရင် ပြန်ထွက်လာတယ်။
ကျွန်တော့်အတွက် ပျော်ရွှင်စရာ မရှိတဲ့ အချိန်မှာ အဲဒါကို ကျွန်တော်က ပျော်ရွှင်စရာ အဖြစ် လုပ်ပစ်လိုက်တယ်”
လို့ ဆိုပါတယ်။

၁၀ တန်း စာမေးပွဲမှာ ထူးထူး ချွန်ချွန်နဲ့ ပင်ပင်ပန်းပန်း ဖြေဖို့ဆိုတာ ကိုယ်တိုင် လိုချင်တာ မဟုတ်တဲ့အတွက် မကြိုးစားဘဲ ဖြတ်ချလိုက်ခဲ့တာ ဖြစ်ပါ တယ်။

“ဒီအချိန်မှာ ပြန်စဉ်းစားရင် ကျွန်တော့်ဘ၀မှာ ကြီးမားတဲ့ အမှား ဆိုတာ သေသေချာချာ သိလာရတယ်”
လို့ ဆယ်ကျော် သက်ဘ၀မှာ ဆုံးဖြတ်ချက် မှားခဲ့မှု အပေါ် ပြန်ပြီး သုံးသပ်ပြတာ ဖြစ်ပါတယ်။

၁၀ တန်းကို ထူးထူး ချွန်ချွန်နဲ့ မအောင်မြင် ခဲ့ဘဲ ရိုးရိုးပဲ အောင်မြင်ခဲ့တဲ့ အကျိုး ရလဒ်က နောင်တစ်ချိန်မှာ အနည်းနဲ့ အများ ထိခိုက်ခဲ့ရ ပါတယ်။

 “ထူးထူး ချွန်ချွန်နဲ့ အောင်မြင်ခဲ့ရင် အလုပ် တစ်ခုကို စလုပ်တဲ့ အခါ Confidence  ပိုဖြစ် လိမ့်မယ်။
အလုပ် တစ်ခုကို ဘယ်လောက်ပြီး မြောက်အောင် လုပ်နိုင်လဲ ဆိုတဲ့ စွမ်းရည်ကို ၁၀ တန်းမှာ ထူးထူးချွန်ချွန် အောင်မြင်ခဲ့ရင် သိသွားမှာပဲ။
၁၀ တန်းမှာ အဖျားရှူး ထားတဲ့အတွက် ကျန်တဲ့ နောက်တစ်ခုကို စလုပ်ရပြီ ဆိုတဲ့အချိန် နည်းနည်း စိုးရိမ်စိတ် ဖြစ်တယ်။
ငါဟာ အလုပ် တစ်ခုကို လုပ်ရင် အဖျားရှူး သွားတတ်တဲ့ သူလားဆိုတာ မသိရသေးခင် မှာတော့ Confidence က မရဘူး”
လို့ ထိခိုက်ဆုံးရှုံး ခဲ့ရမှုကို ရဲတိုက်က ပြောပြ ခဲ့ပါတယ်။


မိသားစု အခက်အခဲ ပြဿနာ တွေကို ဆယ်ကျော်သက် ဘ၀မှာ ကြုံခဲ့ရတဲ့ ရဲတိုက်က ဆယ်ကျော်သက် ဘ၀မှာ ကတည်းက ဒါပြီးရင် ဘာလုပ်မလဲ ဆိုတာမျိုး စဉ်းစားခဲ့ တာပါ။
၁၀ တန်း စာမေးပွဲ ဖြေပြီးချိန်မှာ မိသားစု ပြဿနာ ရှိနေပေမယ့် အလုပ်ထဲမှာ စိတ်နှစ်ပြီး ညီတွေအတွက် အလုပ်လုပ်ခဲ့ ပါတယ်။
အလုပ်လုပ်တဲ့ အချိန်မှာတော့ အခြားသူ တွေနဲ့ လွယ်လင့်တကူ ဆက်ဆံလို့ ရတဲ့လူမျိုး မဟုတ် ခဲ့သလို၊ အဆင်ပြေအောင် လုပ်ဆောင်နိုင်တဲ့လူမျိုးမဟုတ်ခဲ့တာမို့၊ အဆင်မပြေမှု တွေလည်း ရှိခဲ့တာပါ။
ကိုယ့်ကိုယ်ကိုယ် ဆုံးဖြတ်ချက် ချပြီး ၀ါသနာ ပါတဲ့ အနုပညာ အလုပ်ကို လုပ်ဖို့ ရန်ကုန်ကို ရောက်လာ ခဲ့ပါတယ်။
ပြောင်းလဲ လုပ်ကိုင်ဖို့ ရည်မှန်းချက် တစ်ခုချပြီးတဲ့ အချိန်မှာလည်း စိတ်ဓာတ် တွေပြန်ပြီး တက်ကြွလာ ပြန်ပါတယ်။

၁၀ တန်း ဖြေပြီးချိန်၊ အိမ်က အလုပ်တွေ လုပ်နေတဲ့ အချိန်မှာတော့ ဘ၀အတွက် ကြိုးစား ရုန်းကန် ရတာတွေ သိပ်မရှိတော့ဘဲ ဖတ်ချင်တဲ့စာ ဖတ်ခွင့်ရတာ၊ လည်ပတ်သွား ချင်တဲ့ နေရာတွေကို သွားခွင့်ရတာ မျိုးတွေ ရဲတိုက်မှာ ရခဲ့ပါတယ်။
အဲဒီကာလမှာ ကိုယ်ဘာ ဖြစ်ချင်လဲ၊ ဘာဆက်လုပ် ရမလဲ ဆိုတာကို သေသေချာချာ စဉ်းစားဆုံးဖြတ် နိုင်ခဲ့လို့ ဒီအချိန်မှာ အဆင်ပြေနေတာ ဖြစ်မှာပါ။
ဆုံးဖြတ်ချက် မှားမှာကြောက်တဲ့ စိတ်တွေ ရှိခဲ့လို့လည်း ဆုံးဖြတ်ချက်အမှန်တွေကို ရဲတိုက်က ချနိုင်ခဲ့တာ ဖြစ်ပါတယ်။

ရဲတိုက်ရဲ့ အသက် ၁၅ နှစ်၊ ၁၆ နှစ် အရွယ်မှာ မိခင်လည်း မရှိတော့သလို အုပ်ချုပ်မှု ပေးနိုင်တဲ့ ဖခင်ရဲ့ စီးပွားရေး ကလည်း ယိမ်းယိုင် လာတာကြောင့်
အပြောင်းအလဲ များစွာနဲ့ ကြုံခဲ့ ရတာပါ။
ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည် နိုင်ရမယ် ဆိုတဲ့ မောင်းနှင်အား၊ မခံချင်စိတ်၊ ကြိုးစားချင်စိတ်၊ ကိုယ့်ဘ၀ကို ပီပီပြင်ပြင် တည်ဆောက်ချင်တဲ့ စိတ်တွေကြောင့်လည်း ဆုံးရှုံး မှုတွေကို ပြန်လည် အနိုင်ယူ နိုင်တာ ဖြစ်ပါတယ်။
မိဘရဲ့ အရိပ်နဲ့ မေတ်္တာကို မရနိုင်တော့တဲ့ အသိ ရှိခဲ့တာကြောင့် ကိုယ်တိုင်လုပ်ယူ လို့ရတဲ့ ပညာရေး ပိုင်းကို ရဲတိုက်က ကြိုးစား ခဲ့တာပါ။
ရဲတိုက်ရဲ့ဆယ်ကျော်သက် ဘ၀ကို ပြန်တွေးကြည့်ရင် ပင်ပန်းခဲ့ ပါတယ်။
 ဒါ့ကြောင့် ဆယ်ကျော်သက် ဘ၀၊ အချိန်တွေကို ဒီအချိန်ထိ ရဲတိုက်က မကျေမနပ် ဖြစ်နေတုန်းပဲလို့ ဆိုပါတယ်။
ကိုယ့်ထက် အမြှော်အမြင် ကြီးတဲ့၊ သြဇာအာဏာ အပြည့်အ၀ မလွှမ်းမိုး နိုင်တာကြောင့် ကစားချိန်၊ စာကျက်ချိန်၊ အပေါင်းအသင်း ရွေးချယ်မှု တွေကို ဆုံးဖြတ်တဲ့ ဆုံးဖြတ်မှု လွဲချော်ခဲ့ရ တာကြောင့် ဆယ်ကျော်သက် ဘ၀ကို မကျေနပ်တာပါ။

“လူငယ် တစ်ယောက်ရဲ့ လွတ်လပ်ခွင့်၊ လူငယ် တစ်ယောက် လုပ်ရမယ့် အလုပ်တွေ မလုပ် ရတာကြောင့် အသက်ကြီး လာတဲ့ အချိန်တချို့ နေရာတွေမှာ ပိန်းတဲ့သူ ဖြစ်လာတယ်။
အဲဒီလို Balance မညီတာ မျိုးကို လက်မခံနိုင်တဲ့ အတွက် အသက်ကြီး လာတဲ့အခါ Balance ညှိရတဲ့ အလုပ်က အလုပ် တစ်ခုလို ဖြစ်လာခဲ့တယ်”
လို့ ရဲတိုက်က ဆိုပါတယ်
ဘယ်သူပဲ ဖြစ်ဖြစ် ဆယ်ကျော်သက် ဘ၀ကို ဖြတ်သန်း ကြရမှာပါ။
 ဖြတ်သန်း ခဲ့ရတဲ့ ဆယ်ကျော်သက် ဘ၀တွေမှာ ပျော်စရာ တွေလည်း ရှိခဲ့သလို စိတ်ညစ်စရာ တွေလည်း ရှိမှာပါ။
ရဲတိုက်ရဲ့ ဆယ်ကျော်သက် ဘ၀ကတော့ ပျော်စရာတွေ ရှားပါးခဲ့ပြီး စိတ်ပင်ပန်း စရာတွေ ရှိခဲ့တယ် ဆိုတာ သိကြမှာပါ။
 ရဲတိုက်က တောင်ကြီးမှာ မွေးဖွားပြီး ညီအကို ၃ ယောက်ရှိကာ အကြီးဆုံး သားလည်း ဖြစ်ပါတယ်။
အခု အချိန်မှာတော့ ၀ါသနာ ပါတဲ့ အနုပညာ အလုပ်ကို လုပ်ရင်း ရန်ကုန်မှာပဲ နေထိုင် နေတာပါ။
၂၀၀၆ ခုနှစ် ကစပြီး ရန်ကုန်ရောက် လာရင်း ဘ၀အတွက် ဘာလုပ်ချင်လဲ၊ ၀ါသနာ ပါတဲ့ အလုပ်က ဘာလဲ ဆိုတာကို သေချာရွေးချယ် ဆုံးဖြတ် လုပ်ခဲ့တဲ့ ရဲတိုက်က အခုအချိန် မှာတော့ သရုပ်ဆောင် လမ်းကြောင်းပေါ် လျှောက်လှမ်း နေပါပြီ။

ဘယ်လိုပဲ လျှောက်လှမ်း နေပါစေ ဆယ်ကျော် သက်ဘ၀မှာ ကြုံတွေ့ရတဲ့ သင်ခန်းစာ၊ အခက်အခဲ တွေကို ဒီအချိန်မှာ ပြန်လည် အသုံးချ၊ ဆင်ခြင်နိုင်မယ်လို့ ထင်မိပါတယ်။



(Teen မဂ္ဂဇင်း၊ စက်တင်ဘာလ ၂၀၁၁) ကြယ်ပွင့်တို့ရဲ့ အတိတ်ပုံရိပ်      http://www.shweamyutay.com ကနေ ကူးယူ ဖော်ပြပါတယ်။






















-

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved