မွမ်းမံနေရတဲ့ နယ်စပ်တံတား

Wednesday, February 20, 2013

~



ပြင်ဆင်နေတဲ့ ချစ်ကြည်ရေးတံတား (ဓာတ်ပုံ- ပြည်တော်မြင့်/ဧရာဝတီ)

နယ်စပ်ကုန်သွယ်ရေးတွင်အရေးပါသည့် မဲဆောက်-မြ၀တီတံတား ကြံ့ခိုင်ရေးကျဆင်းနေသည့် အတွက်  ဘတ်သန်း ၄၀ အကုန်ခံ မွမ်းမံလျက်ရှိသည်။

(ခန့်မှန်းတွက်ချက်မှု ~ ဘတ်သန်း ၄၀ = ဒေါ်လာ ၁၄ သိန်း သို့မဟုတ် ကျပ် သန်း ၁,၀၀၀)
ကုန်တန်ချိန် ၁၂ တန်အောက်ယာဉ်များသာ သွားလာနိုင်တော့သည့် တံတားကို  တန်ချိန် ၃၀ ယာဉ်များ သွားလာနိုင်ရန်အတွက် မွမ်းမံခြင်းဖြစ်သည်ဟု လုပ်ငန်းခွင်ရှိ ထိုင်းအင်ဂျင်နီယာတဦးက ဆိုသည်။

၎င်းက ”ဒီတံတား ပြင်ပြီးသွားရင်တော့ လက်ရှိထက်ကို နှစ်ဆခွဲလောက် ခံနိုင်ရည်ရှိလာမှာ။ အခုသွားနေတာတွေက ၁၂ တန်အောက်ယာဉ်တွေပဲ” ဟုပြောသည်။

ယခင်က ဤတံတားပေါ်တွင် တန် ၅၀ ရှိ ကုန်တင်ကားများ ဖြတ်သန်း သွားလာခဲ့သည်။

၂၀၀၆ နောက်ပိုင်း တံတား ခံနိုင်ရည် ကျဆင်းခဲ့ပြီးနောက် ယာဉ်ငယ်များဖြင့်သာ ကုန်ပစ္စည်းများ သယ်ဆောင်ရသည့်အတွက် ကုန်စည် စီးဆင်းမှုကို နှောင့်နှေးလာသည်ဟု ထိုင်းနှင့်မြန်မာကုန်သည်များက ပြောသည်။

မွန်းမံမှု လုပ်ငန်းခွင်ကို ယခုလဆန်းပိုင်းတွင် စတင်ခဲ့ပြီး တံတားကြံ့ခိုင်မှုကျဆင်းခြင်းကို အဓိကဖြစ်စေသည့် ထိုင်းဘက်ပိုင်း တိုင်အမှတ် ၈၊ မြန်မာဘက်ပိုင်း တိုင်အမှတ် ၆ တို့ကို ပြင်ဆင်လျက်ရှိသည်။

ထိုင်းနိုင်ငံက တည်ဆောက်ခဲ့သော ဤချစ်ကြည်ရေးတံတားကို  ၁၉၉၇  သြဂုတ် ၁၅ တွင် ဖွင့်လှစ်ခဲ့သည်။

ထိုင်းသည် ၂၀၁၅ ခုနှစ်တွင် ဒေသအတွင်း ပေါ်လာမည့် အာဆီယံစီးပွားရေးအသိုက်အ၀န်း (AEC) အတွက် ကြိုတင်ပြင်ဆင်နေပြီး အိမ်နီးခြင်းနိုင်ငံများနှင့် ကုန်သွယ်မှု  တိုးမြှင့်မည့် အစီအစဉ်များကို စတင် ဆောင်ရွက်လျက်ရှိသည်ဟု တာ့ခ်ခရိုင် ကုန်သည်ကြီးများအသင်းက ပြောသည်။
မဲဆောက်မြို့အနီး အထူးစီးပွားရေးဇုန်စီမံကိန်းကို AEC အကောင်အထည် မပေါ်မီ  အပြီး တည်ဆောက်သွားမည်ဟု ထိုင်းအစိုးရက ပြောထားသည်။

ထိုစီမံကိန်းတွင် တံတားသစ်တခု တည်ဆောက်ရေးလည်း ပါဝင်သဖြင့် မဲဆောက်ဒေသတွင် နယ်စပ် တံတား ၂ ခု ကို တွေ့မြင်ရတော့မည်ဖြစ်သည်။



ပြည်တော်မြင့် ~




0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved