ဒေါက်တာစိုင်းမောက်ခမ်း မြ၀တီသွားရင် ဘာသံကြားရမလဲ

Tuesday, February 19, 2013


~



ပြည်တော်မြင့် ~



ဒုသမ္မတ ဒေါက်တာစိုင်းမောက်ခမ်း မြ၀တီခရိုင်သို့ မနက်ဖြန် လာရောက်မည်ဆိုသည့် သတင်းကြောင့် ဒေသခံတချို့က  မြေယာ မတရား သိမ်းခံရယူမှုများ နှင့် တခြားအခက်အခဲများအကြောင်း ရင်ဖွင့်ရန် ပြင်ဆင်နေကြသည်။

 ဒုသမ္မတ လာရောက်လေ့လာမည့်မြ၀တီမြို့ (ဓာတ်ပုံ- ပြည်တော်မြင့်/ဧရာဝတီ)

မြေနီကုန်းရပ်ကွက်တွင် နေထိုင်သည့် မလေးက -
”ကျွန်မတို့ရဲ့မြေတွေ  သိမ်းပြီး အိမ်တလုံးစာဘဲ ပြန်ပေးတယ်။ ကျန်တာတွေကိုအကွက်ရိုက်ပြီး သူတို့ပြန်ရောင်းစားတယ်။ ဒီလို မတရားလုပ်တာကို မနက်ဖြန် မြ၀တီမှာလုပ်မဲ့ ဒုသမ္မတနဲ့လူထုတွေ့ဆုံပွဲကို တက်ခွင့်ရရင် တင်ပြမယ်” ဟု ဧရာဝတီကိုပြောသည်။

မြေသိမ်းခံရသူ နောက်တဦးဖြစ်သည့် မ၀င်းက ”မြေနီကုန်းမှာ ကျွန်မမြေက ပေ ၂၀၀xပေ ၆၀ ပတ်လည် ရှိတယ်။  အဲဒါကိုသိမ်းပြီး ပေ ၃၀x၆၀ ပဲ ပြန်ပေးတယ်။ 
ရပ်ကွက်ထဲမှာ သူတို့ အဲလိုလုပ်တာ အိမ်ခြံမြေဧက ၃၀ ကျော်တယ်။ အိမ်ခြေက ၄၇ လုံးရှိတယ်။ ပြောမယ် ဆိုတာက တနယ်လုံးမှာ မတရား လယ်ယာမြေ အသိမ်းခံနေရတဲ့လူတွေအတွက် ဖြစ်တယ်” ဟု ပြောသည်။

နိုင်ငံရေးပါတီကြီးတခုမှအဖွဲ့ဝင်တဦးကလည်း
-  မြ၀တီခရိုင်အတွင်း ဖြစ်ပွားနေသည့် လယ်ယာမြေကိစ္စ အပါအ၀င် မြ၀တီနှင့်ထိုင်းဘက်ခြမ်း မဲဆောက်တွင်မြန်မာအလုပ်များ ကြုံတွေ့နေရသည့် အခက်အခဲများ နှင့် မတရားခေါင်းပုံ ဖြတ်ခံရမှုများ၊
 နှစ်နိုင်ငံနယ်ခြား သောင်ရင်းမြစ်အတွင်းရှိ ရေလယ်ကျွန်းတွင် ဒုစရိုက်သမားတို့ အုပ်စုဖွဲ့ လှုပ်ရှားပြီး  နေရပ်ပြန် မြန်မာအလုပ်သမားများအပေါ် အနိုင်ကျင့်ဗိုလ်ကျမှု စသည့် ကိစ္စရပ်များကို ဖြေရှင်းပေးရန်ဒု သမ္မတကိုတောင်းဆိုမည်ဟု ဆိုသည်။

ကရင်ပြည်နယ် မြ၀တီခရိုင်အတွင်း   မြေယာ အသိမ်းခံရသူများ၏ အဆိုအရ မြေသိမ်းမှု အများစုအတွက် တာဝန်ရှိသူမှာ နယ်ခြားစောင့်တပ်အမှတ် ၁၀၂၂ ဖြစ်ကြောင်း၊ အတွင်းမဲကနယ်၊ အပြင်မဲကနယ်၊ ဖားကျောင်းဒေသများတွင် ဧက ၆၆၀ ခန့်၊ ဝှေ့ ရှမ်းအရပ်တွင်ဧက ၄၀၀ ကျော်ရှိကြောင်း ပြောသည်။

နယ်ခြားစောင့်တပ်ရဲ့ တုံ့ပြန်ချက် -
ထိုသို့ ပြောဆိုမှုများနှင့်ပတ်သက်၍အမှတ် ၁၀၂၂ နယ်ခြားစောင့်တပ်မှ တပ်မှူးတဦးက -
”ဒီလူတွေ ပေါက်ကရတွေ လျှောက်ပြောနေတာပါ။ ကျွန်တော်တို့က လူထုပိုင် လယ်ယာမြေတွေကို ဘယ်တော့မှ မတရား မလုပ်ဘူး။ တရားဥပဒေရှိပါတယ်” ဟု ပြောသည်။

မနက်ဖြန်စတင်မည့် ခရီးစဉ်တွင် ဒုသမ္မတစိုင်းမောက်ခမ်းနှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများသည် မြ၀တီ ကုန်သွယ်ရေး ဇုန်၊ အထက်တန်းကျောင်း၊ မြို့နယ်ဆေးရုံကြီးတို့ကို
လေ့လာမည်ဖြစ်ပြီး ၎င်းနောက် ဒေသခံလူထုများနှင့် တွေ့ဆုံမည်ဟု မြ၀တီခရိုင်မှ အစိုးရ၀န်ထမ်းတဦးက ပြောသည်။
 










0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved